သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ၅ ရက်အတွင်း ၁၈ ဦးထက်မနည်း သေဆုံး


ရခိုင်ပြည်နယ် ပေါက်တောမြို့ တိုက်ပွဲတခုအတွင်းတွေ့ရတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ
ရခိုင်ပြည်နယ် ပေါက်တောမြို့ တိုက်ပွဲတခုအတွင်းတွေ့ရတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးနဲ့ ပေါက်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲပြင်းထန်နေတာမှာ ၅ရက်အတွင်း အရပ်သား ၁၈ဦးထက်မနည်းသေဆုံးပြီး ၂ဝကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ မနေ့က တရက်တည်းမှာတင် လက်နက်ကြီးကျည်ကြောင့် ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ အနည်းဆုံး ရိုဟင်ဂျာ ၆ဦး သေဆုံးပြီး ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြားတိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း တနေ့ထက်တနေ့ တိုးလာနေပါတယ်။ လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပေါက်တောနဲ့ မြောက်ဦးမြို့နယ်မှာဆိုရင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီလက်နက်ကြီး ကျည်ကြောင့် အရပ်သား ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်၊ မနေ့က ညနေပိုင်းကလည်း ဘူးသီးတောင်မြို့နယ် သုံးဆယ့်တဘုံစေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ အနီးအနားက စေတီတောင် ရိုဟင်ဂျာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာ ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရိုဟင်ဂျာဒေသခံတဦးကပြောပါတယ်။

“မနေ့က ည ၉နာရီလောက်က လက်နက်ကြီးတွေ ပစ်တယ်၊ ပစ်တော့ စေတီတောင် ရိုဟင်ဂျာရွာမှာ ကျတယ်၊ အိမ်က ၂ လုံး၊ လက်နက်ကြီးကျပြီးတော့ မီးလောင်တယ်။ မီလောင်တဲ့အခါ ပျဉ်ထောင်အိမ်က လူ ၄ယောက် တခါတည်းသေတယ်၊ သုံးယောက်က လုံးဝ ပြာကျသွားတယ်။ တယောက်ကတော့ အလောင်းတပိုင်းတစရတယ်။ နောက်တအိမ်က ၂ ယောက်ဒဏ်ရာရတယ်။ နောက်ထပ်လည်း တယောက်ဒဏ်ရာရတယ်။ အခု ဒဏ်ရာရတဲ့ သုံးယောက်စလုံး ဘူးသီးတောင် ဆေးရုံကို ရောက်နေတယ်။”

ဒါ့အပြင် မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်က မွတ်စလင်ကျေးရွာတွေမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ဒေသခံ ရိုဟင်ဂျာ ၂ ဦးသေဆုံးပြီး ၈ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ ဘူးတလုံး ကျေးရွာက တဦးနဲ့ ကိုင်းတော ကျေးရွာက တဦးဖြစ်တယ်လို့ ကိုင်းတောဒေသခံ ရိုဟင်ဂျာအမျိုးသားတဦးက ပြောပါတယ်။

“မနေ့က ဘူးတလုံးကျေးရွာက တယောက်သေတယ်။ ကျနော်တို့ ကိုင်းတော ရွာကတော့ ယောကျ်ားလေးတယောက် သေသွားတယ်။ ထိခိုက် ဒဏ်ရာရတာကတော့ မနေ့က ဘူးတလုံးမှာ တယောက်၊ ယောကျ်ားလေး။ ပြီးတော့ ငါတို့ရွာမှာ ယောကျာ်း ၆ ယောက်နဲ့ ၇ နှစ်အရွယ် မိန်းကလေးတယောက် ဒဏ်ရာရတယ်။ သေဆုံးတာ နှစ်ဦး၊ ဒဏ်ရာရတာ ၈ဦးပေါ့။”

အခုလို ပစ်ခတ်မှုတွေကြောင့် မြောင်းဘွေ တိုက်နယ်အတွင်းက ကျေးရွာတချို့က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ မနေ့က လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ ကိုင်းတော ရိုဟင်ဂျာကျေးရွာမှာတော့ နေအိမ်တချို့လည်း မီးလောင် ပျက်စီးခဲ့သလို ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ကိုင်းတော ဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။

“ငါတို့ရွာမှာ လူဦးရေက ၁,၅ဝဝကျော်ရှိတယ်၊ အကုန်လုံး ထွက်ပြေးနေရတယ်။ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်။ ပြီးတော့ တိုက်ပွဲဖြစ်မှာကို တယောက်မှ မသိကြဘူးလေ။ ဗြုန်းခနဲ ဖြစ်သွားတာနဲ့ အင်္ကျီတွေ မပါဘူး၊ စောင်တွေ မပါဘူး၊ တခုမှ ပါမလာဘူး အိုးမဲ့ အိမ်မဲ့တွေ ဖြစ်သွားတာပေါ့။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုမိုပြင်းထန်လာနေသလို တိုက်ပွဲဧရိယာတွေဟာလည်း ရခိုင်တောင်ပိုင်းအထိ တစစကျယ်ပြန့်လာနေတာပါ။

အခုလိုတိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေလည်း တိုးလာနေပြီး လူဦးရေ ၃ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရခိုင် အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG