သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ ဒုတိယအကြိမ်ဆွေးနွေးပွဲပျက်


ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင် သုံးဖွဲ့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီချက် တစုံတရာမရဘဲ ပျက်သွားခဲ့ပါတယ်။ အဓိကအားဖြင့် တပ်နေရာချထားရေးနဲ့ ကုန်သွယ်ရေးလမ်းကောင်းတွေ ပြန်ဖွင့်ရေးကိစ္စတွေမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒီစည်းဝေးပွဲကို တက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

လာမယ့်နှစ် ဇန်နဝါရီလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ပဲ ပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ မြောက်ပိုင်းညီနောင်(၃) ဖွဲ့နဲ့ စစ်ကောင်စီအကြား ဒီဇင်ဘာလ (၁၁) ရက်ကနေ (၃၁) ရက်ထိ (၂၀) ရက်ကြာ ယာယီအပစ်ရပ်မယ့် "ဟိုင်ဂင် သဘောတူညီချက်" ကို ရခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် မြန်မာ့အရေး ပဋိပက္ခတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဌာနက မကြာသေးခင် ရက်ပိုင်းကပဲ ပြောထားပါတယ်။

တချိန်ထဲမှာဘဲ ရှမ်းမြောက် နမ္မတူမြို့ထဲကို စစ်ကောင်စီဘက်က ဒီနေ့ ညနေပိုင်းက လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ဦး သေဆုံးသွားခဲ့ရပါတယ်။ စစ်ကောင်စီက Y-12 အမျိုးအစား လေယာဥ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၄၀ ဝန်းကျင် အမျိုးသား တဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားတဦးတို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ရွှေဖီမြေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒီနေ့ အစောပိုင်းကလည်း နမ္မတူမြို့နယ်ထဲက နားလင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG