သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေ လွတ်မြောက်ရေး မီဒီယာအခွင့်အရေး လှုပ်ရှားသူတွေ တောင်းဆို 


ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်မယ့်သူတွေကို စောင့်ဆိုင်းနေကြသူများ (ဇန်နဝါရီ ၄၊ ၂၀၂၄)
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်မယ့်သူတွေကို စောင့်ဆိုင်းနေကြသူများ (ဇန်နဝါရီ ၄၊ ၂၀၂၄)

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမားတချို့ မကြာသေးခင်က ပြန်လွတ်လာပေမဲ့ နောက်ထပ် အရေးယူထောင်ချခံနေရတဲ့အပေါ် သတင်းမီဒီယာသမားတွေက ဝေဖန်လိုက်ကြပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနေ့က အကျဉ်းသား ထောင်ချီလွတ်လာတဲ့အထဲမှာ သတင်းသမား အနည်းဆုံး ၃ ဦး ပါဝင်ခဲ့ပေမဲ့ အများအပြား ဖမ်းဆီးခံထားရတာပါ။
မြန်မာသတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၆၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ အနည်းဆုံး သတင်းသမား ၃ ဦး ပါဝင်ခဲ့ပေမဲ့ နောက်ထပ် အများအပြား ကျန်နေသေးတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီက တောင်းဆိုလိုက်ပါတယ်။ မကြာသေးခင်ကပဲ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချခံခဲ့ရတဲ့ ရုပ်သံသတင်းထောက်ဟောင်း ရှင်ဒေဝီ အပါအဝင် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းသွားမယ်လို့လည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ် ကပြောပါတယ်။

"အဓိကကတော့ကျနော်တို့ လုံခြုံရေးနဲ့အကာအကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်ကထိပ်ဆုံးကပါတယ်။ အဲဒီတော့ကျနော်တို့ဘာလုပ်နိုင်မလဲဆိုတော့ သေချာတာကတော့အချုပ်ထဲ အားလုံး ၅၂ ယောက်ကျန်သေး တယ်။ ရှင်ဒေဝီအပါအဝင်ပေါ့နော်။ သူတို့နဲ့ပတ်သတ်တဲ့လက်တွေ့ကျတဲ့ ကမ်ပိန်းတွေလုပ်နိုင်ဖို့ ဆွေးနွေးနေတယ်။ အထူးသဖြင့်အာဆီယံဒေသတွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ကော တခြား IFJ လိုမျိုး အာရှ ပိစိဖိတ်ဒေသတွင်းသတင်းမီဒီယာသမားတွေနဲ့ပေါင်းပြီးတော့အထူးသဖြင့် ဒီလူတွေကို ကျနော်တို့မမေ့ပါဘူး သူတို့လွတ်မြောက်ရေးအတွက်လက်တွေ့ကျပြီး ကမ်ပိန်းမျိုးစုံလုပ်သွားဖို့တော့ စီစဉ်ထားပါတယ်။ "

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတဦးလည်းဖြစ်သူ ရှင်ဒေဝီကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ စစ်ခုံရုံးက မနေ့ကပဲ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ကျဆင်းလာခဲ့သလို သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေလည်း တိုးလာနေတယ်လို့လည်း ဦးတိုးဇော်လတ်က ပြောပါတယ်။

"အခုအခြေအနေကတော့သတင်းသမားတွေအတွက်အဆိုးရွားဆုံးအခြေအနေပဲခင်ဗျ။ အထူးသဖြင့် ကတော့ ကျနော်တို့မှာသတင်းမီဒီယာဥပဒေရှိတယ်။ တိတိကျကျပြဌာန်းထားတာ။ သတင်းသမားတွေကို တကယ်လို့များ ဥပဒေအရအရေးယူမယ်ဆိုသတင်းမီဒီယာဥပဒေနဲ့ပဲအရေးယူရမယ်။ ရှင်ဒေဝီကိစ္စမှာ သတင်းမီဒီယာဥပဒေနဲ့အရေးယူတာမဟုတ်ဘူး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရမ်းကြောက်ဖို့ကောင်းပါတယ်။ အမြင့်ဆုံးဥပဒေနဲ့ချတယ်ဆိုတော့ဒီဥစ္စာက ပွင့်ပွင့်လင်းလင်းပြောရရင် သတင်းသမားတွေကိုမမြင်ရတဲ့စည်းရှိတယ် မကျော်လာနဲ့ ကျော်လာရင်တော့ ဒီလိုအပြစ်ပေးခံရ မယ်ဆိုတဲ့ပိုခြိမ်းခြောက်တဲ့၊ သတင်းမလုပ်ရဲအောင်ခြိမ်းခြောက်တဲ့ပုံစံမျိုး ပေါက်နေပါတယ်။အဲဒီတိုင်းပဲ လုပ်နေတာပါ။ သတင်းသမားတွေကိုသတင်းမလိုက်ရဲသတင်းမရေးရဲအောင်မှတ်လောက်သား လောက်အောင်တမင်တကာလုပ်တယ်လို့ဘဲပြောပါရစေ။ မြန်မာပြည်ရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်က အဆိုးရွားဆုံးအခြေအနေရောက်နေတယ်လို့ဘဲပြောပါရစေ "

လွတ်လပ်ရေးနေ့က ပြန်လွတ်လာတဲ့ သတင်းသမား ကိုကောင်းဆက်လင်းကတော့ အကျဉ်းထောင်တွေထဲက သတင်းသမားတွေ လွတ်မြောက်ဖို့ လိုတယ်လို့ ပြောပါတယ်။

"အထဲမှာကျန်ခဲ့တဲ့သတင်းသမားတွေအတွက်ကို သူတို့တွေကိုကျနော်အမြန်ပြန်လွှတ်စေချင်ပြီဗျ။ ရာသီဥတုအနေအထားနဲ့ဆိုရင် အထဲမှာနေရတာ အဆင်မပြေဘူး။ ဒဏ်ရာတွေပါလာရင်တော့ အေးရင် ကိုက်တာတွေရှိတယ်။ အထဲမှာ အရမ်းကြာသွားရင်အဆင်မပြေနိုင်ဘူး အကုန်လုံးကိုပြန်လွတ်စေချင်ပြီ။ သတင်းသမားတွေကော တခြားသူတွေကော အကုန်လုံးကိုပြန်လွတ်စေချင်ပြီ။"

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ မှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG