သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ထောင်တသက်ပြစ်ဒဏ်ချခံရ


စစ်ခုံရုံးကနေ ထောင်ဒဏ်တသက် ချမှတ်ခံရသူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ
စစ်ခုံရုံးကနေ ထောင်ဒဏ်တသက် ချမှတ်ခံရသူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ

ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတဦးလည်းဖြစ်သူ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

မှတ်တမ်းရိုက်ကူးရေးအတွက် မှာယူထားတဲ့ ဒရုန်းသွားအယူမှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ အဲဒီ ဒရုန်းနဲ့ပတ်သက်လို့ပဲ အကြမ်းဖက်ပုဒ်မတွေနဲ့ စွဲဆိုခံရတာလို့ မိတ်ဆွေအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ ရှင်ဒေဝီဟာ ယခင်က ရုပ်သံသတင်းထောက်တဦးဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာအဖြစ် မှတ်တမ်းရုပ်ရှင်ပေါင်းအတော်များများ ရိုက်ကူးခဲ့သလို နိုင်ငံတကာရုပ်ရှင်ပွဲတော်ဆုတွေကိုလည်း ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ အခုအမှုပါ တရားစွဲဆိုခံရတဲ့ ဒရုန်းဟာ ရိုက်ကူးရေးအတွက် အသုံးပြုဖို့ ဖြစ်တယ်လို့ မိတ်ဆွေအသိုင်းအဝိုင်းကပြောပေမယ့် အခု အမှုကို စစ်ခုံရုံးကနေ စစ်ဆေးတာကြောင့် တရားခွင်မှာ ရှေနေ ရှေ့ရပ်နဲ့ ခုခံချေပခွင့်မရခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်း သတင်းမီဒီယာလုပ်ငန်းနဲ့ဆက်စပ်ပြီး လူ ၆၃ ဦိး ဖမ်းဆီးထိမ်းသိမ်းခံရထားတယ်လို့ RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောက်ရေးအသင်းအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်လို့ စွဲချက်တွေနဲ့ လက်ရှိ ဖမ်းဆီးထားသူ နှစ်သောင်းနီးပါး ရှိနေပါတယ်။ အခုနောက်ပိုင်း နိုင်ငံရေးအရဖမ်းဆီးခံရသူအတော်များများကို အကြမ်းဖက်မှုပုဒ်မစွဲချက်တွေနဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG