သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တောင်ပိုင်း ရမ်းဗြဲအထိတိုက်ပွဲ ကျယ်ပြန့်လာ


ရမ်းဗြဲမြို့အဝင် ဆိုင်းဘုတ်
ရမ်းဗြဲမြို့အဝင် ဆိုင်းဘုတ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော် အဖွဲ့ကြား တနေ့ထက်တနေ့ တိုက်ပွဲတွေ ပြင်းထန်လာနေသလို အရပ်သား ထိခိုက် သေဆုံးတာတွေလည်း တိုးလာနေပါတယ်။ ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွါးမှုတွေကလည်း ရခိုင်တောင်ပိုင်းအထိ ကျယ်ပြန့်လာနေတာပါ။ ဒီကနေ့ မနက်ပိုင်းကလည်း ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့မှာ စစ်ကောင်စီနဲ့ AA တပ်ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်တွေနဲ့ပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ရမ်းဗြဲဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲဟာ တနေ့ထက်တနေ့ ပြင်းထန်လာနေပါတယ်။ လက်ရှိမှာတော့ အရင်က တိုက်ပွဲ ဖြစ်လေ့ ဖြစ်ထမရှိတဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်အထိကို တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွါးလာ နေတာပါ။ ဒီကနေ့ မနက်ပိုင်းက ရမ်းဗြဲမြို့အနီးမှာ စစ်ကောင်စီနဲ့ AA တပ်တို့ တိုက်ပွဲပြင်းထန် နေသလို စစ်ကောင်စီက လေကြောင်း ကပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရမ်းဗြဲဒေသခံ တဦးက VOA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ ၈ နာရီလောက်ကလို့ ကျနော်တို့သိရတယ်၊ ၁ နာရီခွဲလောက် အထိ ကို ၅ကြိမ် လောက်ရောက်လာပြီးတော့ လေယာဉ်က ၅ကြိမ်လောက်ရောက်လာပြီးတော့၊ လေယာဉ်အခေါက်ရေ ပြောတာ။ လာပြီးတော့ မြို့ပြင်တွေကို ပစ်သွားတယ်၊ မြို့ထဲကလည်း ကျနော်သိသလောက်ဆိုရင်တော့ မြို့ထဲ အမှတ် ၅ ရပ်ကွက် အဘွားတဦးကို ထိတယ်လို့တော့ သိရတယ်။ ”

အခုလို မြို့ပေါ် လူနေ ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးသူ တချို့ရှိသလို မြို့လုံးကျွတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ရမ်းဗြဲမြို့ ခံတဦးကပြောပါတယ်။

“လက်ရှိမှာတော့ ၁၂နာရီခွဲလောက်က ရပ်သွားပြီးတော့ အခု ၂ နာရီခွဲလောက် ကတည်းက အခုအချိန်ထိ ရှိနေသေးတယ်၊ မကြာခဏကို ပစ်နေတယ်။ အခုလည်း ကျနော် မြင်တောင်မြင် နေရတယ် ဂျက်ဖိုက်တာဗျာ၊ ဒေသခံတွေကတော့ မြို့ထဲမှာ ကုန်သလောက် ရှိနေပြီ ဆွေးမျိုးတွေ ရှိတဲ့ ရွာတွေကို သွားနေကြတာနဲ့ တူပါတယ်။”

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရမ်းဗြဲမြို့နယ်မှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် သေဆုံး ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုဖို့ ခက်ခဲနေတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ AA ရခိုက္ခိုင်တပ်တော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မနေ့က ညနေပိုင်း ကလည်း မြေပုံမြို့နယ် ကန်းထောင်းကြီး မြို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်တဲ့ ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ညကတော့ သူတို့ နှစ်ချက်ပစ်တယ်ပေါ့၊ မြို့ထဲကိုပစ်တယ်၊ အဲဒီမှာ မိန်းမ ယောကျာ်း သုံးယောက် ဒဏ်ရာ အနည်းငယ်။ များများစားစားတော့ မဟုတ်၊ စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မဟုတ်ဘူး။ အဲလို တော့ မနေ့ညက ဖြစ်ခဲ့တာရှိတယ်။ နောက် သက်ကြီးပိုင်း တယောက် ပေါ့နော်။ အဲအသံကိုကြားပြီးတော့ နဂိုကတည်းက နှလုံးရောဂါ ရှိတယ်ထင်တယ်၊ အသံကြား ပြီး ဆုံးသွားတဲ့ တယောက်လည်းရှိတယ်၊ ဒါက မနေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စပါ။”

ရခိုင်ပြည်နယ်မှာ စခန်းပေါင်း များစွာကို လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီအနေနဲ့ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့ လူနေ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လက်ရှိတိုက်ပွဲမှာ ပိုလုပ်ဆောင်လာတာကိုတွေ့ရတယ်လို့လည်း ဦးဖေသန်းကပြောပါတယ်။

“ဒါက နည်းဗျူဟာတခုအနေနဲ့ ဒီစစ်ပွဲမှာ တောက်လျောက်သုံးလာခဲ့တာပေါ့၊ ပြည်သူကို ပစ်မှတ်ထားပြီးတော့ တိုက်တာပေါ့၊ အဲလိုအခြေအနေ မျိုးကတော့ နေရာတိုင်းမှာ ပြည်မမှာလည်း အဲလို တွေ့ရတယ်၊ ရခိုင်မှာလည်း အဲလို ပုံစံမျိုးတွေ့ရတယ်၊ ဒါ့ကြောင့် ဒါသူတို့ ရည်ရွယ်ချက်ရှိရှိ၊ မြို့ထဲ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်၊ ပြည်သူတွေ သေကြတယ် ဒဏ်ရာရကြတာ အများကြီးပေါ့နော်၊ အဲတာအပြင် စားနပ်ရိက္ခာ ဖြတ်တောက်ထား တာတွေ၊ မြို့နဲ့ နယ် ဖြတ်တောက်ထားတာတွေ အများကြီးပေါ့၊ ဒီဟာကတော့ သူတို့ ရှုံးမဲမဲ ပြီးတော့ ပြည်သူကို အဓိကထားတိုက်ခိုက်နေတယ်လို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဒီကနေ့ အထိ ပစ်ခတ်မှုတွေ ရှိနေသလို စစ်ကောင်စီ အနေနဲ့ ပြည်သူတွေနေထိုင်တဲ့ မြို့ပေါ် ကျေးရွာရပ်ကွက်တွေ ကို မီးရှို့တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အဆက်မပြတ် လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေနဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ AA ဘက်က ထုတ်ပြန်ထားတာ ရှိပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို အကာကွယ်ယူ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ပြောရက တုန့်ပြန်ပြော ဆိုထားတာရှိပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် တော်တော်များများမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေသလို ဒေသခံတွေအနေနဲ့ တခြား အခြေခံစားသုံး ကုန်စည်တွေလည်း ပြတ်တောက်နေကြတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG