သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ပုံသတင်းထောက်စိုင်းဇော်သိုက် ထောင်နှစ်၂၀ ပြစ်ဒဏ်ချခံရ


Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်
Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်

မိုခါမုန်တိုင်းဘေးဒဏ်ကျရောက်နေတဲ့ ရခိုင်ပြည်နယ်အတွင်းအခြေအနေကို သွားရောက်မှတ်တမ်း တင်ရိုက်ကူးခဲ့တဲ့ Myanmar Now ဓါတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို စစ်ကောင်စီကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ တောင်ဒဂုံမြို့နယ်စစ်ခုံရုံးက ပထမဆုံးရုံးချိန်းမှာပဲ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရှေ့နေနဲ့ ခုခံချေပခွင့်မရခဲ့ပါဘူး။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင်းစစ်ခုံရုံးကနေ စက်တင်ဘာ ၆ ရက်နေ့က အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ သတင်းထောက် စိုင်းဇော်သိုက်ဟာ မိုခါမုန်တိုင်းသတင်းသွားယူရင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့မေလတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်တွေမှာဖမ်းဆီးခဲ့တဲ့ကိုစိုင်းဇော်သိုက်ကို ရန်ကုန်မြို့ကိုပြောင်းရွှေ့ခဲ့ပြီး စစ်ကြောရေးစခန်းတွေမှာ တပတ်ကျော်ကြာ စစ်ဆေးခဲ့ရပြီးနောက် အင်းစိန်ထောင်ကိုပို့ခဲ့တယ်လို့ Myanmar Now သတင်းဌာနက ထုတ်ပြန်ပါတယ်။ သူ့ကိုစစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တို့နဲ့ တရားစွဲထားတယ်လို့ Myanmar Now က ထုတ်ပြန်ထားပါတယ်။

ကိုစိုင်းဇော်သိုက်ကို အင်းစိန်ထောင်ထဲမှာရှိတဲ့ တောင်ဒဂုံမြို့နယ်စစ်ခုံရုံးက ပထမဆုံးရုံးချိန်းမှာပဲ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့်မရဘဲ အမိန့်ချမှတ်ခံခဲ့ရတယ်လို့ Myanmar Now က ပြောပါတယ်။

သတင်းရယူမှုအတွက် အခုလိုနှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်တာခုခံချေပခွင့်မရဘဲ နှစ်ရှည်ထောင်ချလိုက်တာ သတင်းမီဒီယာသမားကို တည်ဆဲသတင်းမီဒီယာဥပဒေနဲ့မဟုတ်ဘဲ အရေးယူတာတွေက ဥပဒေကြောင်းအရ မညီညွှတ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။

"သူကသတင်းရယူနေချိန်မှာဘယ်နည်းနဲ့မှ ဘယ်အုပ်ချုပ်ရေးအဖွဲ့အစည်းကမှ သူ့ကို ဖမ်းဆီးပိုင်ခွင့်မရှိဘူး။ သူသုံးစွဲတဲ့ သတင်းမီဒီယာဆိုင်ရာပစ္စည်းတွေကိုဖျက်ဆီးခွင့်မရှိဘူး။ သူရယူထားတဲ့သတင်းအချက်အလက်နဲ့ဆိုင်တဲ့ ဓါတ်ပုံမှတ်တမ်းဗီဒီယိုတွေကိုလည်း ဖျက်ဆီးပိုင်ခွင့်မရှိစေရဘူးလို့ သတင်းမီဒီယာဥပဒေ ပုဒ်မ ၇ မှာ အတိအလင်းပြဌာန်းထားပါတယ်။ ဒါပေမယ့် ဒါတွေကို ကျော်လွန်ဆောင်ရွက်တာကတော့သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ သူတို့တာဝန်ပါဘဲ။ ဥပဒေနဲ့ဆန့်ကျင်ပြီး ဆောင်ရွက်တာက သူတို့ရဲ့ ဥပဒေအရချမှတ်ထားတဲ့ တာဝန်လို့ ဘဲပြောချင်ပါတယ်။ တကယ်တန်းကတော့ ဥပဒေနဲ့အညီမဟုတ်ဘူး။ ညီညွှတ်တယ်လို့ဆရာတို့ လက်ခံလို့မရပါဘူး။"

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကတော့ စိုင်းဇော်သိုက်ဟာ ၂၀၁၇ ခုနှစ်ကစပြီး လက်တွဲလုပ်ကိုင်ခဲ့သူတဦးဖြစ်သလို မြန်မာနောင်းက ရေးသားခဲ့တဲ့ အရေးကြီးသတင်းတွေမှန်သမျှမှာ အသက်အန္တရာယ်ကိုမငဲ့ဘဲ အမြဲတန်းရှေ့တန်းကနေ သတင်းယူခဲ့တဲ့သူတဦးဖြစ်လို့ အခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် စိတ်ထိခိုက်မိတယ်လို့ပြောပါတယ်။

စိုင်းဇော်သိုက်ဟာ မက်ဆင်ဂျာ ဂျာနယ်၊ Sky Net၊ ဧရာဝတီ၊ 7 Day နဲ့ မြန်မာနောင်းတို့မှာ အလုပ်လုပ်ခဲ့တဲ့ ဝါရင့် သတင်းဓါတ်ပုံသမားတဦးလည်းဖြစ်ပါတယ်။

သတင်းသမားတွေပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးကတည်းက ပြီးခဲ့တဲ့ မေလအထိ သတင်းသမား အယောက် ၂၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အယောက် ၁၀၀ နီးပါးပြန်လွတ်ခဲ့ပေမယ့် သတင်းသမား အယောက် ၆၀ ထက်မနည်းဟာ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

XS
SM
MD
LG