သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတွေအတွက် K-Plus မိုဘိုင်း ငွေလွဲစနစ် 


မြန်မာငွေနဲ့ ထိုင်းဘတ်ငွေ
မြန်မာငွေနဲ့ ထိုင်းဘတ်ငွေ

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ငွေလွှဲရာမှာ လွယ်ကူ အဆင်ပြေစေဖို့ K PLUS မိုဘိုင်းငွေလွှဲစနစ် ပူးပေါင်း စတင်လိုက်တဲ့အကြောင်း ထိုင်း Kbank ဘဏ် နဲ့ မြန်မာ KBZ ဘဏ် တို့က မကြာခင်ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။ အလားတူ မြန်မာသံရုံးကလည်း မြန်မာ အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရပြီး လွယ်ကူသက်သာတဲ့ ဒီးမန်းနီး (Dee Money) တရားဝင် ငွေလွှဲဝန်ဆောင်မှုကို သုံးကြဖို့ တိုက်တွန်းနေပါတယ်။ ဒီလို ငွေလွှဲစနစ်တွေက ထိုင်းရောက် မြန်မာတွေအတွက် ဘယ်လောက် အထောက်အကူ ဖြစ်နိုင်ပါလဲ။ ရန်ကုန်က ပေးပို့တဲ့ သတင်း အပြည့်အစုံကို ကိုဝင်းမင်း က တင်ပြပေးပါမယ်။

ထိုင်နိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံကို ငွေလွှဲတဲ့အခါ ဘဏ် ဒါမှမဟုတ် ငွေလွှဲဝန်ဆောင်မှု ပေးတဲ့ နေရာတွေကို လူကိုယ်တိုင် သွားစရာမလိုဘဲ အလွယ်တကူ ငွေလွှဲနိုင်ဖို့အတွက် မြန်မာနိုင်ငံ KBZpay နဲ့ ထိုင်း Kasikornbank (KBank) ဘဏ်တို့ပေါင်းပြီး K PLUS Mobile app စတင်လိုက်တဲ့အကြောင်း ထိုင်း K ဘဏ်နဲ့ မြန်မာ KBZ ဘဏ်တို့က သြဂုတ်လ ၂၂ နေ့မှာ အသီးသီး ထုတ်ပြန်ခဲ့ကြတာပါ။ အလားတူ မြန်မာသံရုံးကလည်း မြန်မာတွေ အလွယ်တကူ ငွေလွှဲနိုင်မယ့် ဒီးမန်းနီး (Dee Money) ဝန်ဆောင်မှုကို သုံးဖို့ တိုက်တွန်းထားပါတယ်။

အွန်လိုင်းပေါ်ကနေ ငွေ တိုက်ရိုက်လွှဲနိုင်တဲ့ ဒီငွေလွှဲစနစ်တွေ သုံးဖို့မှာတော့ ထိုင်းမှာ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ပြီး တရားဝင် ဘဏ်စာရင်း ရှိဖို့ လိုပါတယ်။ ဒါကြောင့် ဒီစနစ်တွေက တရားဝင် အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေ အတွက် အဆင်ပြေကောင်း ပြေနိုင်ပေမဲ့ တရားမဝင် ရွေ့ပြောင်း အလုပ်သမားတွေ အတွက်တော့ အဆင်မပြေနိုင်ဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုမိုးကြိုးက ခုလို ပြောပါတယ်။

“ ပြောရမယ်ဆိုရင် ထိုင်းရောက်မှ အထောက်အထားရှိသွားတဲ့ အများစုသော ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ့်နဲ့ နီးစပ်ရာ ပတ်သက်ရာ Kpay တို့၊ Waymoney တို့ အဲ့လို သူတို့ရဲ့ ငွေလွှဲ ပွဲစားတွေ အကျိုးဆောင်တွေနဲ့ ဆက်လက် လုပ်ကိုင်နေတာက သူတို့အတွက် လွယ်ကူစေတယ်။ မြန်ဆန်တယ်။ သူတို့အတွက် စိတ်ချရတယ်။ အစိုးရ စနစ်က ကောင်းပေမဲ့လည်း စစ်အစိုးရ ဖြစ်နေတယ်။ စစ်အစိုးရ ဖြစ်နေတဲ့ အခါကျတော့ စစ်အစိုးရ အပေါ်မှာ မယုံကြည်တာ၊ စိတ်မချတာ။ နောက်တော့ မြန်မာသုံးရုံးမှာ ငွေလွဲတယ်ဆိုတာ မြန်မာသံရုံး ကိုလည်း ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေက ယုံကြည်မှုလည်း ရှိတာ မဟုတ်ဘူး။ စိတ်ချမှုလည်း ရှိတာမဟုတ်ဘူး။ နောက်တော့ မြန်မာသံရုံးက သူတို့ကို အနိုင်ကျင့်နေတယ်။ စာရွက်စာတမ်းတွေ လုပ်တဲ့ အခါမျိုးမှာ သူတို့အမြဲတမ်း အနိုင်ကျင့်ခံနေရတယ်။ မြန်မာသံရုံး ပေါ်မှာလည်း ယုံကြည်မှု မရှိဘူး။ အဲ့ဒီတော့ ယုံကြည်မှုတွေ စိတ်ချမှုတွေ လွယ်ကူမှုတွေ မြန်ဆန်မှုတွေ။ နောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လက်ရှိ လုပ်နေတဲ့ အစိုးရရဲ့ လုပ်ငန်းတွေဟာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ မအောင်မြင်နိုင်ဘူးလို့ သုံးသပ်တယ်။”

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြတဲ့ မြန်မာတွေ သန်းနဲ့ချီ ရှိပေမဲ့ အများစုက အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင် လမ်းကြောင်းတွေ ကနေတဆင့် သွားရောက်ပြီး တရားမဝင် အလုပ် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေမှာ တရားဝင် ဘဏ်အကောင့် မရှိကြသလို၊ မြန်မာနိုင်ငံကို ငွေလွှဲတဲ့အခါ ပြင်ပ ငွေလွှဲဝန်ဆောင်မှု ဟွန်ဒီတွေ သုံးကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်တဲ့ ကိုရီမွန်ကတော့ အခုပြောတဲ့ ငွေလွှဲစနစ်တွေကို သေချာ နားမလည်သလို၊ သူ့အတွက်လည်း အသုံးမဝင်ဘူးလို့ ပြောပါတယ်။

“ ကျနော်တို့ကျတော့ ဘယ်လိုပြောမလဲ အစိုးရလုပ်ပေးတဲ့ ဘဏ်နဲ့ ကျတော့ လွှဲမယ့် အစီအစဉ်မရှိဘူးဗျာ။ သူတို့ပြောတာ ထိုင်းလုပ်သား တယောက်ရဲ့ ၇၅ ရာခိုင်နှုန်းလား။ ၅၀ ရာခိုင်နှုန်းလား လွှဲရမယ်လို့ ပြောတာပဲ။ bank to bank လွှဲလို့ရှိရင် ဆိုတော့ MOU လုပ်သားတွေကတော့ လွှဲလို့ အဆင်ပြေတာပေါ့။ ကျနော်တို့လို အောက်လမ်းက လာတဲ့ သူတွေကျတော့ အဆင်မပြေဘူးလေ။ ဒီဘက်မှာကျတော့ ကိုယ့်အခက်အခဲနဲ့ ကိုယ်ရှိတယ်။ အရင်လွှဲနေကျ ပွဲစားနဲ့ လွှဲတာပဲ အဆင်ပြေမယ်ထင်တယ်။"

မြန်မာသံရုံးကတော့ ထိုင်းရောက် အလုပ်သမားတွေ မြန်မာပြည်ကို ငွေလွှဲတဲ့အခါ လိမ်ညာခံရတာနဲ့ ငွေလွှဲခ ဈေးကြီးတာတွေကြောင့် အာမခံချက်ရှိတဲ့ တရားဝင် ငွေလွှဲဝန်ဆောင်မှုတွေကို သုံးဖို့ သိပ်မကြာခင်ကပဲ ထုတ်ပြန်ထားတာပါ။ မိုဘိုင်းဖုန်း ထဲကနေပဲ ငွေလွှဲလို့ရပြီး လက်ရှိ ငွေလွှဲစနစ်တွေထက် ပိုပြီး လွယ်ကူ သက်သာတယ်ဆိုရင်တော့ စမ်း သုံးသင့်တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ မွန်ပြည်နယ်ကနေ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက ခုလို ပြောပါတယ်။

“ အခုလက်ရှိ ဘဏ်တွေထက် ပိုလွယ်ကူမယ်ဆိုရင်တော့ သုံးဖို့ အစီအစဉ်ရှိပါတယ်။ နဂိုလွှဲနေတဲ့ ငွေလွှဲ လုပ်ငန်းတွေကတော့ နည်းနည်းခက်တယ်ပေါ့နော်။ ကိုယ် အပြင်သွားရမယ်ဆိုတော့ ပိုပြီးတော့ ခက်တယ်။ ညီမ မြင်တာက အခုလို လုပ်တာက မြန်မာ ရွေ့ပြောင်းလုပ်သားတွေ အတွက် အဆင်ပြေမယ်ထင်တယ်။ ဒီငွေလွဲစနစ်ကို စမ်း သုံးကြည့်ချင်တယ်။ တကယ်လို့ ကောင်းတယ်ဆိုရင် ဆက်သုံးကြည့် ချင်ပါတယ်။”

တရားမဝင် နေထိုင် လုပ်ကိုင်နေကြသူတွေ ကတော့ ဘဏ်စနစ်သုံးဖို့ အခွင့်အလမ်း မရှိသလို၊ လက်ရှိ ငွေလွှဲပွဲစားတွေနဲ့ပဲ ဆက်လွှဲသွားမယ်လို့ ပြောဆိုကြပါတယ်။ ဒီလို တရားမဝင် အလုပ်သမားတွေကလည်း ထိုင်းမှာ သန်းနဲ့ချီ ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ လူမှုစီးပွား အကျပ်အတည်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာ အလုပ် လုပ်နေကြရသလို၊ အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ လာရောက် အလုပ် လုပ်နေကြတာပါ။ အခုဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ သန်း နီးပါးအထိ ရှိနေပြီး အများစုက တရားမဝင် အလုပ် လုပ်နေကြသူတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG