သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DMG သတင်းဌာန ဝန်ထမ်း ၂ ဦး အဖမ်းခံရ


ရခိုင်အခြေစိုက် DMG သတင်းဌာန
ရခိုင်အခြေစိုက် DMG သတင်းဌာန

မြန်မာနိုင်ငံမှာ စစ်တပ်က အဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာတွေနဲ့ သတင်းဌာနတွေ ပိတ်သိမ်းခံရတာတွေ အများအပြားရှိနေတာပါ။ မနေ့ကလည်း ရခိုင်အခြေစိုက် မီဒီယာတခုဖြစ်တဲ့ DMG သတင်းဌာနက သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို ကိုငြိမ်းချမ်းကတင်ပြပေးပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းက သတင်းဌာနတွေ ပိတ်သိမ်း ခံရတဲ့အပြင် သတင်းသမားတွေ အဖမ်းခံနေရတာနဲ့ သေဆုံးတဲ့အထိဖြစ်နေတာကြောင့် သတင်းသမား အများအပြားဟာ တခြားနိုင်ငံတွေ အပါအဝင်၊ လုံခြုံမှုရှိမယ်လို့ ထင်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာ တွေ့ရပါတယ်။ လက်ရှိပြည်တွင်းမှာ ရှိနေတဲ့သတင်းဌာနတွေနဲ့ သတင်းသမားတွေဟာလည်း လုံခြုံမှုမရှိတဲ့ ကြားကနေ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး မကြာခဏဆိုသလို အာဏာပိုင်တွေရဲ့ ဖမ်းဆီး စစ်ဆေးတာတွေကို ခံနေကြရတာပါ။

မနေ့ကကလည်း ရခိုင်အခြေစိုက်မီဒီယာတခုဖြစ်တဲ့ Development Media Group (DMG) သတင်းဌာန ကိုစစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို ဖမ်းဆီးသွားတယ်လို့ DMGသတင်းဌာနက ကိုဇော်ဇော်က ပြောပါတယ်။

“ နေ့လည် ၁၂နာရီလောက်ကပေါ့ ရဲနဲ့ တပ်ဖွဲ့ဝင်တချို့လည်းပါတယ်၊ နောက်ပြီးတော့ SB (အထူးစုံစမ်းရေးရဲဌာန) ပေါ့ အကုန်လုံး သူတို့ ၁ဝ ယောက် ကျော်လောက်ရှိမယ်ထင်တယ်။ သူတို့ ရုံးကိုဝင်ပြီးတော့ မွှေသွားတာပေါ့။ ရုံမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်လုံးယူသွားတာပေါ့။ လူကတော့ ရုံးစောင့်တယောက်ရယ် သတင်းထောက်တယောက်ရယ် နှစ်ယောက်ပါသွားတယ်။”

အခုလို စစ်ကောင်စီက DMG သတင်းဌာနကိုဝင်ရောက်ဖမ်းဆီးတာနဲ့ ရုံးပိုင်ပစ္စည်းတွေကို ဘာကြောင့် ယူသွားတာလဲဆိုတာကို မသိရသေးဘူးလို့ DMGရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း DMG သတင်းဌာနရဲ့ အယ်ဒီချုပ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၁၉ကတည်းက တရားစွဲဆိုထားတာဖြစ်ပြီး အမှုရင်မဆိုင်ပဲ ထွက်ပြေးနေတဲ့ အပြင် တရားဝင်လိုင်စင်မရှိတာကြောင့် အခုလို ဝင်ရောက်ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ DMGသတင်းဌာနက ကိုဇော်ဇော်ကပြောပါတယ်။

“ အဓိက Register မရှိတာရယ် နောက်ပြီးတော့ တရားခံပြေးရှိတဲ့ တပိုင်းရယ်ပေါ့ အဲဒါတွေကြောင့်လို့ သိရတယ်။ စုံစမ်းကြည့်တော့ တရားခံပြေးက ၂၀၁၉ ကတည်းက အယ်ဒီတာချုပ်က အမှုဖွင့်ခံထားရတာ ရှိတယ်လေ၊ နောက်ပြီးတော့ တခြားအမှုတွေလည်း ရှိသေးတယ်။ အမှုရင်မဆိုင်ပဲနဲ့ ရှောင်ထားတဲ့ အမှုတွေလည်း ရှိသေးတယ်၊ တခြားသတင်း ထောက်တွေ အဲဒီအပေါ်မှာလည်း သူတို့ အခုမှပဲ ဘယ်လိုဖြစ်လို့ ကောက်ကာ ငြင်ကာ ဖြစ်ရလဲတော့ မပြောတတ်ဘူး။”

လက်ရှိမှာတော့ DMGသတင်းဌာနရုံးခန်း ကို စစ်ကောင်စီက ချိတ်ပိတ်ထားသလို ကျန်တဲ့ DMG က သတင်းသမားတွေ ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ DMG သတင်းဌာနက အမျိုးသမီး သတင်းထောက်တဦးက ပြောပါတယ်။

“ ကျမတို့က စစ်တွေမှာ အခြေစိုက်ပြီးတော့ လုပ်တာဆိုတော့ အစကတည်းက မလုံခြုံတဲ့ အနေအထားမှာ မနေ့က ဖြစ်တဲ့ ကိစ္စကြောင့် ပိုဆိုးသွားတာပေါ့၊ မနေ့က ဖြစ်သွားပြီး နောက် ပိုင်းမှာ အကုန်လုံးကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ကောင်စီနဲ့ ဝေးတဲ့ နေရာမှာ တိမ်း ရှောင်ပြီးနေကြရတယ်။”

DMG သတင်းဌာနကို ဝင်ရောက်ဖမ်းဆီးရတာနဲ့ ပတ်သတ်ပြီး တော့ စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်တာမရှိသေးသလို ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာအခုဆိုရင် ၃နှစ်နီးပါးအထိ ရှိလာပြီဖြစ်သလို သတင်းလွတ်လပ်ခွင့်တွေလည်း ဆက်တိုက် ဆိုးရွားလာနေတယ်လို့ မြန်မာနိုင်ငံသတင်း စာဆရာတဦးကပြောပါတယ်။

“ ဒီ ၂နှစ်ကျော် ကာလအတွင်းမှာ သတင်းလွတ်လပ်ခွင့်ကတော့ ဆက်တိုက်ဆိုးရွားနေတဲ့ သဘောရှိတယ်၊ ဒီကြားထဲ အသက်ဆုံးရှုံးတဲ့ ဖြစ်စဉ်တွေလည်း မရှိဘူးဆိုရင် အနည်းဆုံး ၄ခု ု၅ခု လောက်ရှိတာပေါ့နော် ဆိုတော့ သတင်းသမားတွေ ပြည်တွင်းမှာ အခြေမစိုက်နိုင်ဘူး။ သတင်းသမားအလုပ် လုပ်ကိုင်တယ်ဆိုရုံပဲ ပတ်ဝန်းကျင်မှာ ပြည်တွင်းမှာ အသိမပေးရဲနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့နော်။ ဘယ်သတင်းထောက်လို့ ပြောလိုက်တာနဲ့ နားရွက် ထောင်သွားတဲ့ အနေအထားရှိတယ်၊ ဘယ်မှာလုပ်တာလည်းဆိုတဲ့ ဟာမျိုးက ဘယ်နေရာမှာ မဆို ကြုံနေရတဲ့ အနေအထားမျိုးဖြစ်တော့ သတင်းထောက်တယောက်က ကိုယ့်အလုပ်အကိုင်ကို ဖွင့်မပြောရဲတဲ့ အနေအထားဖြစ်နေတာကို ကြည့်ရင် သတင်းထောက်အလုပ်က ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာကို သိနိုင်မယ်ထင်တယ်။”

စစ်တပ်က အာဏာသိမ်းပြီးကစလို့ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ စာရင်းအရ လိုင်စင်ပိတ် သိမ်းခံရတဲ့ သတင်းဌာန ၁၃ ခုအထိရှိတယ်ဆိုပေမဲ့ တခြားပိတ်သိမ်းခံရတဲ့ သတင်းဌာန တွေလည်း အများအပြားရှိနေတာပါ။ လက်ရှိအချိန် မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင် တွေထဲ မှာ ဖမ်းဆီးခံ ထားရတဲ့ သတင်းထောက် ကလည်း အနည်းဆုံး ၅ဝ အထိကျန်ရှိနေသေး တာပါ။ လက်ရှိမှာ ပြည်တွင်းမှာ ရှိနေတဲ့ သတင်းသမားတွေ သတင်းဌာနတွေ အနေနဲ့ လုံခြုံမှုမရှိတဲ့ ကြားကနေ သတင်းအလုပ် ဆက်လုပ်နေကြရသလို တချို့သတင်းသမားတွေကတော့ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

DMG သတင်းဌာန ဝန်ထမ်း ၂ ဦး အဖမ်းခံရ
please wait

No media source currently available

0:00 0:04:18 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG