သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းအန္တရာယ် ကရင်နီဒေသခံတွေစိုးရိမ်


စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရှင်းလင်းနေစဉ် - Photo- ABSDF (နိုဝင်ဘာ ၄၊ ၂၀၂၃)
စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရှင်းလင်းနေစဉ် - Photo- ABSDF (နိုဝင်ဘာ ၄၊ ၂၀၂၃)

မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကတော့ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြဆဲပါ။ ကရင်နီဒေသက မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို မအိသန့်စင် ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ ရင်ဆိုင်နေရတဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို ရှင်းလင်းနိုင်ဖို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ကြိုးပမ်းနေကြတာပါ။ မကြာသေးခင်က စတင်လိုက်တဲ့ မိုင်းရှင်းလင်းရေး အခြေအနေနဲ့ ပတ်သက်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုပြန်ကြားရေးဌာနက အခုလို ရှင်းပြပါတယ်။

“အရင်တုန်းက စကစ ထိုင်ခဲ့တဲ့ နေရာတွေပေါ့၊ မိုင်းထောင်ထားခဲ့တာ အဲ့ဒါကို ပြန်ရှင်းလင်းရေး လုပ်နေတယ်ဗျ။ အခက်အခဲတော့ အများကြီးရှိပါတယ်၊ ရှင်းလင်းတဲ့ နေရာမှာတော့ ဆီဖိုးတွေအဲ့လိုမျိုး ပြီးတော့ မိုင်းကလည်း တော်တော်များများရပါတယ်ဗျ။ သူတို့တော့ တင်ပြလာတာမရှိသေးဘူးပေါ့ အသေးစိတ်လာပြောပြမရှိဘူးပေါ့ တော်တော်များများတော့ ရပါတယ်ဗျ။”

မိုင်းရှင်းလင်းရာမှာ ထိခိုက်ဒဏ်ရာရရှိသူ တချို့ ရှိခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိတော့ မရှိဘူးလို့လည်း ပြောပါတယ်။ စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင်အင်အားစုတွေကြား တိုက်ပွဲတွေအတွင်း မြေမြှုပ်မိုင်း အသုံးပြုမှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ငြိမ်သက်နေပေမဲ့ ဒေသခံတွေကတော့ နေရပ်ပြန်ဖို့ စိုးရိမ်နေကြတာပါ။

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်မှာ ခိုလှုံနေတဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာသားတဦးကတော့ နေရပ်မပြန်ရဲဘူးလို့ ပြောပါတယ်။

“ပြန်မနေနိုင်သေးဘူး၊ ကျမတို့ဘက်မှာ ပြန်နေလို့မရသေးဘူး။ အခုက သူတို့ပြန်ရှင်းလင်းပေးနေတယ်။ တချို့ရွာတွေက ရှင်းနေပြီးပေါ့နော်၊ ကျမတို့ရွာဘက်မှာတော့ မရောက်သေးဘူးလို့ ပြောတယ်။”

အလားတူ ဆီဆိုင်မြို့နယ်မှာ ခိုလှုံနေတဲ့ ကရင်နီဒေသခံတဦးကလည်း လုံခြုံရေးအတွက် စိတ်မချရသေးဘူးလို့ ပြောပါတယ်။

“သူတို့က အသက်ပေးပြီးတော့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးတဲ့အတွက်လည်း သူတို့ကို အရမ်းကျေးဇူးတင်တယ်ပေါ့နော်၊ ဒါပေမယ့်လို့ ပြည်သူတွေက ပြန်ဖို့ဆိုလည်း လုံးလုံးကြီး စိတ်ချရတဲ့အခြေအနေတော့ မဟုတ်သေးဘူး၊ ရွာခံတွေတော့ ချက်ချင်းကြီးပေးမပြန်ချင်သေးဘူးပေါ့နော်။ မြေမြှုပ်မိုင်းရှင်းတယ်ဆိုပေမယ့် လုံးလုံးရှင်းဖြစ်တာတို့ ဘာတို့ ဖြစ်ချင်မှဖြစ်မယ်၊ တလုံးတလေ ကျန်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့နော်၊ ပြန်နေဖို့ဆိုရင် စိတ်ချတဲ့အခြေအနေတော့ မရှိသေးဘူး အဲ့ဒါကြောင့်မို့လို့ ပြန်နေတာမရှိသေးဘူး။”

ဒေသခံလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က အသုံးပြုတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာပဲ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International ကသတိပေးထားပါတယ်။ မြေမြုပ်မိုင်း အသုံးပြုမှုကို နိုင်ငံတကာမှာ တားမြစ်ထားပေမဲ့ ကရင်နီဒေသ ကျေးရွာ ၂၀ ထက်မနည်းမှာ စစ်ကောင်စီတပ်တွေက မြေမြှုပ်မိုင်းတွေ အသုံးပြုခဲ့ပြီး၊ လူ ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့လည်း ကိုယ်တွေ့သိရှိခဲ့ရသူတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ပဋိပက္ခဒေသတွေမှာ စစ်ဘက် အရပ်ဘက်ပစ်မှတ်မခွဲဘဲ၊ မြေမြှုပ်မိုင်းသုံးနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG