သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ ယာယီအပစ်ရပ်တဲ့အပေါ် သုံးသပ်သူတွေရဲ့အမြင်


ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံ (The Kokang)
ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံ (The Kokang)

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆက်လက်ခိုင်မာဖို့ ဆက်ဆွေးနွေးသွားမှာဖြစ်သလို နယ်စပ် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့အတွက်လည်း တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ညှိနှိုင်းသွားမှာဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ ညီနောင်မဟာမိတ် အဖွဲ့တွေက သိမ်းယူထားတဲ့မြို့တွေ ပြန်လည် လွဲပြောင်းရေးကိစ္စဟာ ရေရှည် ငြိမ်းချမ်းရေး ရယူဖို့အတွက် အတားအဆီး ဖြစ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။


စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရက္ခိုင် AA တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမြို့မှာ ဆွေးနွေးပြီး ယာယီအပစ်ရပ်ဖို့ ဒီလ ၁၁ရက်နေ့က သဘောတူညီခဲ့ကြကြောင်း၊ နှစ်ဘက် အခြေအနေ လိုအပ်ချက်အရ ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး တခြားကိစ္စတွေကို ထပ်ပြီး ညှိနှိုင်းဆွေးနွေးသွားမယ့်အကြောင်း ကိုးကန့်အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲက ရရှိခဲ့တဲ့ နှစ်ဘက် သဘောတူညီချက်တွေကို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို သတင်း ထုတ်ပြန်ထားပါတယ်။

“ ကျနော်တို့ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ မြောက်ပိုင်း ၃ဖွဲ့နဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ ကျနော်တို့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ပါတယ်။ ကျနော်တို့ ဆက်လက် ဆွေးနွေးသွားဖို့လည်း ရှိပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုခိုင်မာဖို့အတွက်လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ ကိုယ်စားလှယ်တွေအကြားမှာ ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ရက်ကနေ ၁၃ရက်မှာ တကြိမ်၊ ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၂ရက်ကနေ ၂၄ရက်ကနေ တကြိမ် ဆွေးနွေးခဲ့ပြီး အခုအကြိမ်ဟာ တတိယအကြိမ် ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂လခွဲကျော်ကာလမှာ ရှမ်းမြောက်ဒေသ မြို့ပေါင်း တဒါဇင်ကျော်နဲ့ စစ်စခန်းပေါင်း ၂၀၀ကျော်ကို သိမ်းပိုက်ထားတာပါ။ စစ်ကောင်စီနဲ့ ညီနောင် ၃ဖွဲ့အကြား လောလောဆည် နှစ်ဘက် ယာယီအပစ်အခတ် ရပ်စဲခဲ့ပေမဲ့ ဒီသိမ်းယူထားတဲ့နယ်မြေတွေကို လက်လွှတ်ဖို့ ညှိနှိုင်းရာမှာ အတားအဆီး ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

“ အဲဒီဒေသတွေကို ညီနောင်သုံးဖော်က လက်လွှတ်ဖို့ လိုတယ်ဆိုတဲ့ အဆိုပြုချက်ကိုလည်း ညီနောင်သုံးဖော်က လက်မခံပါဘူး။ အဲဒီ ပြဿနာဟာ လတ်တလောအားဖြင့် အပြန်အလှန် စစ်ရေးအရ ထိုးနှက် တိုက်ခိုက်နေမှုတွေကို လတ်တလောအရ ရပ်ဆိုင်းသွားနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ အဓိပ္ပါယ်အရ ပြောရလို့ရှိရင် အဲဒီဒေသတွေက ညီနောင် သုံးဖော်က သိမ်းပိုက်ပြီး အခုက မြို့ပြ အုပ်ချုပ်ရေးတွေ ၊ လုံခြုံရေးကိစ္စတွေ ဆက်လက် အကောင်အထည်ဖော်မယ်လို့ ကြေညာသွားပြီးပါပြီ။ ဒါကြောင့်မို့ ညီနောင် သုံးဖော်နဲ့ လုပ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုဟာ အကန့်အသတ်နဲ့ ယာယီမျှသာဖြစ်ပြီးတော့ ရေရှည်မှာ အောင်မြင်နိုင်ဖွယ်လည်း မရှိဘူး။ လက်တွေ့မှာ အကောင်အထည်ဖော်နိုင်စရာ အကြောင်းအချက် ဘာမှ မရှိပါဘူး။”

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာလည်း PSLF ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တာ့အိုက်ဖုန်းက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေကို တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲပြီး အုပ်ချုပ်သွားမယ်လို့ ထည့်သွင်း ပြောကြားထားပါတယ်။ ရှမ်းမြောက်ဒေသက သတင်းတွေကို အစဉ်တစိုက်ရေးသားဖော်ပြနေတဲ့ ဒေသခံ သတင်းသမားတဦးကလည်း လက်ရှိ ရရှိထားတဲ့ သဘောတူညီချက်အပေါ် အခုလို ရှုမြင်ကြောင်း ပြောဆိုပါတယ်။

“ ကျနော်မြင်တာကတော့ ဒီဆွေးနွေးပွဲဖြစ်တာကလည်း အဓိက တရုတ်ဖိအားပါတယ်။ စကစက လည်း တရုတ်ကို ကြားဝင် ညှိနှိုင်းခိုင်းတာတွေ ရှိတယ်။ ဒါပေမဲ့ သူ့ဘက်ကလည်း လေသံလျှော့တာတွေ မရှိဘူး။ သူက ဒီ သိမ်းထားတဲ့ မြို့တွေကို နောက်ပြန်ဆုတ်ခိုင်းတယ်။ ညီနောင် တပ်ဖွဲ့ကလည်း သိမ်းထားတဲ့မြို့တွေ နောက်ပြန်မဆုတ်ဘူး။ တင်းမာမှုကြားထဲကနေ ဒါ တတိယအကြိမ်ဖြစ်လာပြီ။ အဓိက ကျနော် သိရသလောက် တရုတ်ကတော့ တွေ့တာ ၃ကြိမ်လောက်ရှိပြီ။ ဒါမျိုးက အဖြေထွက်သင့်တယ် ဆိုတဲ့ ဖိအားတွေရှိလို့ အပစ်ရပ်လိုက်တဲ့ သဘောမျိုးလို့ပဲ ယူဆတယ်။ ဒီဟာက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်လာမယ်။ လက်နက်ကြီးတွေ ဆက်ပစ်လာမယ်ဆိုရင် အကြောင်းပြချက် တခုပေါ်လာရင်တော့ တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်လာမယ့် အလားအလာတွေတော့ ရှိတယ်ဗျ။ အခုလောလောဆည် သိရသလောက် တရုတ်ဖိအားကြောင့်ပဲ ရပ်ထားတဲ့အနေအထားလို့ လောလောဆည် သိရတယ်။”

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့အကြား သဘောတူညီချက်မှာ မနေ့ ဒီဇင်ဘာ ၁၁ရက်နေ့ တရုတ်နိုင်ငံ၊ ကူးမင်းစံတော်ချိန် ည ၁၀နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ) အချိန်က စတင်ပြီး အပစ်ရပ်ဖို့ ၊ ညီနောင် မဟာမိတ်အဖွဲ့တွေဘက်က တပ်စခန်းတွေ၊ မြို့တွေ ထပ်မံတိုက်ခိုက်သိမ်း ပိုက်တာတွေ မလုပ်ဖို့ ၊ စကစဘက်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ မလုပ်ဖို့ သဘောတူထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီနေ့ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာမှာ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ မြန်မာပြည်သူလူထုနဲ့ အတူ တသားတည်းရှိနေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ ယာယီအပစ်ရပ်ရေးဟာ ရခိုင်ပြည်နယ်ပါ မပါကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG