ဇူလိုင်လ အစောပိုင်းက ထိုင်းနိုင်ငံ အလယ်ပိုင်း အန်ထော်ခရိုင်က ကျောင်းတကျောင်းမှာ မြန်မာကျောင်းသား ၁၀၀ ကျော်ကို အာဏာပိုင်တွေကဖမ်းဆီးပြီး မြန်မာဘက်အခြမ်းကို ပြန်ပို့ခဲ့တဲ့အခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေရှိနေလဲ။
ထိုင်းနိုင်ငံရွေ့ပြောင်းအလုပ်သမားများရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှူးဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ အရင်ဦးဆုံး သိချင်တာက အခုလက်ရှိ ထိုင်းနိုင်ငံမှာ စာသင်ကြားနေတဲ့ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို ပြီးခဲ့တဲ့ သတင်းပတ်တွေတွင်းမှာ ချင်းလိုင်ဘက်မှာ ဖြစ်သွားတဲ့ကိစ္စဆိုရင် ထိုင်းကျောင်းမှာ ပညာသင်နေတဲ့ မြန်မာကလေးတွေကို ဖမ်းဆီးပြီးတော့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့တယ်။ အဲဒီမှာ အယောက်တစ်ရာကျော်လောက် စာရင်းရှိနေတာပေါ့။ ထိုင်းအာဏာပိုင်တွေဘက်က ဘာကြောင့် ဒီချင်းလိုင်ခရိုင်ဘက်မှာ အခုမှ ဖြစ်သွားရတာလဲ။ သူတို့ ဘာကြောင့် အဲဒီလိုလုပ်ရတာလဲရှင့်။
ဖြေ ။ ။ သတင်းမီဒီယာတွေလည်း နည်းနည်းလေး နားလည်မှု လွဲတယ်ထင်တယ်။ စဖြစ်တာက ချင်းလိုင်ခရိုင်မှာ ဖြစ်တာ မဟုတ်ဘူး။ ဘန်ကောက်နဲ့ နီးနီးပဲ၊ အန်ထောင်ဆိုတဲ့ခရိုင်မှာ ဖြစ်တာ။ ဘန်ကောက်နဲ့ နီးပါတယ်။ ချင်းလိုင်က ဘာလို့ပါလာလဲဆိုတော့ အဲဒီကလေးတွေကို ဖမ်းပြီးတော့ ချင်းလိုင်ခရိုင် မြန်မာပြည်နယ်စပ်ကနေ သွားခေါ်လာတဲ့ ကလေးတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့က ချင်းလိုင်ခရိုင်ကို ပို့တာ။ နောက်တခုကလည်း အဲဒီ ချင်းလိုင်မှာရှိတဲ့ ထိုင်းဖောင်ဒေးရှင်း - ပညာရေးဖောင်ဒေးရှင်းတခုက ကလေးတွေကို မပို့ခင်မှာ၊ သူတို့ရဲ့ ဖောင်ဒေးရှင်းက လက်ခံပြီးတော့ ပညာသင်ကြားပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေ ရှိတယ်။ ဒါကြောင့်မို့လို့ သတင်းတွေမှာ နည်းနည်းလေး ဝေ့ဝါးသွားတယ်။ အမှန်က ချင်းလိုင်မှာ ဖြစ်တာမဟုတ်ဘူး၊ အန်ထောင်ဆိုတဲ့ခရိုင်မှာ ဖြစ်တာ။ ၁၂၆ ယောက် - မြန်မာတွေကြီးပဲ မဟုတ်ဘူး၊ ကမ္ဘောဒီးယားကလေးတွေလည်း နည်းနည်းပါတယ်လို့ ကျနော်တို့ သိရတယ်။
မေး ။ ။ ဘာကြောင့် အဲဒီလို ဖြစ်သွားတယ်လို့ ယူဆပါလဲရှင့်။
ဖြေ ။ ။ အဓိက ကျနော်တို့ သုံးသပ်ကြည့်တာတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို ဖမ်းပြီးတော့ ပြန်ပို့တယ်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲက လေ့လာစရာ ကောင်းပါတယ်။ ဥပမာအားဖြင့် အဲဒီကျောင်းမှာက ထိုင်းစစ်စစ်ကလေးက ခုနှစ်ယောက်ပဲ ရှိတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အဲဒီထိုင်းကျောင်းတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာတယ်။ ထိုင်းကျောင်းတွေမှာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ သတ်မှတ်ထားတဲ့ ဆရာအရေအတွက်နဲ့ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေပေါ် မူတည်ပြီးတော့ ထိုင်းအစိုးရကနေ ပညာရေးရန်ပုံငွေတွေ ချပေးတယ်။ ဆိုတော့ အဲဒီကျောင်းက ခုနှစ်ယောက်ပဲ ရှိတော့၊ ကျောင်းက အပိတ်ခံရမယ့် အနေအထား ရှိတော့၊ အဲဒီမှာရှိတဲ့ ကျောင်းအုပ်ဆရာကြီးက ရွာလူကြီးတွေနဲ့ ညှိပြီးတော့ မြန်မာပြည်နယ်စပ်ကနေ ကလေးတွေကို သွားခေါ်လာတယ်။ ဒါက သတင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရေးထားတာ ရှိပါတယ်။ အဲဒါကြောင့် သူတို့က အဲဒီကိစ္စတွေက တစုံတရာ လူကုန်ကူးမှုနဲ့ ဆက်စပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောဆိုတာရှိတယ်။ တရားစွဲတာ ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ကလေးတွေက ကြားကနေ ဓါးစားခံပုံစံမျိုး ဖြစ်သွားတယ်လည်း နားလည်တယ်။ ဒါကြောင့်မို့ အချို့ထိုင်းအဖွဲ့အစည်းတွေ၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ကလေးလူငယ်များနဲ့ ပတ်သက်တဲ့ NGOs တွေက ထိုင်းအစိုးရ ဌာနဆိုင်ရာတွေကို တရားစွဲထားတယ်ဆိုတဲ့ သတင်းတွေထွက်နေတာ ရှိတယ်။
မေး ။ ။ အဲဒါဆိုရင် ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းပဲဖြစ်ဖြစ်၊ တောင်ပိုင်းပဲဖြစ်ဖြစ် ထိုင်းနိုင်ငံတဝှမ်း မြန်မာပြည်နယ်စပ်တလျှောက်နဲ့ ဦးထူးချစ်တို့နေတဲ့ အပိုင်းတွေမှာ မြန်မာနိုင်ငံကလာတဲ့ ကလေးတွေအတွက်ကို ကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဖောင်ဒေးရှင်းတွေက ဖွင့်ပေးထားတဲ့ ကျောင်းတွေလည်း ရှိတဲ့အခါကြတော့ အဲဒီလိုကျောင်းတွေကြတော့ ဒီလိုမျိုး ထိုင်းအာဏာပိုင်တွေဘက်က ဝင်ပြီးတော့ ဖမ်းဆီးတာမျိုး၊ ဖိအားပေးတာမျိုးတွေ ရှိပါသလားရှင့်။
ဖြေ ။ ။ အဲဒါကြောင့်မို့ ကျနော်က ကျောင်းသားမိဘတွေကို အသိပေးတာက အန်ထောက ထိုင်းအစိုးရကျောင်း ဖြစ်တာတောင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေနဲ့ ကမ္ဘောဒီးယားကလေးတွေကို ဖမ်းပြီးတော့ ချင်းလိုင်နယ်စပ်ကို ၅၉ ယောက်ကို ပို့တယ်။ ကျန်တဲ့ ၆၇ ယောက်ကတော့ မိဘတွေ လာခေါ်လို့ ပြန်ပေးတယ်ဆိုတဲ့ သတင်းတွေထွက်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့က စိုးရိမ်တယ်။ ကျနော်တို့ ဖောင်ဒေးရှင်းနဲ့ ဖွင့်ထားတဲ့ ကျောင်းနှစ်ကျောင်း ရှိတယ်။ အဲဒီကျောင်းနှစ်ကျောင်းမှာ ကျောင်းသားရှစ်ရာလောက် ရှိတယ်။ နောက် ကျနော်တို့ကိုယ်တိုင်က ထိုင်းအစိုးရကျောင်းတွေကို ပို့ထားတာ။ ကျနော်တို့ ဖန်ငါခရိုင်ထဲမှာပဲ ထိုင်းအစိုးရကျောင်း ၄၄ ကျောင်းမှာ ကျနော်တို့ ပို့ထားတဲ့ကလေးက ၅၀၄ ယောက် ရှိတယ်။ မူလတန်းကနေ တက္ကသိုလ် ကောလိပ်ရောက်နေတဲ့ ကလေးတွေ။ ဆိုတော့ အခုလိုမျိုး အန်ထောင်မှာ ဖမ်းပြီးတော့ ပြန်ပို့တဲ့ကိစ္စက ကျနော်တို့အတွက်က တကယ့်ကို တုန်လှုပ်စေတယ်။ တကယ့်ကို shock ရစေတယ်။ အဲဒီပြည်နယ်မှာတောင် အဲဒီလိုတွေ ဖမ်းတာ ဘာဖြစ်လို့လဲပေါ့။ ဒီအာဏာပိုင်တွေက သူတို့အစိုးရက သတ်မှတ်ထားတဲ့ ပညာရေးရာနဲ့ ပတ်သက်တဲ့ ပေါ်လစီ မူဝါဒတွေကို မသိလို့လား။ ဒါမှမဟုတ် တခြားဘာပြဿနာတွေကြောင့် ငါတို့ကလေးတွေ အဖမ်းခံထိရတာလဲဆိုတာကို ကျနော်တို့ လေ့လာပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဘန်ကောက်မှာနေပြီးတော့ တချို့ကို လေ့လာတယ်။ လိုအပ်တဲ့ အဖွဲ့အစည်းတွေ ရှေ့နေတွေကို တွေ့ပါတယ်။ ကျနော်တို့လည်း သူတို့တောင်းတဲ့ အချက်အလက်တွေကို ပေးပါတယ်။
ကျနော်တို့ကိုယ်တိုင်လည်း ပညာရေး လုပ်နေတယ်ဆိုတော့ အဲဒီရဲ့ နောက်ဆက်တွဲက တခြားပြည်နယ်နဲ့တိိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးတွေရဲ့ ကျောင်းတွေနဲ့ ထိုင်းကျောင်းတွေမှာ တက်နေတဲ့ မြန်မာကလေးတွေအတွက်ပါ စိုးရိမ်တယ်။ ဥပမာ မဲဆောက်လို နေရာမျိုးဆိုရင် မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာက ၆၄ ကျောင်း ရှိတယ်လို့ ပြောတယ်။ ဒါတောင်မှ အခြားထိုင်းကျောင်းတွေမှာ ကလေးတွေက သောင်းနဲ့ချီပြီးတော့ တက်နေကြတယ်။ ဆိုတော့ အဲဒီကိစ္စကို ဒါကြောင့်မို့ ထိုင်းလဝကကို မူဝါဒကို ရှင်းရှင်းလင်းလင်း၊ သူတို့ဌာနဆိုင်ရာတွေ၊ သူတို့ရဲ့ လူထုတွေ သိဖို့လိုသလို၊ ကျနော်တို့အဖွဲ့အစည်းတွေကလည်း အဲဒီကိစ္စကို စနစ်တကျ လေ့လာပြီးတော့၊ လိုအပ်တဲ့ ဌာနဆိုင်ရာ၊ အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကျနော်တို့က အမြဲတမ်း လှုံဆော်မှုတွေတော့ လုပ်နေပါတယ်။
မေး ။ ။ အခုလက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေ အားလုံးပေါင်း စာသင်ကြားနေတာ အရေအတွက် ခန့်မှန်းခြေ ဘယ်လောက်လောက် ရှိမလဲရှင့်။
ဖြေ ။ ။ တိတိကျကျ အချို့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကနေ သုတေသနစာတမ်းတွေ၊ ကျောင်းသားဦးရေကို လုပ်ထားတယ်။ ကျနော်တို့ အားလုံး ပညာရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကြားမှာ ကွန့်ဖရန့်လုပ်တယ်။ သူတို့နဲ့ ကျနော်တိို့ကြားမှာ သတင်းအချက်အလက်တွေ မျှဝေတယ်ဆိုတော့ အနည်းဆုံး ထိုင်းစာသင်ကျောင်းတွေမှာ တက်နေတဲ့ ကလေးတွေက သိန်းနဲ့ချီ ရှိသလို၊ ထိုင်းကျောင်းတွေမှာ သူငယ်တန်းကနေ တက္ကသိုလ်ကောလိပ်အထိ တက်နေတဲ့ မြန်မာတွေကလည်း သိန်းနဲ့ချီ ရှိတယ်လို့ ပြောနိုင်တယ်။ ဒါက အနည်းဆုံးပဲ ကျနော်တို့ကျောင်းမှာ လာတက်သွားတဲ့၊ register လုပ်သွားတဲ့ ကလေးတွေ ခုနှစ်ထောင်ကျော် ရှိသလို၊ ထိုင်းကျောင်းမှာ တက်သွားတဲ့ကလေးတွေ သောင်းနဲ့ချီ ရှိခဲ့တယ်။ ထွက်လိုက်-ဝင်လိုက်ပေါ့။ အဲဒီလောက်ပဲ ကျနော်တို့က အကြမ်းမျဉ်း တွက်လို့ရတယ်။
ဒါပေမဲ့ အခု ကျနော်တို့ရဲ့ ပြဿနာက ရွှေ့ပြောင်းပညာရေး လုပ်နေရတဲ့ ပြဿနာက အဓိက မနိုင်ဝန်တွေ ထမ်းနေရတယ်။ ကျနော်တို့ အဖွဲ့အစည်းပဲ မဟုတ်ဘဲ၊ ကျနော်တို့ တွေ့ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းတိုင်းက မနိုင်ဝန်ထမ်းနေရတယ်။ ဘာလို့လဲဆိုတော့ ၂၀၂၁ မှာ မြန်မာပြည်ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းမှုတွေ ဖြစ်တဲ့အခါမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက သူတို့ကလေးတွေပါ ခေါ်လာခဲ့တယ်။ ခေါ်လာတော့ ကျနော်တို့ခါတိုင်း ကျနော်တို့ကျောင်းမှာ ဥပမာအားဖြင့် ကျောင်းသားဦးရေက တစ်ဝက် သို့မဟုတ် သုံးဆလောက် တက်သွားတဲ့ကျောင်းတွေ ရှိတယ်။ ကျနော်တို့ကျောင်းဆိုရင် ပြီးခဲ့တဲ့ အာဏာမသိမ်းခင်က သုံးရာကျော်ရှိတဲ့ကျောင်းက ခုနှစ်ရာကျော် ရှိလာတယ်။
မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းကလေးငယ်တွေက ထိုင်းနိုင်ငံမှာ ပညာသင်ကြားတဲ့အခါ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ကလေးတွေဘက်က - ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ထိုင်းဘာသာစကားကိုလည်း မဖြစ်မနေ သင်ရတဲ့အနေအထားလည်း ရှိမှာပေါ့။ ကလေးတွေအတွက် ပညာသင်ကြားနေတဲ့ အခြေအနေက လက်တွေ့မှာ ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းတွေနဲ့ နှစ်ပိုင်းလုပ်ပါတယ်။ တစ်ပိုင်းသည် ကျနော်တို့ကျောင်းမှာ ဗမာကလေးတွေကို မြန်မာသင်ရိုးကော၊ ထိုင်းသင်ရိုးကော သင်ပေးတယ်။ အခုဆိုရင် အရင်တုန်းက မိဘတွေက ဗမာပြည်ထဲ ပြန်ကြတယ်ဆိုတော့ ဗမာပြည် ပြန်လို့ရအောင် ပြင်ဆင်ပေးတယ်။ အရင်ကတည်းက မိဘတွေနဲ့ ညှိပြီးတော့ ထိုင်းပညာရေးကလည်း ဘာပဲပြောပြော မြန်မာပြည်ပညာရေးထက်တော့ အများကြီးလက်တွေ့ အသုံးချနိုင်တယ်။ ထိုင်းဘာသာစကားလည်း လက်တွေ့အသုံးကျမယ်။ မြန်မာပြည်ထက် ပညာရေးစနစ်က ပိုကောင်းတယ်လို့ ကျနော်တို့ တွက်ချက်ပြီးတော့ ထိုင်းကျောင်းကိုပို့တာ ရှိတယ်။
အခုဆိုလည်း ကျနော်တို့ကျောင်းမှာ နေပြီးတော့ ကလေးတွေ သုံးလေးငါးနှစ် နေပြီးတော့ ထိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တက်ပြီဆိုရင် ထိုင်းကျောင်းကို ပို့တဲ့အစီအစဉ် ရှိတယ်။ အဲဒါက ကျနော်တို့ဆီမှာ ငါးတန်းခြောက်တန်း နေပြီးတဲ့နောက် ဟိုမှာ ခုနှစ်တန်း ရှစ်တန်း ကိုးတန်း အဲဒီလိုမျိုး ပို့ပေးတာ ရှိတယ်။ ဒါကြောင့်မို့လို့ တခြားအခက်အခဲကတော့ အစောပိုင်း ပို့ခါစမှာတော့ အခက်အခဲတွေတော့ ရှိတယ်။ ကလေးတွေက ဘာသာစကား မတတ်တာတို့၊ ကလေးတွေကို နိမ့်ချဆက်ဆံခံရတာတို့မျိုးတွေ စိုးရိမ်တာမျိုးတွေ ရှိတယ်။ တကယ်တော့ ကျနော်တို့ ပို့လိုက်တဲ့ ၁၅-၁၆ နှစ်ကာလမှာတော့ အဲဒီပြဿနာတွေက သိပ်ကြီးကြီးမားမား မရှိဘူး။ ကလေးတွေအတွက်တော့ သိပ်ပြဿနာ မရှိပါဘူး။ ကလေးငယ်လေး ပြဿနာ မရှိလေဘဲ။ စာသင်ရင်နဲ့ သူတို့ဘာသာသူတို့ တတ်သွားတာပေါ့။ ကြီးတဲ့ကလေးတွေ အထက်တန်းကျောင်းသားတွေကတော့ အခက်အခဲ ရှိတယ်။
မေး ။ ။ အဲဒီတော့ ရလဒ်တွေက ဘယ်လို ရှိသလဲ။ အခုဆိုရင် ၁၈ နှစ်လောက်တောင် ကြာလာပြီဆိုတော့ ထိုင်းကျောင်းပဲဖြစ်ဖြစ်၊ ဗမာကျောင်းပဲဖြစ်ဖြစ် ပညာတွေ သင်လာတဲ့ကလေးတွေရဲ့ ရလဒ်က နောက်ဆုံး ဘယ်လိုအခြေအနေ ရှိသလဲ။
ဖြေ ။ ။ ရလဒ်နဲ့ ပြောမယ်ဆိုရင်တော့ ပြီးခဲ့တဲ့လတုန်းက ဒီလထဲမှာ သုံးရက်နေ့က အထက်တန်းကျောင်းဖွင့်ပွဲ ရှိတယ်။ အထက်တန်းကျောင်းကို ဂျပန်သံရုံးအနေနဲ့ လှူတယ်။ အဲဒီမှာ ရလဒ်နဲ့ ပတ်သက်ပြီး သူတို့ ပိုသတိထားတော့ NHK ဂျပန်နိုင်ငံရဲ့ သတင်းမီဒီယာဌာနတွေပါ ခေါ်လာတယ်။ နောက်ပြီးတော့ လက်တွေ့ ငါးမိနစ် ရုပ်ရှင်ပုံစံ လာရိုက်တာလည်း ရှိတယ်။ သူတို့က ကျနော်တို့ရလဒ်ကို ပိုသတိထားတယ်။ သူတို့အနေနဲ့ ကျနော်တို့ကျောင်းကို တက်ပြီးတော့ဖြစ်ဖြစ်၊ ကျနော်တို့ကတဆင့် ထိုင်းကျောင်းကိုတက်ပြီးတော့ ကလေးတွေ ထိုင်းနိုင်ငံထဲမှာ အလုပ်ရနေတယ်။ ဘာလုပ်တွေ လုပ်နေသလဲဆိုတာကို အင်တာဗျူးတယ်။
သူတို့ဘဝ အရင်ကနေ လက်ရှိအခြေအနေ။ ရှင်းရှင်းပြောမယ်ဆိုရင် ကျနော်တို့ ကျောင်းသားဟောင်းတွေက ပင်လယ်နားလည်းနီးတော့ ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ တကယ့် Executive ဖြစ်နေတာတို့၊ မန်နေဂျာ ဖြစ်နေတာတို့၊ 7/11 မှာ ငွေကိုင် ဖြစ်နေတာတို့၊ တချို့ဆိုင်တွေမှာ။ ဒါတွေက အခြေခံတွေပါ။ ဒါတွေကတော့ မြင်သာထင်သာတွေပါ။ တက္ကသိုလ်တွေမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးမှာ မန်နေဂျာတွေ၊ စားပွဲထိုး မန်နေဂျာတွေ အဲဒီလိုမျိုးတွေလည်း အများကြီး ရှိသလို၊ ကျနော်တို့ အဖွဲ့အစည်းမှာ ပြန်လုပ်ပြီးတော့ ဘာသာပြန်တဲ့လူတွေလည်း ရှိတယ်။ ဥပမာ ထိုင်းလုပ်ငန်းတွေမှာလည်း ဘာသာပြန်တဲ့ လုပ်ငန်းတွေ လုပ်နေတဲ့ ကျောင်းသားတွေ ရှိတယ်။ ဒါကတော့ ထင်သာမြင်သာတဲ့ ကိစ္စတွေပါ။
မေး ။ ။ အဲဒီတော့ ထိုင်းနိုင်ငံမှာလည်း သူ့နိုင်ငံရဲ့ ပညာရေးမူဝါဒကလည်း ရှိထားပြီသားဆိုတော့ အခုလို မြန်မာနိုင်ငံက သိန်းနဲ့ချီ ရှိလာတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရှင်းရှင်းလင်းလင်း မူဝါဒ ရှိလား။
ဖြေ ။ ။ သူတို့ လုံးဝရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ ရှိတယ်။ အဲဒါက ၂၀၀၅ ခုနှစ်တုန်းက ပြဌာန်းခဲ့တာ။ ကျနော်တိို့ အစောကပြောတဲ့ Education for all ဆိုတဲ့ ပေါ်လစီ ရှိတယ်။ အဲဒါသည် ကျနော်တိို့ ထိုင်းနိုင်ငံမှာရှိနေတဲ့ မည်သည့်နိုင်ငံသားမဆို ဘယ်ကလေးပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ ကလေးတွေနဲ့ တန်းတူအခွင့်အရေး ရှိတယ်။ ထိုင်းအစိုးရကျောင်းတွေမှာ ပညာသင်ခွင့် ရှိတယ်ဆိုတဲ့ မူဝါဒ။ ရှင်းရှင်းလင်းလင်း ရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း မူဝါဒ စပြန်ဌာန်းတဲ့အချိန်မှာ၊ ကျနော်တို့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်း Plan International တို့၊ Save the Children တို့ ပေါင်းပြီးတော့ အဲဒီ Campaign တွေကို လုပ်ခဲ့တယ်။ ဆိုလိုချင်တာက သူတို့ရဲ့ ပေါ်လစီ မူဝါဒကို သူတို့လူမျိုးတွေသိအောင်။ အစပိုင်းက မသိဘူး။ ကျောင်းတွေကိုယ်တိုင်က မသိတော့ ကျနော်တို့ကလေးတွေကို လက်မခံခဲ့ဘူး။ အဲဒါမျိုးတွေ လုပ်ပေးခဲ့တာ ရှိတယ်။ ဆိုတော့ အခုက ကျနော်တို့ကိုယ်တိုင်လည်း ၁၈ နှစ် ကျောင်းဖွင့်ခဲ့လိုပဲ ဒီဘက် တောင်ပိုင်းမှာရှိတဲ့ ထိုင်းအာဏာပိုင်တွေ၊ လူပုဂ္ဂိုလ်တွေက သိနေလို့ ကျနော်တို့ကျောင်းတွေ ပြဿနာ မရှိဘူးလို့ နားလည်တယ်။
ပိုအရေးကြီးတာက တချိန်တည်းမှာ ဆက်စပ်ပြီးတော့ ပြောချင်တာက ကိုယ့်ကိုယ် အစိုးရလို့ ပြောနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ၊ အစိုးရတွေက ဒါကို ထဲထဲဝင်ဝင် စနစ်တကျ ဆောင်ရွက်သင့်တယ်။ ထိုင်းအစိုးရနဲ့ စေ့စပ်ဆောင်ရွက်သင့်တယ်။ သူတို့ဘက်ကတော့ ပေါ်လစီ ရှိတယ်။ ကျနော်တို့ဘက်က ဘာတွေ ပြင်ဆင်သင့်တယ်။ လုပ်ပေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေရဲ့ ပညာရေးက အမျိုးသားရေးတာဝန်တရပ်လို ဖြစ်နေတယ်။ ဒီကလေးတွေ ပညာတတ်မှ၊ ဒီကလေးတွေ တချိန်ချိန် ဗမာပြည်ကိုပြန်မှ ဒီကလေးတွေက တတ်နိုင်သမျှ အတွေ့အကြုံ နည်းပညာတွေရမှ မြန်မာပြည် ပြန်တဲ့အချိန်မှာ သူတို့ အဆင်သင့် ဖြစ်နေမှာ။ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဝင်ရောက်ကူညီနိုင်မယ်။ ဆောင်ရွက်နိုင်မယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ ထိုင်းအစိုးရ ပေါ်လစီတွေက ရှိပြီသား၊ ပိုပြီးတော့ အရေးကြီးတာက ကိုယ့်ကိုယ်ကို အစိုးရလို့ ပြောနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပညာရေးကို ထဲထဲဝင်ထဲ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်တယ်။