သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်သမားမှတ်ပုံတင်မှုနောက်ဆုံးရက် စာရင်းမတင်နိုင်တဲ့မြန်မာအများအပြားရှိနေ 


 ဆေးစစ်နေတဲ့ မြန်မာအလုပ်သမားများ ( VOA Burmese )
ဆေးစစ်နေတဲ့ မြန်မာအလုပ်သမားများ ( VOA Burmese )

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ အထောက်အထားလက်မှတ်လုပ်ပေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းတင်ဖို့ ထိုင်းပြည်တဲရေးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ဇူလိုင်လ ၃၁ ထိ စာရင်းတင်တဲ့သူတွေလည်းရှိသလို စာရင်းမတင်နိုင်တဲ့ မြန်မာတွေလည်း အများအပြားရှိနေတယ်လို့ ရွှေပြောင်းအလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ အထောက်အထားလက်မှတ်လုပ်ပေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းတင်ဖို့ ထိုင်းပြည်တဲရေးဌာနက ကြေညာထားတဲ့ နောက်ဆုံးရက်ရောက်တဲ့အထိ စာရင်းမတင်သွင်းနိုင်သူတွေနယ်စပ်မှာ အများအပြားရှိနေကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဘာအထောက်အထားမှ မလုပ်ဘူး။ လောလောဆယ် ဒေသဆိုင်ရာရဲတွေ၊ ကျေးရွာလူကြီးတွေကို လိုင်းကြေးတွေလေးတွေပေးပြီး ဆက်နေမယ်ဆိုတဲ့ အုပ်စုက တစု။ နောက်တစုကတော့ အလုပ်ရှင်ငှားရမ်းဖို့ခက်ခဲတဲ့အုပ်စု။ အလုပ်ရှင်ငှားရမ်းစရိတ်ကကြီးလာတော့ အလုပ်ရှင်ငှားရမ်းစရိတ် မတတ်နိုင်တဲ့သူတွေ၊မပေးချင်တဲ့သူတွေကလည်း ပန်းရောင်ကဒ်လုပ်ဖို့ တွန့်ဆုတ်ကြတယ်။ နောက် နံပါတ် ၃ အုပ်စုကတော့ စာရင်းပေးကြမယ်၊ သူဌေးလည်းရပြီ၊ ကုမ္ပဏီကဖြစ်စေ၊ပွဲစားကိုဖြစ်စေ ဘတ်ငွေ ၂ ထောင် ၃ ထောင်ပေးရမှာဖြစ်လို့ မတတ်နိုင်တဲ့အုပ်စုက တစု၊ နောက်အုပ်စုကတော့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်ယူလိုက်ရင် မိမိတို့က တတိယနိုင်ငံသွားဖို့စီစဉ်ထားတော့ ပန်းရောင်ကဒ်လုပ်ဖို့ တွန့်ဆုတ်ကြတယ် ။ အခက်အခဲဖြစ်နေတဲ့၊ အကြပ်တည်းဖြစ်နေတဲ့ အုပ်စု ၄ စုရှိပါတယ်။"

ထိုင်းနိုင်ငံအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေထဲက ဖေဖေါ်ဝါရီလထိ တရားဝင်အလုပ်သမား ၂ သန်း ၅ သိန်းကျော်ရှိရာကနေ ဇွန်လကုန် စာရင်းချုပ်ကြည့်ရာမှာတော့ သက်တမ်းတိုးထားသူ ၁ သန်း ၉ သိန်းကျော်သာ ကျန်တော့တာကြောင့် သက်တမ်းမတိုးဘဲ တရားမဝင်နေထိုင်နေသူတွေ သိန်းနဲ့ချီရှိနေတယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဇူလိုင်လလယ်ကစပြီး ၂ ပတ်ကြာတဲ့အထိ တရားမဝင်နေထိုင်နေသူတွေကို စာရင်သွင်းဖို့ နှိုးဆော်ထားတာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ရွှေ့ပြောင်းအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကလည်း အခုလိုပြောပါတယ်။

"ဇွန်လမှာတော့ သူတို့ နောက်ဆုံးစာရင်းရတာက အားလုံး‌ပေါင်း ၁ ဒသမ ၉ သန်းကျော်ဆိုတော့ ၂ သန်းနီးပါးရှိတယ်။ ပထမက ၂ သန်းကျော်ရှိတာကနေ ပျောက်သွားတာက ၅ သိန်းကနေ ၇ သိန်းကြားလောက်ရှိတယ်။ စာရင်းမှာပျောက်သွားတာ (သက်တမ်းဆက်မတိုးတော့) က MOU တွေ ပျောက်သွားတာ။ လုပ်ထားပြီးတဲ့သူတွေက သက်တမ်းတွေ သေသွားတာတွေလည်းရှိတော့ ဇူလိုင်လမှာတော့ update လုပ်တဲ့အခါကျတော့ ၁ ဒသမ ၉သန်းကျော်ပဲ ရှိတယ်။ တရားဝင်အလုပ်သမားဦးရေကလေ။"

အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေဖြစ်ပြီးနောက် ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းလောက်ထိတိုးလာတယ်လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ခန့်မှန်းကြတယ်လို့လည်းဦးမင်းဦးကပြောပါတယ်။

"တရားဝင်ကော တရားမဝင်ကော ခန့်မှန်းတာက ၄ သန်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။"

ထိုင်းအစိုးရကတော့ အခု ဇူလိုင်လလယ်ကနေ ၂ ပတ်အတွင်း အလုပ်လုပ်ဖို့စာရင်းတင်သွင်းခွင့်ရှိသူတွေကို ပြောကြားမှာ တရားမဝင်သူတွေ၊ သူဌေးလွှဲပြောင်းစာရွက် သက်တမ်းလွန်သွားသူတွေ၊ ဗီဇာရက်ကျော်နေထိုင်နေသူတွေ၊အလုပ်လုပ်ခွင့် work permit နဲ့ ဗီဇာသက်တမ်းတိုးမမီလိုက်တဲ့သူတွေ ဇူလိုင်လ ၅ ရက်မတိုင်မီ တရားမဝင်ဖြစ်သွားသူအားလုံးပါဝင်တယ်လို့လည်း ကြေညာထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG