သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမြို့ကြီးတွေမှာ တိုက်ပွဲပြင်းထန်လာနိုင်


ပုဏ္ဏားကျွန်း
ပုဏ္ဏားကျွန်း

ရခိုင်မြောက်ပိုင်း မဟာဗျူဟာကျတဲ့ ပလက်ဝဒေသတခုလုံးကို AA ရခိုင် တပ်တော်က ထိန်းချုပ်နိုင်ခဲ့တဲ့နောက် ရခိုင်မြောက်ပိုင်း မြို့ကြီးအတော်များများမှာပါ တိုက်ပွဲတွေပြင်းထန်လာမယ့်သဘောရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ မြေပြင်စစ်ထက် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ပိုပြီး လုပ်နေပါတယ်။ ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ရှိရာ ကျောက်တော်ကနေ အောက်ဘက် စစ်တွေနားတဝိုက်က မြို့ကြီးတွေဖြစ်တဲ့ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့ ရမ်းဗြဲအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ ရသေ့တောင်မြို့ခံ အမည်မဖော်လိုတဲ့ စစ်ရေးစောင့်ကြည့်နေသူကို မနေ့ကမေးရာမှာ ကျောက်တော် (စကခ-၉) တပ်မဟာအဆင့်ရှိတဲ့နေရာကို ဆုတ်လာတဲ့တပ်ရင်းတွေ အတိုက်ခံရတာအပါအဝင်ကို အခုလို စရှင်းပြပါတယ်။

"သူတို့က ပလက်ဝဒေသတခုလုံးကို သိမ်းပြီးတဲ့နောက်မှာ ဒီကျောက်တော်ကန်စောက်မှာရှိတဲ့ တပ်ရင်းနှစ်ရင်းကို သိမ်းပြီပေါ့၊ နောက်ပြီး ကျောက်တော် မဟာမုနိကနေပြီးတော့ ကျောက်တော်တပ်မကို ဆုတ်ခွါလာတဲ့ စစ်ကောင်စီတပ်ကို အေအေက ခြုံခိုပြီးတိုက်တာ တခုရှိတယ်။ နောက်ပြီးတော့ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရမ်းဗြဲကို အေအေဘက်က ဝင်ပြီးသိမ်းနေတာပေါ့။"

မေး။ ။ ဟုတ်ကဲ့၊ အဓိက-က အဲဒီဘက်မှာဖြစ်နေတဲ့တိုက်ပွဲတွေ နောက်ဆုံးထူးတာလေး ပြောပေးလို့ရမလား။

ဖြေ။ ။ ဒီနေ့ ထူးတာကတော့ မနက်က ကျောက်တော် ပီချောင်းထဲမှာ ရွာတော်တော်များများကို ဗုံးကြဲတယ်။ တိုက်ပွဲနဲ့မသက်ဆိုင်ဘူး၊ ဘာလဲမဖြစ်၊ အရင်လည်း မဖြစ်ခဲ့ဘူး၊ အဲဒီနေရာတွေမှာ။ ကျနော်သိသလောက်ကတော့ ခြောက်ယောက် သေတယ်တဲ့။ ၂၀ ကျော်လောက် ဒဏ်ရာရတယ်။ အိမ် ခြောက်ဆောင်၊ ခုနစ်ဆောင်လောက် မီးလောင်တယ်။ မနေ့ကဆိုရင် ဒီရသေ့တောင်ဘက်မှာ ဘာခလေ နွားတင်းကုတ် ဆိုတဲ့ရွာတွေကို ဗုံးကြဲတာပေါ့။ နောက် အေအေနဲ့ပတ်သက်တဲ့နေရာတွေလည်း အာလ်ဖာ 1 ခေါ်တဲ့ဘက်မှာ အနီးအနားတွေ ဗုံးကြဲတာတော့ ကြားရပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ နောက်တခုက မင်းပြားဘက်မှာလည်း ပွဲကြမ်းနေတယ်ကြားလို့၊ မြို့သိမ်းလုနီးပါးဖြစ်နေတယ်၊ အဲဒီအနေအထားကရော။

ဖြေ။ ။ ဟုတ်တယ်။ ရမ်းဗြဲဘက်မှာ မနေ့ကဆို ပေါင် ၅၀၀ ဗုံး ငါးလုံးလောက် လာကြဲချတာရှိတယ်။ တော်တော်များများမှာ အခြေအနေက တပ်ရင်း သုံးရင်းမှာ နှစ်ရင်းက ကျသွားပြီပြောတယ်။ တရင်းကတော့ ခံချနေတာပေါ့။ စုပြီး ခံချနေတယ်လို့ သိရတယ်။ မြောက်ဦးမှာဆိုရင် အရင်က ၅၄၀ တပ်ရင်းတခုတည်းတိုက်တာ။ ဒီဘက်မှာရှိတဲ့ ဘောင်းဒွဲ၊ တန်းရွှေကူဘက်မှာ၊ အဲဒီဘက်က တပ်ရင်း နှစ်ရင်းကတော့ ဒီမနက် ဝင်ပြီးတိုက်တာ ကြားတယ်။ နှစ်ဘက်စလုံးတော့ အကျအဆုံးရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေကတော့ တပ်ရင်းအပြင်ကို မထွက်ပါဘူး။

မေး။ ။ ဟုတ်ကဲ့၊ နောက် ပေါက်တောတို့ ရမ်းဗြဲတို့ဘက်မှာရော။

ဖြေ။ ။ ပေါက်တောတို့၊ ရမ်းဗြဲတို့ဘက်မှာကျတော့ မြို့တွင်းတိုက်ပွဲလို ဖြစ်သွားကြပြီ။ အပြန်အလှန်ကို ဖြစ်နေကြတာပေါ့။ ဟိုဘက် ဒီဘက်။

မေး။ ။ အဲဒီတော့ ကျောက်တော်မှာ ကံစောက်ဘက်မှာရော လက်နက်ချတာတို့၊ ဖမ်းဆီးတာတို့ ရှိခဲ့တယ်ကြားပါတယ်။ အဲဒါလေးရော ရှင်းပြလို့ရလား။ (၅၃၉) ထင်တယ်။

ဖြေ။ ။ ၅၃၉ ဟုတ်ပါတယ်။ ကြားပါတယ်။ အဲဒီမှာက အတိအကျတော့ ၂၈၉ ဦးပေါ့၊ တပ်ဖွဲ့ဝင်နဲ့ တပ်မိသားစုက အကုန် ၂၈၉ ယောက်။ ဒါကတော့ တပတ်လောက်ရှိပြီပေါ့၊ ဝင်တိုက်တာ။ အဲဒီမှာ အမြောက်တပ်ကတော့ အရင် သုံးရက် လေးရက်ကတည်းက ကျသွားပြီ။ မနေ့က ကိုးနာရီခွဲလောက်မှာတော့ အဲဒီ ၅၃၉ ကျသွားတာပေါ့။ အဲဒီမှာ ကျန်တဲ့သူတွေက လက်နက်ချတာပေါ့။ သူတို့တွေကိုတော့ အေအေက လုံခြုံတဲ့နေရာ ခေါ်သွားတယ်လို့တော့ ပြောကြတာပါပဲ။

မေး။ ။ ဟုတ်ကဲ့၊ နောက်ဆုံးရော ထူးတာ ရှိသေးလား၊ နောက်ထပ် ဖြစ်လာနိုင်ခြေပေါ့နော်။

ဖြေ။ ။ ဖြစ်လာနိုင်ခြေက ရသေ့တောင်မှာတော့ တော်တော် ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တာပေါ့။ ဒီနေ့ဆိုရင် တနေကုန် ရသေ့တောင်မြို့ပေါ်က လူတွေက မြို့ကို စွန့်ခွါပြီး သွားကြပြီပေါ့။ အရပ်သားတွေလေ။ အဲဒါကိုကြည့်ခြင်းအားဖြင့် မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်တယ်ပေါ့။ အရပ်သားဆိုရင် တယောက်မှ မကျန်ဘဲ အကုန် ထွက်ခွါသွားကြပြီပေါ့။ စွန့်ခွါသွားကြပြီပေါ့-မြို့ကို။
မင်းပြားမှာကတော့ မြို့ပေါ်ကတော့ လူတွေရှိတယ်။ မင်းပြားကတော့ တပ်နဲ့-တပ်ရင်းတွေနဲ့ကတော့ နည်းနည်း ခြားတာပေါ့။ တောင်တန်းတခုလောက်။ ခြားတော့ မင်းပြားမြို့ပေါ်မှာကတော့ အရပ်သား နည်းနည်းပါးပါးရှိတယ်။ ဒီနေ့လည်း တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဒါပေမဲ့ မနေ့ကတော့ လေကြောင်းကနေ ဗုံးလာကြဲတာတော့ နည်းသွားပြီပေါ့။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီမြောက်ပိုင်းမှာ သဘောတူညီချက်ရထားတာက ရခိုင်ပြည်နယ်နဲ့အကျုံးမဝင်တဲ့သဘောပေါ့နော်။ လက်ရှိ တိုက်ပွဲတွေကို ကြည့်ခြင်းအားဖြင့်။ အပြင်းထန်ဆုံးနေရာလိုဖြစ်နေတာပေါ့။ မြောက်ပိုင်းအပြီးမှာ။ အဲဒါလေးရော သုံးသပ်ကြည့်လို့ရလား။

ဖြေ။ ။ ရပါတယ်။ တရုတ်တွေရဲ့ဖိအားနဲ့ ရှမ်းမြောက်မှာ မဟာမိတ်သုံးဖွဲ့က အတိုက်အခိုက်ရပ်တယ်ဆိုပေမဲ့ ဒီ ရခိုင်ကိုတော့ မပါလောက်ပါဘူး။ ဒါပေမဲ့ အခုဆိုရင် ကျောက်မဲဘက်မှာလည်း ဖြစ်နေကြတာပဲ။ အမှန်တကယ်ကတော့ ကိုးကန့်နဲ့ပလောင်ကတော့ အတိုက်အခိုက်ရပ်ရင်လည်း ကိုယ့်နယ်မြေကိုယ် ရသွားပြီလေ။ ဒါက အဆင်ပြေသွားပြီပေါ့။ ရခိုင်ဘက်မှာကျတော့ တဝက်တပြက်နဲ့ မြို့ပေါ်တိုက်ပွဲတွေက တော်တော်များများ ဖြစ်နေတယ်ဆိုတော့ ဒါက အတိုက်အခိုက်ရပ်ရင်တောင် ဘယ်လိုအခြေအနေမျိုးနဲ့ရပ်မယ် ပြောရအောင်လည်း ခက်တယ်။ အဲဒီအတွက် ရပ်တန့်ဖို့တော့ မဖြစ်နိုင်ဘူးလို့ မြင်တာပဲ။

ဟုတ်ကဲ့၊ ကျေးဇူးပါ ဒေသခံခင်ဗျား။ ဒါ့အပြင် ရသေ့တောင်ဒေသရဲ့အဓိက ရေစိုးချောင်း ဗျူဟာကို ဒီအပတ်ထဲ စစ်ကောင်စီဘက်က ဆုတ်ပေးရပြီးတဲ့နောက် ပုဏ္ဏားကျွန်းက တောင်ပေါ် တပ်ရင်းပါ ကျသွားရင်တော့ စစ်တွေကို ထိထိရောက်ရောက် ဝိုင်းပြီးသား ဖြစ်သွားနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်နေတဲ့ အမည်မဖော်လိုတဲ့ ရခိုင် နိုင်ငံရေးသမားတဦးကလည်း ပြောပါတယ်။ ဒီအပေါ် စစ်ကောင်စီနဲ့ အေအေ ပြောခွင့်ရတို့ကို ကြိုးစားမေးခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူးခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG