သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ္မတူဒေသခံ ရာနဲ့ချီတိမ်းရှောင်


နမ္မတူမြို့နယ်၊ မန်လီကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ (ဇန်နဝါရီ ၁၁၊ ၂၀၂၃)
နမ္မတူမြို့နယ်၊ မန်လီကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ (ဇန်နဝါရီ ၁၁၊ ၂၀၂၃)

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထိခိုက်သေကျေမှုတွေနဲ့ နေရပ်စွန့်ခွာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ညီနောင်မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ် တွေ့ဆုံဆွေးနွေး နေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့ ကိုယ်စားတွေ ဆွေးနွေးနေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ မနေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ ဒီနေ့ နေ့လည်ထိတော့ တိုက်ပွဲသတင်းတက်လာတာ မတွေ့ရသေးဘူး။ မနေ့ကတော့ ဒီ မန်လီဘက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ကြိမ်လာရောက်ပစ်ခတ်သွားတယ်။ ဒီ ပစ်ခတ်တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တော့ ထိခိုက်ပျက်ဆီးသွားတာရှိတယ်။”

မိုးမိတ်၊ သီပေါဘက်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့သလို လားရှိုးမြို့နယ်အတွင်းက ကျေးရွာ အချို့ကို လက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့ လေကြောင်းက တိုက်ခိုက်တာတွေ ရှိကြောင်း ပြောပါတယ်။ မန်လီဒေသခံတဦးကလည်း မနေ့က ညနေ ၅နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြောင်း နဲ့ ဒီတကြိမ်နဲ့ပါဆိုရင် ဗုံးကြဲခံရတာ ၂ကြိမ်ရှိပြီဖြစ်ကြောင်း ပြောပါတယ်။

“ အချိန် ၅ နာရီလောက်ပေ့ါနော်။ သူတို့ လာပြီးတော့ ရွာထဲမှာ ဗုံးကြဲပါတယ်။ ဘုန်းကြီးကျောင်းမှာအရင်စကြဲတာပေါ့နော်။ ဘုန်းကြီးကျောင်းမှာလည်း ကြဲတယ်။ စာသင်ကျောင်းမှာလည်း လာကြဲတယ်။ စာသင်ကျောင်းတောင်မှ မြေပြင်ပဲ ကျန်တာ၊ ဘာမှတောင် မကျန်တော့ဘူး။ လူထိခိုက်မှုတော့ မရှိပါဘူး။ နှစ်ခါ နှစ်ခါရှိပြီ။ အရင်တခေါက်က ၂၉ရက် ၁၂လ ၂၀၂၃ မှာ။ လူထိခိုက်မှုကတော့ ဝန်ထမ်းဆရာမလေးတယောက်သေသွားတာရှိတယ်။ အရင်တပတ်တုံးက ကျောင်းတွေပဲ ထိတာလေ။ ကျောင်းမှာထိရင်လည်း တဝက် ပျက်သွားတာပေါ့။ မနေ့ကလည်း ထပ်ပြီးတော့ လာကြဲတာ အဲဒါ ကုန်တာ။”

လေကြောင်းတိုက်ခိုက်မှုကြောင့် မန်လီရွာသား ၄၀၀ကျော်ဟာ တရုတ်ရေနံ ပိုက်လိုင်း အနီးက ပန်သပြေရွာကို တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဆက်ပြောပါတယ်။

“ မန်လီအထက်က ပန်သပြေရွာဆိုတာရှိတယ်လေ။ အဲဒီနေရာမှာ လာပုန်းတာ။ အဲဒီနေရာမှာလည်း ပိုက်လိုင်းတွေ ရှိတယ်လေ။ ပိုက်လိုင်းတွေနဲ့ နေတာလေ။ လောလောဆည်တော့ ရွာသားတွေက ၄၀၀ကျော်ရှိတယ်။ ၄၀၀ ကျော်တော့ရှိတယ်။ ပန်သပြေမှာ ရောက်နေတာ။ အခက်အခဲကတော့ စားဝတ်နေရေးပဲ ခက်ခဲတာပါ။ ပြီးရင် အဝတ်အစားတွေက သိပ်အဆင်မပြေဘူး။ တချို့ ကလေးတွေရော၊ ကလေးပေါက်စတွေရော၊ စောင်တွေ၊ ခေါင်းအုံးတွေ အဲလို အဝတ်အစားတွေ ပေါ့။”

မန်လီရွာဟာ ၂၀၂၁ ခုနှစ်က တအာင်းတပ် TNLA နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တရွာလုံး တိမ်းရှောင်ခဲ့ရသလို နေအိမ်အများအပြားလည်း ပျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတော့ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်အစပ်က ကျောက်မဲလေးရွာက စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ မန္တလေး PDF တွေ ပူးပေါင်းတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာလည်း ဒီကနေ့ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သလို ကျောက်မဲလေးတပ်စခန်းကိုတော့ TNLA နဲ့ MDY- PDF ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ကြောင်း နောင်ချို ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု လေယာဉ်နဲ့ ကြဲတာ ကြဲပြီးသွားပြီ။ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာအုပ်စု။ သုံးဆယ်ကျေးရွာအုပ်စု ၁ နာရီ ၄၅ မိနစ်က ကြဲတယ်။ နှစ်လုံးကြဲတယ်။ တယောက်ပွဲချင်းပြီးဆုံးတယ်။ ရွာသားတွေက မရှိတော့ဘူး ပြေးကုန်ပြီ။ အရင်နေ့က လေယာဉ်နဲ့ ကြဲတယ်။ လက်နက်ကြီးနဲ့ ထုတယ်။ အခုက ရွာထဲ တည့်တည်ကျတယ်။ ကျောက်မဲလေးကတော့ တိုက်ပွဲက ပြီးသွားပြီ။ မနေ့ကလေ။ ”

ကျောက်မဲလေး တပ်စခန်းကို ယမန်နေ့က သိမ်းယူခဲ့ကြောင်းပြောပေမဲ့ TNLA ကတော့ အတည်ပြုတာ မရှိသေးပါဘူး။ ကျောက်မဲလေး ကျေးရွာအနီးက သံဘိုကျေးရွာကို စစ်ကောင်စီက ပြန်လည် သိမ်းယူကြောင်း သတင်းတွေ ထွက်ခဲ့ပေမဲ့ TNLA နဲ့ MDY- PDF ပူးပေါင်းတပ်တွေက ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မှာ ဒီလ ၅ရက်နေ့က စစ်ကောင်စီတပ်တွေအားလုံး ဆုတ်ခွာခဲ့ပေမဲ့ ဒီလ ၉ရက်နေ့မှာ တုန်ချိန် ရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အဦတွေ ပျက်ဆီးခဲ့ကြောင်း ကိုးကန့်တပ် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလ ၅ရက်နေ့မှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်နဲ့ ပန်လုံမြို့ကို ညီနောင်မဟာမိတ်တပ်တွေက သိမ်းယူခဲ့တဲ့နောက် UWSA ဝတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနဲ့ ဒီလို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို မိုင်းမောခရိုင် ခရိုင်မှုးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေတက်ရောက်ခဲ့ကြောင်း UWSA ရဲ့ Wa Channel က ဒီလ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲသတင်းတွေကိုတော့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီရက်ပိုင်းအတွင်း ကျင်းပနေတဲ့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ တတိယအကြိမ် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီရော၊ ညီနောင်မဟာမိတ်အဖွဲ့တွေကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG