သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လေကြောင်းတိုက်ခိုက်မှုပိုတိုးပြီး ၂၀၂၃ မြန်မာ့လူ့အခွင့်အရေး ပိုဆုတ်ယုတ်ကျဆင်း" - HRW အစီရင်ခံစာ


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)

၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်တပ်က တိုင်းရင်းသား လူနည်းစုဒေသတွေက ကျေးရွာတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေ ရှိတဲ့ နေရာတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုတိုးလာခဲ့တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရှာမရအောင် ဖျောက်ဖျက်တာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ အဓမ္မပြုကျင့်တာတွေ၊ တရားလက်လွတ် ဥပဒေမဲ့ ဖမ်းဆီး အကျဉ်းချတာတွေ စစ်တပ်က လုပ်ခဲ့တဲ့အကြောင်း ၂၀၂၄ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့်အရေးအစီရင်ခံစာမှာ ရေးသားထားတာပါ၊ တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေကို ပိုပြီး ဆုတ်ယုတ်ကျဆင်းခဲ့တဲ့အကြောင်း HRW အဖွဲ့ရဲ့ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က ပြောဆိုပါတယ်။

၂၀၂၃ ဧပြီလအတွင်း မြန်မာစစ်တပ်က စစ်ကိုင်းတိုင်းအတွင်းမှာ Thermobaric ခေါ် ပေါက်ကွဲမှု အားပြင်းတဲ့ ဗုံးတွေ လေကြောင်းကနေ အသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလအတွင်းမှာလည်း ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ အရပ်သားတွေ ရှိတဲ့ နေရာကို တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁၁ ယောက်အပါအဝင် ၂၈ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကပစ) ထုတ် ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေကို တိုက်ခိုက်ရေးမှ ပိုပြီး အသုံးပြုခဲ့တဲ့အကြောင်းနဲ့ အရပ်သားတွေ အများအပြားနေထိုင်တဲ့နေရာတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း အစီရင်ခံစာက ရေးသားထားပါတယ်။

၂၀၂၃ ခုနှစ် မေလ မိုခါ မုန်တိုင်း တိုက်ခတ်ပြီး ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေချိန်မှာ စစ်ကောင်စီဘက်က ခရီးသွားလာခွင့်တွေ ပိတ်ပင်ပြီး အကူအညီပေးရေးလုပ်ငန်းတွေနဲ့ လုပ်သားတွေအပေါ် ကန့်သတ် ပိတ်ပင်ခဲ့တာတွေကိုလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ စာမျက်နှာ ၇၄၀ ပါ ၂၀၂၄ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့်အရေးအစီရင်ခံစာဟာ နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေး အခြေအနေကို ဖေါ်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

XS
SM
MD
LG