သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိတ်အခြေစိုက် သတင်းထောက် ၂ ဦး ပြန်လွှတ်ပေးဖို့ CPJ တောင်းဆို


Aung San Oo, Myo Myint Oo Reporters from Dawei Watch
ဖမ်းဆီးခံထားရတဲ့ Dawei Watch သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦး

သတင်းရေးလို့ ဖမ်းဆီးခံထားရတဲ့ Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က တောင်းဆိုလိုက်ပါတယ်။ သူတို့ ၂ ဦးအပြင် အာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေက တောင်းဆိုနေကြတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူ အကျဉ်းချခံထားရသူတွေထဲမှာ ပြည်တွင်းက သတင်းသမားတွေအပြင် နိုင်ငံရပ်ခြားက သတင်းသမားတွေလည်း ပါဝင်ပါတယ်။ အခုနောက်ဆုံး ဖမ်းဆီးခံထားရတဲ့ Dawei Watch သတင်းဌာနက မြိတ်အခြေစိုက် သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်မှာ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးချိန်မှာလည်း သူတို့ဟာ သတင်းရေးသားတာကြောင့်လို့ မိသားစုဝင်တွေကိုပြောပြီး ဖမ်းသွားတာဖြစ်ပါတယ်။ အခု ရက်သတ္တပတ် တပတ်ကျော်ကြာလာချိန်အထိလည်း သူတို့ဟာ မိသားစုနဲ့ တွေ့ခွင့် မရသေးပါဘူး။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ကတော့ အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံ Shawn Crispin ကတော့ စစ်ကောင်စီအနေနဲ့ သတင်းထောက်တွေ သူ့အလုပ်သူ မလုပ်နိုင်အောင် တားဆီးတာမျိုးကို ရပ်ပစ်ဖို့နဲ့ တရားစွဲဆိုမှုတွေ မလုပ်ဖို့အပြင် အခု ဖမ်းထားတဲ့ ထားဝယ် watch သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ သတင်းသမားတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်က တောက်လျှောက်ရှိနေပြီး ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်တာ ခံနေကြရသလို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်တာတွေလည်း ခံနေကြရတာပါ။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေနေဟာ ပိုဆိုးရွားလာတယ်လို့ Mizzima သတင်းဌာနရဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက ပြောပါတယ်။

"(စစ်ခေါင်းဆောင်) သူ့ရဲ့ပါးစပ်က သတင်းစာလွတ်လပ်ခွင့်တို့ ဘာတို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့လည်း သူအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ ဟိုးတုန်းက လူကြီးတွေပြောဖူးတဲ့ ဂျပန်ခေတ်ကလိုပဲ။ အင်မတန်မှ ဆိုးရွားတယ်။ ကင်ပေတိုင်တွေ နှိပ်စက်သလို နှိပ်စက်ခံ ရတာတွေရှိတယ်။ အခုဆိုရင် ဒီသတင်းထောက် ၂ ယောက်က သတင်းအလုပ်ကို လုပ်လို့ ဖမ်းဆီးခံရတယ်။ အင်မတန်မှ အဓိပ္ပါယ်မဲ့လွန်းတဲ့လုပ်ရပ်ပါ။ မတရားမှုတွေပါ။"

သတင်းထောက်တွေ ဖမ်းဆီးအရေးယူခံရတာ၊ သတင်းစာတိုက်တွေနဲ့ သတင်းမီဒီယာလိုင်စင် ပိတ်သိမ်းခံရတာတွေက အာဏာသိမ်းပြီးနောက် ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်းရေးသား ဖော်ပြတာဟာ ရာဇဝတ်မှုမဟုတ်တဲ့အတွက် သတင်းရေးသားလို့ ဖမ်းဆီးတာဖြစ်ကြောင်းပြောပြီး အဖမ်းခံခဲ့ရတဲ့ အခု သတင်းထောက် ၂ ဦးကို အမြန်ပြန်လွှတ်ပေးဖို့အပြင် တခြား မတရားအဖမ်းဆီးခံနေရတဲ့ သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးဖို့လည်း Zalen သတင်းဌာနရဲ့ အယ်ဒီတာချုပ်က ပြောပါတယ်။

"စစ်ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီ ရအောင်လုပ်ပေးမယ်၊ ရွေးကောက်ပွဲ လုပ်ပေးမယ်၊ အဲလို ပြောနေတယ်ပေါ့။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ သတင်းမီဒီယာတွေကို ဖမ်းဆီးတာက သူပြောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ သူ ဖက်ဒရယ်ဒီမိုကရေစီ တကယ်တမ်း သွားချင်တယ်၊ ရွေးကောက်ပွဲလည်း ဒီမိုကရေစီကျကျ လုပ်ချင်တယ်ဆိုရင် ဒီ သတင်းသမားတွေ၊ မီဒီယာတွေကို ဖမ်းဆီးစရာ မလိုဘူး။ ဒါက ဖက်ဒရယ်ဒီမိုကရေစီတို့နဲ့ အတူတူတွဲပါလာတာ။ သတင်းသမားတွေက သူတို့အလုပ်ပဲ လုပ်နေတာ။ အဲတော့ သူတို့ကို ဖမ်းဆီးစရာ အကြောင်းလည်း မရှိဘူး။ သတင်းရေးသားတယ်ဆိုတာက ရာဇဝတ်မှု ကျူးလွန်တာလည်း မဟုတ်ဘူး။"

Dawei Watch အယ်ဒီတာချုပ်ကလည်း ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြနေတဲ့ သူ့ သတင်းထောက်နှစ်ဦးကို အပြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အခု အဖမ်းခံရတာ တပတ်ကြာလာချိန်အထိ သူတို့ဟာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူးလို့လည်း ပြောပါတယ်။

"စစ်ကြောရေးကနေ ရဲစခန်းပို့ထားတယ်လို့ သိရတယ်။ မိသားစုနဲ့ တရားဝင်တွေ့ခွင့် မရသေးဘူး။ ပစ္စည်းတော့ ပို့လို့ရတယ်ဆိုလို့ သွားပို့ပေးနေတယ်။"

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး အခုချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ သတင်းသမားက စုစုပေါင်း ၆၁ ဦးရှိနေပြီး ဖမ်းဆီးချုပ်နှောင်ခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာ ၁၂၃ ဦးအထိ ရှိထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

CPJ ရဲ့ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းထောက်တွေကို ဖမ်းဆီး၊ ထောင်ချမှု တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG