သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မှာ ယာယီစစ်ရပ်ဖို့ နှစ်ဖက်သဘောတူ


MNDAA တပ်မှ ကိုးကန့် လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်ရဲ့ တောင်ဘက်ခြမ်း တာရင်တောင်ကို ဒီဇင်ဘာလ ၅ ရက်နေ့က သိမ်းယူခဲ့စဥ်။ (Photo: The Kokang)
MNDAA တပ်မှ ကိုးကန့် လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်ရဲ့ တောင်ဘက်ခြမ်း တာရင်တောင်ကို ဒီဇင်ဘာလ ၅ ရက်နေ့က သိမ်းယူခဲ့စဥ်။ (Photo: The Kokang)

ညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့အကြား တရုတ်နိုင်ငံမှာလုပ်တဲ့ နောက်ဆုံး ဆွေးနွေးပွဲကနေ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားဖို့ သဘောတူလိုက်ကြပါတယ်။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှုနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်နဲ့ AA ရခိုင့်တပ်တော်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့အပြီး အခုလို အပစ်ရပ် သဘောတူခဲ့ကြတာလို့ ဆွေးနွေးပွဲမှာ ပါဝင်သူတဦးက VOA ကို ပြောပါတယ်။

အခု အပစ်ရပ်မှုဟာ ရှမ်းမြောက်ဒေသ တခုမှာပဲ အကျုံးဝင်တယ်လို့ ဆိုတာကြောင့်၊ AA ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်နေတဲ့ ရခိုင်ဒေသ တိုက်ပွဲတွေမှာပါ အပစ်ရပ်မရပ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့အထိလုပ်တဲ့ ဆွေးနွေးပွဲအတွက် ညီနောင်သုံးဖွဲ့ဘက်က မကြာခင် ကြေညာချက်ထုတ်မယ်လို့တော့ ပြောပါတယ်။

စစ်ကောင်စီဖက်က တခြား တောင်းဆိုခဲ့တာတွေ အားလုံးကို ညီနောင်သုံးဖွဲ့ဘက်က ငြင်းဆန်ခဲ့တယ်လို့ ဆွေးနွေးပွဲတတ်ရောက်သူက ဗွီအိုအေကို ပြောပေမယ့်၊ ဘယ်အချက်တွေလဲ ဆိုတာကိုတော့ မပြောပါဘူး။ ညီနောင်သုံးဖွဲ့က လက်ရှိ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသ မြို့တွေနဲ့ စခန်းတွေကနေ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုပုံ ရတယ်လို့ ဆွေးနွေးပွဲကို စောင့်ကြည့်အကဲခတ် နေသူတွေက ပြောပါတယ်။

ညီနောင်သုံးဖွဲ့ဘက်က သူတို့ သိမ်းယူထားတဲ့ မြို့တွေနဲ့စခန်းတွေကို ဆက်ပြီး ထိန်းချုပ်ထားဖို့ တောင်းဆိုတာကိုလည်း စစ်ကောင်စီဖက်က သဘောမတူနိုင်ပုံ ရတယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ ဒါကြောင့် အခု အပစ်ရပ်မှုဟာ တခြား သဘောတူညီချက်တွေ မရပဲ ယာယီ စစ်ရပ်စဲရေးသဘော ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။

တရုတ်-မြန်မာနယ်စပ် အကြီးဆုံး ကုန်သွယ်ရေးစခန်း တခုဖြစ်တဲ့ မူဆယ်နဲ့ ရှမ်းမြောက် တခြားမြို့ကြီးတွေမှာ မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်ရေးပြင်းထန်မှုတွေ ဆက်မဖြစ်လာအောင် တရုတ်နိုင်ငံဘက်က ဖိအားပေးပုံ ရတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

မနှစ် ဒီဇင်ဘာလအကုန်ပိုင်း ကူမင်းမြို့မှာပဲလုပ်တဲ့ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲ ရပ်ဆိုင်းလိုက်ရတဲ့နောက်၊ ညီနောင်မဟာမိတ် တပ်တွေက တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ကြီးဖြစ်တဲ့ လောက်ကိုင်ကို သိမ်းယူခဲ့ပါတယ်။ ပထမအကြိမ် ၂ ဖက် ဆွေးနွေးပွဲတုန်းကလိုပဲ အခု တတိယအကြိမ်မှာလည်း မြန်မာစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်ဆွေးနွေးခဲ့သလို၊ မြောက်ပိုင်းညီနောင် (၃) ဖွဲ့ဘက်ကလည်း အရင်အတိုင်း ဦးဆောင်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG