သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အခြေအနေ 


ထိုင်းဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်အရွေးခံနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ရှင်ရှင်နာဝပ်ရဲ့သမီး  Paetongtarn Shinawatra (အလယ်) 
ထိုင်းဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်အရွေးခံနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ရှင်ရှင်နာဝပ်ရဲ့သမီး  Paetongtarn Shinawatra (အလယ်) 

လာမယ့်မေလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ စစ်တပ်က အာဏာသိမ်းဖယ်ရှားခံလိုက်ရတဲ့ ဝန်ကြီးချုပ် ၂ ဆက်ဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်နဲ့ ညီမဖြစ်သူ ယဉ်လတ်ရှင်နာဝပ်တို့ရဲ့ မျိုးဆက်၊ ပေတွန်တန် ရှင်နာဝပ်ဟာ လက်ရှိဝန်ကြီးချုပ်ချန်အိုချာထက် လူထုထောက်ခံမှုများနေပါတယ်။ ထိုင်းရွေးကောက်ပွဲအကြောင်း ဒီတပတ်အာရှနိုင်ငံရေးအစီအစဉ်မှာ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။

အာရှနိုင်ငံရေး "ထိုင်းရွေးကောက်ပွဲ အခြေအနေ"
please wait

No media source currently available

0:00 0:05:43 0:00

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို လာမယ့် မေလ ၁၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် ဒုတိယအကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ပထမတကြိမ် ရွေးကောက်ပွဲကျင်းပခဲ့တာပါ။ ဒီရွေးကောက်ပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးချန်အိုချာ ဆက်ပြီးဝန်ကြီးချုပ်ဖြစ်ခဲ့တာ ဒီကနေ့ အထိဖြစ်ပါတယ်။

လာမယ့်မေလ ၁၄ ရက်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ စုစုပေါင်းလွှတ် တော်နေရာ ၅၀၀ အတွက် ကိုယ်စားလှယ်လောင်း ၆,၆၇၉ ဦး စာရင်းပေးထားပါတယ်။ အောက်လွှတ်တော် ခေါ် ပြည်သူ့ လွှတ်တော်အမတ်နေရာ ၄၀၀ အတွက် ကိုယ်စားလှယ်လောင်း ၄,၇၈၁ ဦးရှိပြီး အဲဒိအထဲမှာ အမျိုးသမီး ၈၇၈ ဦးပါဝင်ပါတယ်။ အထက်၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၀ အတွက် ကိုယ်လှယ်လောင်း ၁,၈၉၈ ဦး ဝင်ရောင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဝန်ကြီးချုပ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားသူ ကိုယ်စားလှယ်လောင်း ၆၃ ဦးရှိပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ၉ ဦး ပါဝင်တယ်။

အဓိကယှဉ်ပြိုင်ရမယ့် ပါတီနှစ်ခုကတော့ လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ဦးဆောင်တဲ့ ဖတ်ခရွန်ချပ်ထိုင်း United Thai Nation Party စည်းလုံးညီညွတ်သောထိုင်းပါတီနဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီး ပေတွန်တန် ရှင်နာဝါထြာ (Paetongtarn Shinawatra) ဦးဆောင်တဲ့ ထိုင်းအတွက်ပါတီလို့ အဓိပ္ပါယ်ရတဲ့ ဖူထိုင်းပါတီတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက စစ်တမ်းတွေအရအသက် ၃၆ နှစ်အရွယ် ပေတွန်တန်ရှင်နာဝပ်ကို ထောက်ခံသူ ၃၂.၁ ရာနှုန်းရှိ ပါတယ်။ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ချန်အိုချာကိုထောက်ခံအားပေးသူ ၁၆.၃ ရာနှုန်းပဲရှိပါတယ်။ ထက်ဝက်နီးပါးကွာနေပါတယ်။ ဧပြီလအစောပိုင်း မဲဆွယ်ပွဲတခုကမှာ ပေတွန်တန်ရှင်နာဝပ်က အခုလိုပြောဆိုခဲ့ပါတယ်။

“ဆယ်စုနှစ်တခုစာလောက် ပြည်သူတွေထံကနေယူသွားခဲ့တဲ့ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့လူနေမှု အဆင့်အတန်းတွေနဲ့ ပြည့်စုံကြွယ်ဝမှုတွေကို ကျမတို့ပြန်လည်ရယူတော့မှာဖြစ်ပါတယ်။"

လာမယ့်မေလ ၁၄ ရက်ရွေးကောက်ပွဲမှာ ပေတွန်တန်အနိုင်ရနိုင်တယ်ဆိုတဲ့ တွက်ချက်မှုတွေရှိပါတယ်။ ပေတွန်တန်ဟာ သူဖ့ခင်နည်းလမ်းအတိုင်း လူများစုဖြစ်တဲ့ကျေးလက်ဒေသတွေနဲ့အလုပ်အမားတွေကို ဦးတည်ပြီးစည်းရုံးပါတယ်။ သူဝန်ကြီးချုပ်ဖြစ်လာရင် အလုပ်သမားတဦး တနေ့အနည်းဆုံးလုပ်ခ ဘတ် ၆၀၀ ( မြန်မာငွေ ၃၇,၀၀၀ နီးပါး) ရအောင်ဆောင်ရွက်မယ်လို့ မဲဆွယ်စည်းရုံးပါတယ်။ လက်ရှိမှာ ဘတ် ၃၅၀ ဝန်းကျင်ပဲရရှိပါတယ်။

သူ့ရဲ့ဖခင် သက်ဆင်ရှင်နာဝပ်တုန်းကလည်း ရွာတရွာ ထုတ်ကုန်တခု စီမံကန်းလုပ်ပြီး ကျေးရွာတွေကို ဘတ်သန်းနဲ့ချီ ငွေထုတ်ချေးခဲ့ပါတယ်။ ဒါ့ပြင် ဘတ် ၃၀ နဲ့ ဆေးကုသနိုင်ခွင့် စတာတွေကိုစီမံပေးခဲ့တဲ့အတွက် အခြေခံလူတန်းစားတွေက သက်ဆင်ရှင်နာဝပ်ကိုသဘောကျကြပါတယ်။ သက်ဆင်ရှင်နာဝပ်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဝန်ကြီး ချုပ်နေရာကနေ ဖယ်ရှားခဲ့ပါတယ်။ သူဟာ ပြည်ပမှာတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ချမ်းသာ တယ်လို့ သတင်းတွေမှာဖေါ်ပြပါတယ်။ သူ့ရဲ့ညီမဖြစ်သူ ယဉ်လတ်ရှင်နာဝပ်ကိုလည်း ၂၀၁၄ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ်ချန်အိုချာဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းဖယ်ရှားခဲ့တာပါ။ ဒါကြောင့် ဒီလာမယ့် ၂၀၂၃ မေလ ၁၄ ရက်ရွေးကောက်ပွဲမှာ သက်ဆင်ရှင်နာဝပ်မျိုးဆက် ပေတွန်တန် ရှင်နာဝပ်အနိုင်ရလာရင် စစ်တပ်က နောက်ထပ်အာ ဏာသိမ်းဦးမလားဆိုတာကို စိုးရိမ်မှုတွေရှိပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့အထဲမှာ စိတ်ဝင်စားစရာပါတီတခုကတော့ Move forward Party 'ရှေ့သို့ချီ' လို့မြန်မာလိုအဓိပ္ပါယ်ရတဲ့ပါတီဖြစ်ပါတယ်။ ဒီပါတီဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဝန်ကြီးချုပ်ချန်အိုချာအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပိုမိုပြည့်ဝတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုခဲ့တဲ့ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တဦးအဖြစ် နိုင်ငံတဝှမ်းထင်ရှားခဲ့တဲ့ အသက် ၃၀ အရွယ် Chonthicha Jangrew ကတော့ လမ်းပေါ်ကပြည်သူတွေရဲ့အသံကို လွှတ်တော်ထဲကို သယ်ဆောင်သွားလိုတဲ့အတွက် ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြောပါတယ်။

“လွှတ်တော်ထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေပြဌာန်းနိုင်ဖို့ ကျမဟာ အသုံးဝင်နိုင်ပါတယ်။ တချိန်က လမ်းတွေပေါ်မှာ ကျမတို့တောင်းဆိုခဲ့တာတွေကို လွှတ်တော်ထဲမှာ ဥပဒေတွေဖြစ်လာဖို့ ကျမလုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်။”

သူတို့ပါတီကို တိုးတက်တဲ့အမြင်ရှိတယ်လို့ သတင်းတွေမှာဖေါ်ပြပါတယ်။ ပါတီကိုဦးဆောင်တည်ခဲ့သူ အသက် ၄၂ နှစ်အရွယ် အမေရိကန် ဟားဘတ်တက္ကသိုလ်ဆင်းတဦးလည်းဖြစ်တဲ့ Pita Limjaroenrat ကအခုလိုပြောဆိုခဲ့ပါတယ်။

“ မဲပြားတွေဟာ ကျည်ဆံတွေထက်အစွမ်းထက်တယ်လို့ လွန်ခဲ့တဲ့ အနှစ် ၂၀၀ လောက်က အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်းပြောဆိုခဲ့တာဟာ ဒီနှစ်အတွင်းထိုင်းနိုင်ငံမှာဖြစ်လာတော့မှာပါ' လို့ ပြောဆိုသွားခဲ့တာပါ။

ထိုင်းနိုင်ငံမှာ လူငယ်၊ ကျောင်းသားတွေ၊ ပညာတတ်လူတန်းစားတွေနဲ့အများစုက စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ပိုမိုပွင့်လင်းတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကိုသာ လိုလားပါတယ်။ လာမယ့်ရွေးကောက်ပွဲကနေ ထိုင်းနိုင်ငံမှာ အရပ်သားအစိုးရ အာဏာရခဲ့ရင် စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘယ်လိုရပ်တည်ချက်တွေ ပြောင်းလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့အစိုးရသစ်ဟာ သြဂုတ်လမှာ စတင် တာဝန်ယူရမှာဖြစ်ပါတယ်။

အခုလိုအချိန်မှာပဲ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးလ်ဟာ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၂၆ ရက်နေ့ကရောက်ရှိသွားပြီး သမ္မတဘိုင်ဒန်နဲ့တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားနျူကလီးယားရန် ကာကွယ်ရေးအပါအဝင် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်မှုအသစ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

“နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ပြီး ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်သွားနိုင်မယ်လို့ယုံကြပါတယ်။ ကျနော်တို့ရဲ့မဟာမိတ်ဟာ အင်ဒိုပစ္စဖိတ်ဒေသတွင်း လုံခြုံရေးနဲ့ တိုးတက်ကြီးပွားရေးအတွက် အရေးပါမှုကို ကျနော်တို့မြင်တွေ့ပါတယ်။”

လို့ သမ္မတ ဘိုင်ဒန်ကပြောဆိုခဲ့ပါတယ်။ အမေရိကားကိုဖြစ်စေ၊ အမေရိကန် မဟာမိတ်နိုင်ငံကိုဖြစ်စေ မြောက်ကိုရီးယားက နျူကလီယားနဲ့တိုက်ခိုက်လာမယ်ဆိုရင် လက်ခံနိုင်စရာမရှိဘူးလို့လည်း သမ္မတဘိုင်ဒန်ကပြောခဲ့ပါတယ်။

ဒီသဘောတူညီချက်အသစ်အရ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သဘောပါအဝင် အမေရိကန်တပ်ဖွဲ့တွေကို တောင်ကိုရီးယားမှာ တိုးချဲ့ချထားမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်မဟာဗျူဟာ IPS အရ တောင်ကိုရီးယားဟာလည်း အဓိကကျတဲ့မဟာမိတ်ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့နောက်ထပ် အင်ဒိုပစိဖိတ်မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံဖြစ်တဲ ဖိလစ်ပိုင်ရဲ့ သမ္မတ မားကို့စ်ဟာလည်း ဧပြီလ ၃၀ ရက်ကနေ မေလ ၄ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး သမ္မတဘိုင်ဒန်နဲ့တွေ့ဆုံမှာဖြစ်ကြောင်း ဒီတပတ် အာရှနိုင်ငံရေးအစီအစဉ်မှာ တင်ပြလိုက်ရပါတယ်။

ထိုင်းရွေးကောက်ပွဲ အခြေအနေ
please wait

No media source currently available

0:00 0:06:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG