သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းပြီးနောက် လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ စိန်ခေါ်မှုများ


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း (Photo: VOA Burmese)
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း (Photo: VOA Burmese)

စစ်ကောင်စီဖိနှိပ်မှုတွေ၊ အသက် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ရေး လွတ်လပ်တဲ့ သတင်းဌာနအနေနဲ့ အစဉ်တစိုက်ကြိုးပမ်းနေကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ဗွီအိုအေကို ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲ။ မေလ (၃) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထူးအစီအစဉ်အဖြစ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတွေကို ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့တဲ့အတွက် Myanmar Now လို သတင်းမီဒီယာတွေအနေနဲ့ အခုဆိုရင် ပြည်ပမှာ ပြောင်းပြီးတော့ အခြေစိုက်ခဲ့ရတယ်။ အဲဒီတော့ အခုလက်ရှိ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ အခြေအနေမှာ Myanmar Now လို သတင်းမီဒီယာဌာနတခုအနေနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လိုပုံစံမျိုးနဲ့ သတင်းတွေယူနေပါလဲရှင့်။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ မြေပြင်မှာလည်း သတင်းထောက်တချို့ ရှိပါတယ်။ လုံခြုံရေးအရတော့ ဘယ်မှာ ဘယ်လိုမျိုးတွေ တာဝန်ထမ်းဆောင်နေကြသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောလို့ မရဘူး။ ဆိုတော့ ပြည်တွင်းမှာလည်း သတင်းထောက်တွေက အားကြိုးမာန်တက်နဲ့ သတင်းတွေ ဆက်လက်ပြီးတော့ ရယူနေသူတွေ ရှိပါတယ်။ နောက်တခုကတော့ ကျနော်တိို့တွေ မြန်မာနိုင်ငံ ပြည်ပကနေပြီး ပြည်တွင်းကို နည်းမျိုးစုံနဲ့ ဆက်သွယ်ပြီး မေးမြန်းနေတာတွေလည်း ရှိပါတယ်။ ဆိုတဲ့အပိုင်းမှာ ကျနော်တို့အဖို့ကတော့ သတင်းအချက်အလက်တွေက မှန်ကန်ဖို့၊ ခိုင်မာဖို့၊ နောက်တခါ အသေးစိတ် အချက်အလက်တွေ ရရှိဖို့အတွက် ကျနော်တို့ ကြိုးစားနေတဲ့အပိုင်းကို တွေ့ရတယ်။ အခု သာမန်ရိုးကျ - အပေါ်ယံအားဖြင့် ဘာတွေ့ရသလဲဆိုတော့ အခုက စစ်ပွဲသတင်းတွေကပဲ လွှမ်းမိုးနေတော့ ဒီစစ်ပွဲမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ပေးပို့နေတဲ့ အချက်အလက်တွေ။ ဒါတွေကတော့ အဓိကသတင်းတွေကို လွှမ်းမိုးနေတာပေါ့။ ဆိုတော့ တော်လှန်ရေးအင်အားစုတွေကိုလည်း ကျနော်တို့က ယုံကြည်မှုလည်း ရှိပါတယ်။ သို့ပေမဲ့လဲ သတင်းအချက်အလက်တွေ ပိုပြီးခိုင်မာအောင် အသေးစိတ် ရရှိအောင်အတွက်ဆိုပြီး ကျနော်တို့ရဲ့ သတင်းအရင်းအမြစ်တွေကို ကျနော်တို့တွေက တော်လှန်ရေးအင်အားစုတွေ တခုတည်းမဟုတ်ဘဲနဲ့ တတ်နိုင်သမျှ diversification of sources သတင်းရင်းမြစ်ကို ဖြန့်ခွဲပြီးတော့မှ လေ့လာဖို့အတွက်တွေ ကျနော်တို့တွေ ကြိုးပမ်းအားထုတ်နေတာ ရှိတယ်။ သတင်းရင်းမြစ်တွေကိုစုံအောင် တတ်နိုင်သမျှ ကျနော်တို့တွေ ကြိုးစားပြီးမှ အသေးစိတ်အချက်အလက်တွေကို ကိုက်ညီအောင် လုပ်ပါတယ်။

မေး ။ ။ အခုလို အခက်အခဲတွေကြားကနေ Myanmar Now က သတင်းဝန်ဆောင်မှုတွေ ပေးနေတဲ့အပိုင်းမှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အကျိုးသက်ရောက်မှု ရှိမရှိအပိုင်းကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ အင်မတန်အရေးကြီးပါတယ်။ သတင်းခေတ် - မြန်မာပြည်က သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍတခုတည်း မဟုတ်ဘဲ၊ တကမ္ဘာလုံးက သတင်းခေတ်ကြီး ရောက်ရှိလာခဲ့တယ်။ သာမရိုးကျ သတင်းစာတိုက်တွေရဲ့ သတင်းဝန်ဆောင်မှုတခုတည်းမကတော့ဘဲနဲ့ ဆက်သွယ်ရေးနည်းပညာတွေ ထွန်းကားတဲ့အတွက်ကြောင့်မို့ လူတွေဟာ တဦးနဲ့တဦး ပေါင်းကူးပြီးတော့မှ သတင်းအချက်အလက်တွေ ဖလှယ်နိုင်မယ့် သတင်းခေတ်ကြီးရဲ့ အကျိုးကျေးဇူးကြောင့် ဒီတော်လှန်ရေးက ဒီလောက်အထိ တာရှည်နေတယ်လို့ ပြောလို့ရတယ်။ နောက်ပြီးတော့ စစ်အာဏာရှင်နဲ့ ပတ်သက်ပြီးတော့ ဒီစစ်အာဏာရှင်စနစ်က ဒီလောက်အထိကို ဆိုးရွမ်းသွားတယ်။ ဒီလောက်ထိ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုတာကိုလည်း အသက်ကြီးပိုင်းတွေနဲ့၊ ငယ်ရွယ်တဲ့သူတွေလည်း နားလည်တယ်ဆိုတာ သတင်းခေတ်ရဲ့ အကျိုးကျေးဇူးကြောင့်ဆိုတာကို ကျနော်တို့ ကောက်ချက်ချလို့ ရပါတယ်။ လတ်တလောအားဖြင့် မြန်မာပြည်မှာရှိတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတော့ တိုင်းသူပြည်သားတွေက ဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေး အရှိန်နဲ့ ပတ်သက်ပြီးတော့ တတ်နိုင်သမျှ မှန်မှန်ကန်ကန် သုံးသပ်နိုင်တယ်။ စစ်ကောင်စီက ဘာတွေလုပ်နေသလဲဆိုတော့ သိတဲ့အတိုင်းပဲ နိုင်ငံပိုင်သတင်းမီဒီယာတွေကို အသုံးချပြီးတော့ သူတို့ရဲ့ ဝါဒဖြန့်ချီရေးယန္တရားတွေကို ပိုမိုတိုးမြှင့်တယ်။ ဒါနဲ့ မလုံလောက်ဘူး၊ တန်ပြန် သူတို့ရဲ့ လက်ဝေခံ မီဒီယာမျိုးစုံမွေးဖွားပြီးတော့ ပြည်သူလူထုကို လူမှု့ကွန်ရက် မီဒီယာပလက်ဖောင်းတွေကနေ ဝါဒမှိုင်းတွေတိုက်ဖို့ကို ကြိုးစားတယ်။

ဒါတွေကို ကျနော်တို့အနေနဲ့ တန်ပြန်ဖို့ အရေးကြီးပါတယ်။ သတင်းမီဒီယာတွေအားလုံးကနေ လုပ်ရမယ်။ ဒီသတင်းတွေ မဟုတ်မမှန်ဘူးဆိုတာကို ကျနော်တို့က သွားပြောစရာမလိုဘဲနဲ့ တကယ် ဘာတွေဖြစ်ပျက်နေသလဲ။ နေ့တဓုဝ လူ့အဖွဲ့အစည်းမှာ ဖြစ်နေတာတွေကို ပြောပြဖို့အတွက် လိုအပ်တယ်။ ပြောလည်းပြောပြနေကြတယ်။ အဲဒီလို ပြောပြတဲ့အတွက်ကြောင့်မို့ စာဖတ်သူတွေ၊ သတင်းစားသုံးတဲ့ မြန်မာပြည်သူလူထုက အခြေအနေမှန်ကို သဘောပေါက်ကြတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့တွေက တော်လှန်ရေးရဲ့ အခြေအနေကို သိရဖို့လိုအပ်တယ်။ စီးပွားရေးရဲ့ အခြေအနေကိုလည်း သိရဖို့လိုအပ်တယ်။ မှားယွင်းတဲ့ မျှော်လင့်ချက်တွေလည်း မဖြစ်ပေါ်အောင် အခြေအနေမှန်ကိုလည်း သဘောပေါက်အောင်။ နောက်ပြီးတော့ စစ်ကောင်စီရဲ့ ဝါဒမှိုင်းကို တိုက်ပြီးတော့မှ စိတ်ဓါတ်လည်းမကျအောင်၊ မျိုးစုံလုပ်ဖို့အတွက် အကောင်းဆုံးကတော့ မှန်မှန်ကန်ကန် အခြေအနေကိုပေးမှ၊ ပြည်သူလူထုတင်မကဘူး၊ တော်လှန်ရေးကို ဦးဆောင်နေတဲ့လူတွေလည်း သတင်းအချက်အလက် မှန်မှန်ကန်ကန်ကို သိရှိဖို့အတွက် လိုအပ်ပါတယ်။ အဲဒီကျမှပဲ မှန်ကန်တဲ့ informed decision အချက်အလက် ပြည့်ပြည့်ဝဝပေါ် အခြေခံပြီး သုံးသပ်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်ပါတယ်။

မေး ။ ။ အဲဒီသတင်းအချက်အလက် မှန်ကန်ရေး၊ နောက်ပြီးတော့ သတင်းအရ ဘက်မျှမျှတတ ဖြစ်ရေးအပိုင်းမှာ ဘယ်လိုဆောင်ရွက်သလဲရှင့်။

ဖြေ ။ ။ ကျနော်တို့က တတ်နိုင်သမျှတော့ ဘက်ပေါင်းစုံကနေ သတင်းအချက်အလက်တွေကို ကျနော်တို့ ထည့်နိုုင်သမျှ ထည့်သွင်းတယ်။ ဥပမာအားဖြင့် စစ်ကောင်စီက ထုတ်ပြန်ချက်တွေကိုလည်း သူတို့ဘက်ကလည်း ခုခံကာကွယ်ခွင့် ရှိပါတယ်။ တတ်နိုင်သမျှ သူတို့ပြောဆိုချက်တွေကို ထည့်ပေးပါတယ်။ မရတဲ့အခါကြတော့လည်း ကျနော်တို့ မတတ်နိုင်ဘူး။ အချို့အချိန်တွေမှာ သူတို့ဆီက မရဘူး။ ဒါပေမဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့အခါမှာလည်း သူတို့က ဒီလိုထုတ်ပြန်တယ်ဆိုပြီးတော့ သီးခြားသတင်းတွေလည်း Myanmar Now တခုတည်း မဟုတ်ပါဘူး၊ ကျန်တဲ့ သတင်းဌာနတွေလည်း အခုလိုမျိုးပဲ ထုတ်ပြန်နေကြတာ တွေ့ရပါတယ်။ တတ်နိုင်သမျှတော့ ဘက်ပေါင်းစုံကနေ သတင်းအချက်အလက်တွေကို တင်ဆက်ပေးနေပါတယ်။ အခုလိုမျိုး စစ်ပွဲကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း တတ်နိုင်သမျှ ပြည်သူလူထုကို သိစေချင်တယ်။ ဒါကတချက်ပေါ့။ နောက်တခါကြတော့ သံသယရဲ့ အကျိုးခံစားခွင့်ဆိုတာ ရှိတယ်။ တရားရုံးတင်မကဘူး၊ သတင်းစာလောကမှာလည်း ရှိတယ်။ လူတဦးတယောက်ကို လုပ်ကြံတယ်။ သံသယနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် လုပ်ကြံတယ်ဆိုတဲ့အခါကြတော့ ခံရသူတွေဘက်က ပြောဆိုခွင့်ဆိုတာ ရှိတယ်။ အဲဒီအပိုင်းတွေကိုလည်း ကျနော်တို့က တင်ဆက်ချင်တယ်။ နောက်တခုကတော့ စစ်ပွဲကြောင့် အားလုံးမှာ လူ့အဖွဲ့အစည်းတခုလုံးမှာ ကြေကွဲဝမ်းနည်းရတယ်ဆိုတဲ့ သတင်းစကားတွေကိုလည်း အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေ၊ ဒါတွေက ဘယ်လောက်အထိ တိုင်းပြည်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်ဆိုတာကိုလည်း ဒီသတင်းစကားကို ပေးချင်တဲ့အတွက်ကြောင့် တင်ဆင်ပါတယ်။ အခုလိုမျိုး နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့က တင်ဆက်နေတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်တကယ်တော့ အမှန်တရားဆိုတာ ဘာလဲဆိုတော့ - အမှန်တရားဆိုတာ ကျနော်တို့တွေက လူတဦးတယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုခုပဲဖြစ်ဖြစ် အမှန်တရားတခုကို ပြည့်ပြည့်စုံစုံ မတင်ဆက်နိုုင်ပါဘူး။ မရရှိနိုင်ပါဘူး။ ဒါကြောင့်မို့ ရရင်ရသလို ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီးတော့ တင်ဆက်မှသာလျှင် အမှန်တရားကို ချဉ်းကပ်နိုင်တဲ့အဆင့်ပဲ ရောက်ရှိနိုင်မှာပါ။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီဘက်ကတော့ နိုင်ငံတကာသတင်းဌာနတွေကို မြန်မာနိုင်ငံမှာ သတင်းလွတ်လွတ်လပ်လပ်ယူခွင့် ပေးထားတယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်ကပဲ အယ်ဂျာဇီးယားက သတင်းသမားတဦးကို ဖိတ်ခေါ်ပြီးတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ အစီအစဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခွင့် - ဗိုလ်ချုပ်ဇော်မင်းထွန်းက တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ပါတယ်။ ဆိုတဲ့အခါကြတော့ စစ်ကောင်စီက နိုင်ငံတကာသတင်းဌာနတွေကို ဆက်ဆံနေတဲ့အပိုင်း။ နောက် ပြည်တွင်းမှာ သတင်းဌာနတွေကို သူတို့ ဆက်ဆံနေတဲ့အပိုင်းတွေက ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိသလား။ သတင်းမီဒီယာကို ခဏထားလိုက်၊ လွတ်လပ်စွာ ပြောဆိုခွင့် ရှိသလားဆိုတဲ့အချက်က အင်မတန် အရေးကြီးပါတယ်။ အဲဒီအချက်တခုတည်းနဲ့ပင် သတင်းစာလွတ်လပ်ခွင့် ရှိသလား။ မရှိဘူးလားဆိုတာကို ဆုံးဖြတ်လို့ရတယ်။ လူတွေက သူတို့ရဲ့ ဆန္ဒကို ရိုးသားစွာနဲ့ တခါတည်းပဲ၊ အကြောက်အရွံ မရှိဘဲနဲ့ ဖော်ထုတ်နိုင်သလား။ ဒါက သတင်းခန်းမတွေရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ သတင်းခန်းမတွေဆိုတာ လူတွေရဲ့ ပြောဆိုနိုင်မှုပေါ် အခြေခံပြီးတော့ လည်ပတ်ရတာပါ။ ဒါကတပိုင်းပေါ့။ နောက်တခုကတော့ ဘာလဲဆိုတော့ ကျနော်တို့ သတင်းမီဒီယာလောကကို ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ သိရသလောက်ဆိုရင် အခုလိုမျိုး အနောက်နိုင်ငံတွေကနေ နိုင်ငံကြီးတွေရဲ့ အကူအညီနဲ့ လည်ပတ်နေတဲ့ BBC, VOA တို့လို သူတို့သဘောထားတမျိုးထားပြီး ဆက်ဆံနေတာကို ကျနော်တို့ တွေ့ရတယ်။ ပြောရမယ်ဆိုရင် ကိုယ့်နိုင်ငံအတွင်းမှာ Home-grown လို့ခေါ်တဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ဘာမှကျောထောက်နောက်ခံ မရှိဘဲ၊ ပေါက်ဖွားလာတဲ့ မီဒီယာဆိုရင် သူတို့တွေက တမျိုးဆက်ဆံတာကို ကျနော်တို့ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ အရေးကြီးဆုံးသတင်းဆိုရင် ဘယ်သတင်းက အရေးကြီးဆုံးလဲဆိုတဲ့အခါကြတော့ အာဏာအရှိဆုံး လူက ကျူးလွန်တဲ့ ရာဇဝတ်မှုက အရေးကြီးဆုံးပဲ။ အဲဒါဆိုရင် ဘာမှမေးခွန်းထုတ်စရာ မလိုဘူး။ စစ်တပ်က ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေ၊ ဖမ်းဆီးမှုတွေက အရေးကြီးဆုံးပဲ။ ဒီဟာတွေနဲ့ ပတ်သက်ပြီး မဖော်ပြတဲ့ သတင်းဌာနမျိုးဆိုတာ ကျနော့်အနေနဲ့ သတင်းမီဒီယာလို့တောင် မသတ်မှတ်ဘူး။ ဆိုတော့ ဒီလိုအနေအထား ရှိပါတယ်။ မြန်မာပြည်မှာရှိတဲ့ အခြေအနေတွေက။ ဆိုတဲ့အခါကြတော့ စစ်ကောင်စီက သူတို့ကို ဘယ်လောက်အထိ ဝေဖန်သလဲပေါ် မူတည်ပြီးတော့ တချို့ဟာတွေက ဆက်ဆံကိုင်တွယ်တဲ့ အနေအထား ရှိပါတယ်။

မေး ။ ။ အဲဒီတော့ အခု ကိုဆွေဝင်းတို့လို Myanmar Now တို့လို စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ခံရတဲ့ သတင်းမီဒီယာတွေရဲ့ အခုလက်ရှိ ရပ်တည်နေရတဲ့အပိုင်းမှာ အဓိက အခက်အခဲတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ အဓိက အခက်အခဲကတော့ ပြောရမယ်ဆိုရင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သတင်းလွတ်လပ်စွာ ယူခွင့်မရှိတဲ့ ကိစ္စပဲ။ ကျနော်တိို့တွေ ခရီးတွေ သွားလာခွင့် မရဘူး။ နောက် လူတွေကို လွတ်လပ်စွာ မေးမြန်းခွင့် မရဘူး။ လူတွေက အကြောက်တရား ရှိကြတယ်။ ပုံမှန်အားဖြင့် အခြေအနေမှာ ကြောက်လည်းကြောက်စရာကောင်းတဲ့ အခြေအနေ။ ဆိုတဲ့အခါကြတော့ အဲဒီအခြေအနေမှာ သတင်းယူလို့မရတဲ့ အခြေအနေကို ရင်ဆိုင်ရတယ်။ အလွယ်တကူ ခရီးတွေ သွားလို့မရဘူး။ ကျနော်တို့ ခရီးသွားလို့မရတဲ့ နယ်မြေတွေ အများကြီး ဖြစ်ပေါ်လာတယ်။ အခုဆိုရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စစ်မီးတွေ ဟုန်ဟုန်တောက်နေတယ်။ ကျနော်တို့ ဘယ်လောက်အတိုင်းအတာအထိ ခရီးသွားနိုင်သလဲ။ အများကြီး အကန့်အသတ် ရှိတယ်ဆိုတော့ ဒါတွေကို တခါတလေ စစ်ပွဲနဲ့ မပတ်သက်ဘဲနဲ့ တိုင်းပြည်မှာ အရေးကြီးနေတဲ့ ကိစ္စတွေလည်း ရှိနေပြန်တယ်။ ဥပမာအားဖြင့် ကျွန်ပြုမှုတွေ၊ လူကုန်ကူးမှုတွေ။ လူတွေရဲ့ဘဝတွေကို ဖျက်ဆီးပစ်တာ။ အဲဒီလိုဟာမျိုးတွေကိုလည်း ကျနော်တို့တွေက သွားပြီးတော့ သတင်းမယူနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတယ်။ နောက်တခါ ကျနော် ဟိုတုန်းက ရေးခဲ့ဖူးတဲ့ သတင်းတွေ ရှိပါတယ်။ ဘုန်းကြီးကျောင်းတချို့မှာ အမျိုးသမီးငယ်တွေကို စော်ကားမော်ကားလုပ်နေတဲ့ ကိစ္စမျိုးတွေ။ ဒါမျိုးတွေလည်း ကျနော်တို့ သတင်းယူခွင့် မရတော့ဘူး။ ဆိုတော့ စစ်ပွဲအောက်မှာ ဆုံးရှုံးနစ်နာမှုတွေ၊ စစ်ပွဲနဲ့မဆိုင်တဲ့ ဆုံးရှုံးနစ်နာမှုတွေကို ကျနော်တို့တွေက သတင်းယူခွင့်မရတဲ့ အခြေအနေက ကျနော်တို့ သတင်းထောက်တွေအတွက်လည်း အင်မတန် ခက်ခဲတဲ့ကိစ္စ၊ ဝမ်းနည်းစရာကိစ္စ တခု ဖြစ်သလို၊ ပြည်သူလူထုအတွက်လည်း အင်မတန် ဝမ်းနည်းစရာကိစ္စတခုပါ။

XS
SM
MD
LG