သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ မြန်မာအလုပ်သမားတွေ  ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲနှုန်းနဲ့ ပြန်ပို့ရမည်


မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ - Malaysia Immigration)
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ - Malaysia Immigration)

ပြည်ပရောက် မြန်မာ အလုပ်သမားတွေ အိမ်ကို ငွေပြန်ပို့တဲ့အခါမှာ လစာရဲ့ ၂၅ % ကို တရားဝင် ပြန်ပို့ရမယ် ဆိုတာကို အကြမ်းဖျဥ်း လျာထားပြီး အသေးစိတ် ညွှန်ကြားချက်တွေအတွက် ဌာနတွင်းမှာ ဆွေးနွေးနေကြောင်း မြန်မာ အလုပ်သမားရေး ဌာနက ဗွီအိုအေကို ပြောပါတယ်။ အလုပ်သမားရေးဌာန အသိအမှတ်ပြုထားတဲ့ အေဂျင်စီတွေက တဆင့်သွားတဲ့ အလုပ်သမားတိုင်း ဒီညွှန်ကြားချက်အောက်မှာ အကျုံးဝင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို −−− က တင်ပြပေးထားပါတယ်။

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်သူတိုင်း လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲစနစ်ကနေ မိသားစုဆီပြန်လွှဲရမယ်ဆိုတဲ့ကိစ္စကို အသေးစိတ် ထပ်ပြီး ညှိနှိုင်းနေကြောင်း မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ အလုပ်သမားဌာနရဲ့ တရားဝင်ညွှန်ကြားချက်အောက်ကနေသွားတဲ့ အလုပ်သမားတိုင်း ဒီစနစ်မှာ အကျုံးဝင်လာလိမ့်မယ်လို့ သူက ပြောပါတယ်။

"အဲဒီလောက်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီထက်လည်း ပိုချင်ပိုမယ်။ လျော့ရင်လည်း လျော့မှာပေါ့။ လောလောဆယ်တော့ round about ပဲ ကျနော်တို့ ပြောနိုင်ပါတယ်။ MoU ရော၊ MoU ပြင်ပလုပ်သားရော သွားရင် round about က ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမယ်။ အေဂျင်စီနဲ့ ချိတ်ဆက်ပြီး သွားတဲ့သူတွေကတော့ ဒီစနစ်မှာလိုက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ထုတ်ပြန်ရင် ပြောပါမယ်နော်။"

ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူက မြန်မာအလုပ်သမားတွေရဲ့ အိမ်ပြန်ပို့တဲ့ ငွေဟာ ၂၀၂၂၊ နိုဝင်ဘာလ ၁ ရက်ကနေ ၂၀၂၃၊ ဧပြီလ ၂၈ ရက် အထိ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိတယ်လို့ မြန်မာသံရုံးတွေက မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ Western Union ၊ Ria ၊ Money Gram စတဲ့ နိုင်ငံတကာ ငွေလွှဲစနစ်တွေကနေ လွှဲပြောင်းပေးခဲ့ကြတာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့သူတွေကိုတော့ လက်ရှိမှာ ဒီစနစ်နဲ့ ထိန်းချုပ်ဖို့ခက်နိုင်ပြီး တခြားနည်းလမ်းတခုခုကို စဉ်းစားထားကြောင်းလည်း ဦးညွှန့်ဝင်းက ပြောပါတယ်။

"ဟွန်ဒီ (စနစ်နဲ့ ငွေလွှဲတာ) ကျတော့ ကျနော်တို့က ဘယ်လိုမှ မသိနိုင်ဘူးလေ။ ဟွန်ဒီကိုတော့ ကျနော်တို့က trace လိုက်လို့ရမှာ မဟုတ်ဘူး။ စာချုပ်ပဲဖြစ်ဖြစ် ကတိကဝတ်ပဲဖြစ်ဖြစ် နိုင်ငံတော်ကသတ်မှတ်ထားတဲ့ တရားဝင် ငွေလွှဲလမ်းကြောင်းကတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

တရားမဝင်ငွေလွှဲစနစ်လို့ယူဆထားတဲ့ ဟွန်ဒီငွေလွှဲစနစ်က အကောင်းအဆိုး ဒွန်တွဲနေပေမဲ့ မြန်မာ အများအစုကတော့ စာရင်းဇယား မရှုပ်ထွေးတဲ့အတွက် ဒီစနစ်ကိုပဲ လက်ရှိမှာ လက်ခံနေဆဲဖြစ်ကြောင်း စင်္ကာပူရောက် မြန်မာနိုင်ငံသား တဦးက ဗွီအိုအေကို ပြောပါတယ်။

"အများစုက ဟွန်ဒီနဲ့လွှဲတာ။ ဟွန်ဒီက တရားမဝင်။ ဘယ်အရာမှ အကုန်လုံး advantage ကောင်းကျိုးချည်း ပဲရှိမယ်၊ ဆိုးကျိုးချည်းပဲရှိမယ် မဟုတ်ဘူး။ ဟွန်ဒီက ပိုက်ဆံ အပေးအယူ တအားရှင်းတယ်။ ဒီနေ့လွှဲရင် မနက်ဖြန် ချက်ချင်းရတယ်။ အင်မတန်ကို အဆင်ပြေတယ်။ ဒါပေမဲ့ ငွေလိမ်သွားတဲ့ ကိစ္စတွေရှိတယ်။ ဒါပေမဲ့ ဖြစ်တောင့် ဖြစ်ခဲပါ။ စင်္ကာပူမှာ ငွေလိမ်တဲ့ကိစ္စက ကျနော်ရောက်တဲ့ အနှစ် ၂၀ ကျော်ထဲမှာ ၂ ကြိမ်ပဲ ရှိသေးတယ်။"

မြန်မာနိုင်ငံကနေ ပြည်ပကို တရားဝင်စာချုပ်နဲ့ အလုပ်သမားစေလွှတ်တာကို ၂၀၂၂၊ မေလမှာ ပြန်ပြီး စတင်ခဲ့ပါတယ်။ အများစုက ထိုင်းနဲ့ မလေးရှားနိုင်ငံကို သွားကြတာပါ။ ထိုင်း တနိုင်ငံတည်းမှာတင် မြန်မာ MoU လုပ်သားက တနှစ် အတွင်း တသိန်းကျော် ရှိနေပါတယ်။ ဒီလို အလုပ်သမားတွေအနေနဲ့ အိမ်ကို ငွေပြန်ပို့တဲ့အခါမှာ လစာရဲ့ ၂၅ % လောက်ကို တရားဝင် သတ်မှတ်ထားတဲ့ ငွေလွှဲစနစ်တွေကနေပဲ မဖြစ်မနေ ပြန်ပို့ရတာတွေ ဖြစ်လာနိုင်တာပါ။ ဒီအစီအစဥ်ကို ဘယ်တော့ အတည်ပြုပြီး ဘယ်အချိန် ထုတ်ပြန်လာမလဲ ဆိုတာကိုတော့ မြန်မာ အလုပ်သမားရေး ဌာန တာဝန်ရှိသူက ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG