သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက်မြန်မာအလုပ်သမားတွေအပေါ် ဝင်ငွေခွန်စည်းကြပ်ရေး


ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရေလုပ်သားများ (ဓါတ်ပုံ - Frontier Myanmar)
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရေလုပ်သားများ (ဓါတ်ပုံ - Frontier Myanmar)

ပြည်ပရောက်မြန်မာအလုပ်သမားတွေအပေါ် ဝင်ငွေခွန်စည်းကြပ်ရေး

အာရှနိုင်ငံတချို့ အထူးသဖြင့် ထိုင်း၊ စင်္ကာပူနဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်၊ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတချို့ကို ဝင်ငွေခွန်ကောက်ယူဖို့ မြန်မာစစ်ကောင်စီက သက်ဆိုင်ရာ သံရုံးတွေကတဆင့်အ သိပေးလာကြောင်း မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ဝင်ငွေနည်း မြန်မာ အလုပ်သမားတွေကတော့ ဒီလိုအခွန်အတုပ်တွေ များလာတာကို သဘောမကျကြောင်း ပြောပါတယ်။ ရန်ကုန်ပေးပို့လာတဲ့ ဒီသတင်းပေးပို့ချက်ကို ကိုရဲမွန်က ပြောပြမှာပါ။


ထိုင်းမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ကြဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးက မနေ့က ကြာသပတေးနေ့ကစပြီး အသိပေးထားပါတယ်။ ဝင်ငွေနည်းအလုပ်သမားတွေက တလကို ဘတ် ၁၅၀၊ ဝင်ငွေကောင်းသူတွေက ဘတ် ၄၅၀ အခွန်ဆောင်ဖို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံမှာ အခွန်တချို့ကို ပေးနေရတာ ဖြစ်သလို မြန်မာနိုင်ငံက ထွက်လာတုန်းကလည်း လိုအပ်တဲ့ အခွန်တွေကို ပေးဆောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ မြန်မာအများစုဟာ လက်ရှိ စစ်ကောင်စီကို အခွန်မပေးလိုပေမဲ့ ထိုင်းအလုပ်ရှင်ကတဆင့် လစာထဲက ကြိုပြီး ဖြတ်တောက်မယ်ဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။ အခုဆိုရင် မြန်မာသံရုံးက ထိုင်းအလုပ်ရှင်တွေကို ချဉ်းကပ် စည်းရုံးနေကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

" အလုပ်သမားတွေကတော့ လုပ်ငန်းရှင်ကနေ အခွန်ကို တိုက်ရိုက်ဖြတ်တယ်ဆိုရင် အဲဒီအလုပ်ရုံမှာရှိတဲ့ အလုပ်သမား အကုန်လုံးက ဆန္ဒပြမယ် လုံးဝလက်မခံဘူးဆိုတဲ့ အဲလိုမျိုး တွေ့ရတယ်၊ အဲဒါလတ်တလော ဖြစ်နေတာပေါ့။ အခွန်ကောက်လိုက်မယ်ဆိုရင် လုံးဝလက်မခံဘူးဆိုတဲ့ အနေအထားမျိုး ထိုင်းဘက်က အလုပ်သမားတွေက ပြောတာတွေ့ရတယ်။ လုပ်ငန်းရှင်ကတဆင့် ဧချင်းခံပြီး အခွန်ကို (စကစ) အစိုးရဘက်ဂျက်ထဲ ထည့်ပေးပါဆိုပြီး တာဝန်ယူခိုင်းလို့ ရှိရင်တော့ နည်းနည်းလေး ပြဿနာရှိတာပေါ့၊ လက်မခံနိုင်ရင် ဒီအလုပ်ရုံက ထွက်ရမှာပေါ့။"

ထိုင်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်က လေးသန်းလောက်ရှိမယ်လို့ မှန်းထားကြောင်း မြန်မာအလုပ်သမားရေး အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီထဲမှာ နှစ်နိုင်ငံအလုပ်သမားစာချုပ် MoU နဲ့လာတဲ့သူက ၂ သန်းလောက်ရှိနိုင်ကြောင်း ပြောပါတယ်။ တကယ်လို့ ဒီလိုအခွန်ပေးရမယ်ဆိုရင် MoU နဲ့လာတဲ့ မြန်မာနှစ်သန်းလောက်က အခွန်ကို ရှောင်လို့မရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အဲဒီ ၂သန်းမှာ တယောက်ကို တလပျမ်းမျှဘတ်၃၀၀နဲ့ အခွန်ဆောင်ရမယ်ဆိုရင် စစ်ကောင်စီက တလကို ထိုင်းဘတ်ငွေ သန်း၆၀၀ ရရှိနေမှာပါ။

ထိုင်းအစိုးရကတော့ ရွှေ့ပြောင်းလုပ်သားတွေကို တိုက်ရိုက် အခွန်အတုပ် မကောက်ပေမဲ့ အလုပ်ပါမစ်လျှောက်တာ၊ ဗီဇာသက်တမ်းတိုးတာ၊ PR လို့ခေါ်တဲ့ အမြဲနေထိုင်ခွင့် ပန်းရောင်ကတ်တွေလုပ်တာ ဒီလိုနေရာတွေကနေ ထိုင်းအစိုးရက အခွန်အများအပြားကို သွယ်ဝိုက်ရရှိနေပါတယ်။ ဒါကြောင့်လည်း ရွှေ့ပြောင်းလုပ်သာတွေဆီက အခွန်ကောက်မယ်လို့ ထိုင်းအစိုးရက ၂၀၁၁ နောက်ပိုင်းမှာ တိုက်ရိုက် မပြောတော့တာ ဖြစ်ပါတယ်။

စင်္ကာပူက မြန်မာနိုင်ငံသားတွေလည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ နေထိုင်ခွင့် အမျိုးအစားအလိုက် ဝင်ငွေအပေါ်မူတည်ပြီး လစဉ် အခွန်၂ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ စင်္ကာပူက မြန်မာသံရုံးက တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။ ဝင်ငွေခွန်ဆောင်ပြီးမှပဲ ကောင်စစ်လုပ်ငန်းနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တ် သက်တမ်းတိုးတာတွေကို လုပ်ပေးမယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ EP လို့ခေါ်တဲ့ အလုပ်လုပ်ခွင့် (Employment Pass), PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident), S Pass လို့ခေါ်တဲ့ ကျွမ်းကျင်လုပ်သား (Skilled Pass), WP လို့ခေါ်တဲ့ (Work Parmit) နဲ့ နေထိုင်နေသူတွေ ဒီထဲမှာ အကြုံးဝင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ စင်္ကာပူ-မြင်္နမာ အစိုးရချင်း ချုပ်ဆိုထားတဲ့ အခွန်နှစ်ထပ်မပေးဆောင်ရေး သဘောတူစာချုပ်အရ မြန်မာတွေက စင်္ကာပူအစိုးရကိုပဲ အခွန်ဆောင်ရမှာဖြစ်ပြီး မြန်မာသံရုံးက အခွန်ထပ်ကောက်ဖို့ လုပ်နေတာဟာ ဥပဒေအရ ငြိစွန်းတယ်လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသား တချို့က ဗွီအိုအေကို ပြောပါတယ်။

ကိုရီးယား မြန်မာသံရုံးကတော့ ကိုရီးယားက မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန်ဆောင်ဖို့ ဒီဇင်ဘာလ ၈ရက်ကတည်းက ထုတ်ပြန်ထားပါတယ်။ အခွန်ပေးတာမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် လတိုင်း ဒါမှမဟုတ် သုံးလတခါ ပေးသွားဖို့ ကိုးရီးယား မြန်မာသံရုံးဘက်က ပြောပါတယ်။ ကိုရီးယားမှာလည်း မြန်မာတွေက ကိုရီးယားအစိုးရကို အခွန်ပေးနေရတဲ့အတွက် အခွန်နှစ်ထပ် ဆောင်ရမှာကို မလိုလားကြောင်း ကိုရီးယားမြန်မာ ပူးတွဲလုပ်ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် က ပြောပါတယ်။ ပတ်စ်ပို့သက်တမ်း လာတိုးတဲ့အခါမှ အရင်က မဆောင်ထားတဲ့ လတွေကိုပါ ထည့်ပေါင်းပြီးတောင်းတဲ့အတွက် တနှစ်ကို မြန်မာငွေ ဆယ်သိန်းနီးပါး ပေးဆောင်ရကြောင်း သူကပြောပါတယ်။

" အများက မဆောင်ချင်ကြဘူး၊ ဒီအခွန်တွေဆောင်ခဲ့ရင် တိုင်းပြည်ကိုယ်ကျိုးကြည့်တဲ့ လုပ်ငန်းတွေ လုပ်မှာမဟုတ်ဘဲနဲ့ အကြမ်းဖက်နေတဲ့ ကိစ္စတွေမှာလည်း အသုံးပြုသွားမယ်ဆိုတာကို လူတွေက ထင်မှတ်နေကြတာလေ အဲဒါမို့မပေးချင်ကြတာ အများစုက။ မြန်မာသံရုံးက နိုင်ငံခြားရောက်နေတဲ့ မြန်မာလုပ်သားတွေကို ပိုက်ဆံလည်းကောက်တယ် ကူညီပေးတယ်၊ စောင့်ရှောက်ပေးတယ်ဆိုရင် ဘယ်သူကမပေးဘဲနေမှာတုန်း ကိုယ့်နိုင်ငံ အခွန်ပေးတာပဲ ဂုဏ်ယူစရာပဲလေ။ ကိုယ့်မိသားစု ကိုယ့်တိုင်းရင်းသားတွေ ပြန်အသတ်ခံရမယ် ဆိုတဲ့ ပုံစံတွေ မြင်တွေ့နေရလို့ အဲဒီအပေါ်မှာ စိတ်ကသိကအောင့်ဖြစ်ပြီး မပေးချင်ကြတာ။"

အခုဆိုရင် စင်္ကာပူနဲ့ ကိုရီးယားမှာရှိတဲ့ မြန်မာတွေက ဒီနိုင်ငံရဲ့ အစိုးရအဖွဲ့တွေ၊ သတင်းမီဒီယာတွေနဲ့ စကားပြောဆိုနေပြီး မြန်မာအစိုးရက အလုပ်သမားတွေကို ဖိအားပေး တောင်းခံနေတဲ့ အခွန်ကိစ္စတွေကို ရပ်တန့်ပေးဖို့အတွက် လှုပ်ရှားမှုတွေ စတင်နေကြပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG