သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား သတင်းလွတ်လပ်ခွင့် ဝါရှင်တန်မှာဆွေးနွေး


ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် - RSF's 2023 World Press Freedom index
ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် - RSF's 2023 World Press Freedom index

ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။ ဝါရှင်တန်မှာ မနေ့က ကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဆွေးနွေးခဲ့ကြတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ VOA အကြီးတန်း သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ကုလသမဂ္ဂအကြီးတန်းတာဝန်ရှိသူတွေ နဲ့ တခြားတာဝန်ရှိသူတွေ ကပြောလိုက်ပါတယ်။

"ကမ္ဘာတဝန်းမှာရှိတဲ့ သတင်းထောက်တွေ ပိုမိုဖိနှိပ်ခံနေရတယ်ဆိုတာ ကျနော်တို့သိပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခံနေရတာပါ။ ဒါက အခုအခါဆို Wall Street Journal သတင်းထောက် Evan Gershkovich ကို ဖမ်းဆီးတဲ့ကိစ္စမှာ အထင်အရှား ပြန်ပြီး ပေါ်လွင်လာခဲ့ပါတယ်။ Gershkovich သူ့အလုပ်သူလုပ်နေတာကို မော်စကိုမှာ မတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သူပြန်လည်လွတ်မြောက်လာဖို့ အတွက်၊ သူ့ကိုချက်ချင်း လွတ်ပေးဖို့အတွက် ရုရှားနဲ့ အကြီးအကျယ် စေ့စပ်ဆွေးနွေးနေပါတယ်။ "

Russia Journalist Detained
Russia Journalist Detained

Wall Street Journal သတင်းထောက် Evan Gershkovich ကို မော်စကိုမြို့မှာ ပြီးခဲ့တဲ့လက ရုံးထုတ်ခဲ့ပြီး၊ တရားရုံးက သူ့ကို အာမခံ မပေးခဲ့ပါဘူး။ သူ့ကို သူလျှိုလုပ်တယ်ဆိုပြီး ရုရှားက ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ ဒီအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ရုရှားအစိုးရဟာ နိုင်ငံရေးအရကစားဖို့အတွက် လူတွေကို မှားယွင်းစွာဖမ်းဆီးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

မနေ့က ဝါရှင်တန်ပို့စ်သတင်းစာက စီစဉ်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဝန်ကြီး ဘလင်ကန် စကားပြောနေတုန်းမှာပဲ၊ ဆန္ဒပြတဲ့သူ ၂ ယောက်က စင်ပေါ်ကို တက်လာပြီးတော့ ၊ အမေရိကန်မှာ သူလျှိုလုပ်မှုနဲ့ စွဲချက်နဲ့ တရားစွဲခံထားရပြီး ဗြိတိန်မှာ ဖမ်းဆီးခံထားရတဲ့ Wikileaks စာမျက်နှာတည်ထာင်သူ Julian Assange ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီပွဲမှာ ဝန်ကြီးဘလင်ကန် နဲ့ အတူ စင်ပေါ်မှာ ဆွေးနွေးနေတဲ့ David Ignatius ကလည်း အဲဒီလိုဆန္ဒပြပြီးချင်းမှာပဲ ချက်ချင်းဆိုသလိုပဲ၊ ကျနော်တို့ ဒီကိုလာကြတာဟာ သတင်းလွတ်လပ်ခွင့် ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခမ်းအနားအတွက် လာကြတာဖြစ်ပြီး၊ ဒါကို ကျနော်တို့ အခုပဲ ကြုံတွေခဲ့ရပါတယ်လို့ ပြောလိုက်ပါတယ်။

ဒန်နီဖန်စတာ - RSF's 2023 World Press Freedom index
ဒန်နီဖန်စတာ - RSF's 2023 World Press Freedom index

ဒီအခမ်းအနားမှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ Frontier Myanmar သတင်းဌာန အယ်ဒီတာ Danny Fenster ကလည်း မြန်မာနိုင်ငံ အပါအဝင် သတင်းမီဒီယာ ဖိနှိပ်မှု အခြေအနေတွေကို ပြောသွားခဲ့တာပါ။ ဖမ်းဆီးခံခဲ့ရပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ လွတ်မြောက်လာတဲ့ အပေါ်မှာလည်း ကျေးဇူးတင်စကား ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မနေ့က ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အခုလို ပြောလိုက်ပါတယ်။

"ခြိမ်းခြောက်တာတွေ တိုက်ခိုက်တာတွေကို ရပ်ပါ။ သတင်းသမားတွေ သူတို့အလုပ်သူတို့လုပ်နေတဲ့အပေါ်မှာ ခြိမ်းခြောက်နေတာတွေ တိုက်ခိုက်နေတာတွေ ရပ်ပါ။ ပြီးတော့ လိမ်ညာပြီးတော့ သတင်းအမှားတွေ ဖော်ပြနေတာတွေကို ရပ်ပါ။ အမှန်တရား နဲ့ အမှန်တရားကို ပြောနေတဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ရပ်ပါ"

သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ကလည်း ကမ္ဘာတဝန်းက နိုင်ငံနဲ့ နယ်မြေ ၁၈၀ မှာရှိတဲ့ သတင်းထောက်တွေအလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ ၂၀၂၃ ခုနှစ်ရဲ့ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ အညွှန်းကိန်းကို ဗုဒ္ဒဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာတော့ နိုင်ငံ ၃၁ နိုင်ငံက အခြေအနေဟာ အလွန်စိုးရိမ်ရပြီး၊ ၄၂ နိုင်ငံက ခက်ခဲတဲ့အခြေအနေမှာရှိသလို၊ ၅၅ နိုင်ငံကတော့ ပြဿနာရှိတဲ့အနေအထားဖြစ်ပြီးတော့၊ ၅၂ နိုင်ငံကတော့ ကျေနပ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြပါတယ်။

နော်ဝေးနိုင်ငံကတော့ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုကတော့အဆင့် ၄၅ မှာရှိပြီး ၊ တချိန်တည်းမှာပဲ ရုရှားနိုင်ငံကတော့ အဆင့် ၁၆၄ ကို ကျဆင်းသွားပြီး တရုတ်နိုင်ငံက အဆင် ၁၇၉ နဲ့ အောက်ဆုံးကရေတွက်ရင် ဒုတိယနေရာမှာရှိပြီး၊ မြောက်ကိုရီးယားနိုင်ငံကတော့ အောက်ဆုံးက သတင်းလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG