သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့အရေး


ထိုင်းရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်နေ့မြင်ကွင်း
ထိုင်းရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်နေ့မြင်ကွင်း

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီးက မဲဆွယ်စည်းရုံးမှုတွေကို အရှိန်ပြင်းပြင်းနဲ့ လုပ်ဆောင်ကြတာမှာ အတိုက်အခံပါတီတွေက ထိပ်ကနေ ဦးဆောင်နေပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ ထိုင်းနိုင်ငံရဲ့ ဒီရွေးကောက်ပွဲရလဒ်ဟာ ထိုင်းမှာရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေသာမကဘဲ မြန်မာ့နိုင်ငံရေးအပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုပြီး မြန်မာအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဘန်ကောက်မြို့ကနေ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အခုတကြိမ်ကျင်းပမယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ မြန်မာတွေအတော်များများ စိတ်ဝင်စားကြတဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ လက်ရှိ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha တို့အကြား ရင်းနှီးမှုရှိနေတာကြောင့် ဒီရွေးကောက်ပွဲကတဆင့် အစိုးရအပြောင်းအလဲဖြစ်ပေါ်ပြီး မြန်မာအပေါ်ထားတဲ့ ထိုင်းအစိုးရ ပေါ်လစီ ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက် ရှိနေတာပါ။

လက်ရှိ အဓိကအတိုက်အခံပါလည်းဖြစ်၊ အခုချိန်ထိ ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာ ထိပ်ကနေဦးဆောင်နေတဲ့ ပါတီတွေလည်းဖြစ်သလို မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေလည်းဖြစ်ကြတဲ့ Pheu Thai နဲ့ Move Forward ပါတီတို့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း ကြေညာချက် အသီးသီး ထုတ်ခဲ့ကြတဲ့အတွက်လည်း ဒီ ညွန့်ပေါင်း ၂ ပါတီ အနိုင်ရဖို့ မြန်မာတွေအကြား မျှောလင့်ချက်ထားသူတွေ များလာနေတာပါ။

Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ၃ ဦးထဲက တဦးဖြစ်တဲ့ Srettha Thavisin ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စိုးရိမ်စရာမလိုဘဲ နှစ်နိုင်ငံအကြား လက်တွဲဆောင်ရွက်နိုင်တဲ့ အခြေအနေ ရောက်လာရေးအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းလာတာကို လိုလားကြောင်း VOA ထိုင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၇၀ လောက်ရှိတယ်၊ ကျနော်တို့ ထိုင်းနိုင်ငံမှာလည်း သန်း ၇၀ လောက်ပဲ ရှိတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးမှု အပါအဝင် ကဏ္ဍပေါင်းစုံမှာ ကျနော်တို့ထက် အများကြီး နောက်ကျ ကျန်နေခဲ့ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဒီမိုကရေစီဆိုင်ရာ အညွန်းကိန်းတွေ တိုးတက်လာအောင် လုပ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာလာအောင် ထိုင်းနိုင်ငံက အများကြီး အထောက်အကူပြုနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံသစ်တခုကို တည်ဆောက်ပေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။”

နှစ်နိုင်ငံစစ်ဘက် ဆက်ဆံရေးနဲ့ပတ်သက်လို့ မေးတာကိုတော့ အစဥ်အလာအားဖြင့် နှစ်နိုင်ငံအကြား အားကောင်းတဲ့ စစ်ဘက်ဆက်ဆံရေး ရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်တဲ့တချိန်ထဲမှာဘဲ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံမှုတွေအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာရေးအတွက် ထိုင်းအစိုးရက ကြပ်မတ် လုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းကို သူတို့အစိုးရဖြစ်လာတဲ့အခါ ထိုင်းစစ်တပ်ကို တွေ့ဆုံ ပြောကြားသွားမယ်လို့လည်း Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Srettha Thavisin ပြောကြားခဲ့ပါတယ်။

နောက်ဆုံးကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာ Phue Thai နဲ့ Move Forward ပါတီတို့က ထိပ်က ဦးဆောင်နေတဲ့အတွက် ဒီညွန့်ပေါင်း ၂ ပါတီက အစိုးရဖွဲ့နိုင်မလားဆိုပြီး အများစုက သူတို့အပေါ် စိတ်ဝင်စားနေကြတာပါ။

ISP Myanmar သုတေသနအဖွဲ့ရဲ့ ဆက်သွယ်ဆက်ဆံရေး ညွန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ထိုင်းနိုင်ငံမှာ တည်ဆဲ ဗြူရိုကရေစီယန္တရားအရ တက်လာတဲ့အစိုးရက နိုင်ငံခြားရေးမူဝါဒကို ချက်ခြင်း ပြောင်းလဲလုပ်ဆောင်ဖို့ မလွယ်ကူဘူးလို့ ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သတ်လို့ ဆုံးဖြတ်တာက တက်လာတဲ့အစိုးရကအပြောင်းအလဲ လုပ်နိုင်ခြေနည်းပါတယ်။ သူတို့မှာရှိတဲ့ ဗျူရိုကရေစီပေါ့လေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ စစ်တပ်တို့ပေါ့လေ၊ အဲဒါတွေကနေပြီးတော့ ပိုပြီးတော့ လွှမ်းမိုးချယ်လှယ်ထားတဲ့ အနေအထားမျိုးများပါတယ်။ နောက်တစ်ခုကျတော့ ထိုင်းရဲ့အကျိုးစီးပွားပေါ့နော်။ မြန်မာပြည်မှာ ကျွန်တော်နားလည်သလောက် ဘယ်လိုအစိုးရပဲတက်တက် သူတို့က ဆက်ဆံမှာပဲ။ သူတို့ရဲ့အကျိုးစီးပွားတွေရှိနေတယ်။ နောက်တစ်ခုကကျတော့ စစ်တပ်ချင်းလည်း ပဋိပက္ခဖြစ်ချင်တဲ့အနေအထားမျိုးမရှိပါဘူး။ နယ်စပ်တည်ငြိမ်ရေးလိုချင်တယ်။ ဒါမျိုးတွေတွေ့ရပါတယ်။ "

ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးဌာက မဝေဖြိုးကတော့ ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီဘဲ အနိုင်ရရ ရွှေ့ပြောင်းအလုပ်သမားတွေအရေးကို လုပ်ပေးဖို့ မျှောလင့်ကြောင်း ပြောပါတယ်။

"ကျွန်မအနေနဲ့က မျှော်လင့်တာကတော့ ဘယ်ပါတီပဲတက်တက် ရွေးကောက်ပွဲပြီးရင်တော့ အလုပ်သမားတွေအတွက်ပေါ့နော်။ သိတဲ့အတိုင်း မြန်မာပြည်နိုင်ငံရေးအခြေအနေကြောင့် တနေ့တခြား ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလု့ပ်သမားတွေ များလာတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုအလုပ်သမားတွေကို စာရွက်စာတမ်း အထောက်အထားအသစ်တွေလုပ်ပေးစေချင်တယ်။ ရမယ်လို့မျှော်လင့်တယ်။ အလားတူပဲ အလုပ်သမားအတော်များများက သူတို့မှာ မိသားစုဝင်တွေနဲ့ဖြစ်တဲ့အတွက် သူတို့ရဲ့နောက်ကပါလာတဲ့ ကလေးတွေလည်းရှိသေးတာပေါ့နော်။ ကလေးတွေကမြန်မာပြည်မှာမွေးတဲ့အတွက် ထိုင်းရဲ့မွေးစာရင်းဘယ်လိုမှမရှိနိုင်ဘူး။ ဘယ်လိုပဲပြောပြော သူတို့မိဘတွေနဲ့အတူရောက်တာတဲ့အတွက် တက်လာတဲ့အစိုးရအနေနဲ့ ကလေးတွေအတွက် အထောက်အထားတစုံတရာ လုပ်ပေးတာကိုလည်း ကျွန်မတို့ကမျှော်လင့်တယ်ပေါ့နော်။ "

အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းပြည်သူတွေဟာ လာမယ့် မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့မှာ မဲပေးကြတော့မှာပါ။ အဓိက အတိုက်အခံပါတီ Pheu Thai နဲ့ မဟာမိတ် Move Forward ပါတီတို့က အခုအချိန်အထိ လူထုစစ်တမ်းတွေမှာ ထိပ်ကဦးဆောင်နေပြီး လက်ရှိဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ သူ့ရဲ့ ညီညွတ်သောထိုင်းအမျိုးသားပါတီ (UTN) ကတော့ တတိယနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရေးး ကျွမ်းကျင်သူ အတော်များများက အတိုက်အခံပါတီတွေက မဲအများစုအနိုင်ရမယ်လို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိဝန်ကြီးချုပ် Prayuth Chan-o-cha ဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံက ၂၀၁၄ ခုနှစ်မှာ အာဏာ သိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ဝန်ကြီးချုပ်ရာထူးကို ဆက်ယူထားတာကြောင့် ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အခြေခိုင်လာအောင် ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းတခုဖြစ်မယ်လို့ ထိုင်းနိုင်ငံရေးလှုပ်ရှားသူတွေနဲ့ သုံးသပ်သူတွေက မျှော်လင့်နေကြပါတယ်။

မေလ ၇ ရက်၊ မနေ့တုန်းကပြုလုပ်တဲ့ ကြိုတင်မဲပေးပွဲအတွက် လူပေါင်း ၂ သန်းကျော်က ကြိုတင် စာရင်းပေးထားတယ်လို့ ထိုင်းမီဒီယာတွေမှာ ရေးပါတယ်။ အခုနှစ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူကတော့ ၅၂ သန်းရှိပါတယ်။ အမတ်နေရာ ၅၀၀ အတွက် ပါတီပေါင်း ၂၀ က ကိုယ်စားလှယ်လောင်လောင်းတွေ ဝင်ရောက် ယှဥ်ပြိုင်နေကြတာဖြစ်ပြီး လွှတ်တော်ထဲမှာ လူများစုပါတီဖြစ်ဖို့ အမတ်နေရာ ၂၅၁ နေရာ အနိုင်ရဖို့လိုတယ်။

ရွေးကောက်ပွဲရလဒ်တွေအားလုံး သိနိုင်ဖို့ ရက်ပေါင်း ၆၀ အချိန်ပေးထားတဲ့အပြင် ထိုင်းနိုင်ငံရဲ့ တည်ဆဲစံနစ်အရ လက်ရှိအာဏာရပါတီကို အသာစီးရစေဖို့ ဖန်တီးထားတဲ့အတွက် ဘယ်ပါတီအနိုင်ရပြီး အစိုးရသစ် ဖွဲ့နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG