သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရွေးကောက်ပွဲ အာဏာသိမ်းဗိုလ်ချုပ်ဟောင်းပါတီ ရှေ့ပြေး


Phalang Pracharat ပါတီ ခေါင်းဆောင် Uttama Savanayana (မတ်၊ ၂၄၊ ၂၀၁၉)
Phalang Pracharat ပါတီ ခေါင်းဆောင် Uttama Savanayana (မတ်၊ ၂၄၊ ၂၀၁၉)

ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကနေ ကနဦးထွက်လာတဲ့ ရလဒ်တွေအရ လက်ရှိစစ်အစိုးရနဲ့ ဆက်စပ်တဲ့ပါတီက မဲအများစုနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမယ့်လည်း မဲမသမာမှုတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေက အတော်လေး စိုးရိမ်စရာ ကောင်းတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ ရေးအဖွဲ့ HRW ကပြောပါတယ်။ ထိုင်းရွေးကောက်ပွဲ နောက်ဆုံးသိထားရသမျှ အခြေအနေကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာ သိမ်းယူပြီးကတည်းကဆိုရင် ပထမဆုံးကျင်းပတဲ့ အခု ထိုင်းရွေးကောက်ပွဲကို စစ်တပ် အပေါ် လူထု ဆန္ဒခံယူပွဲအဖြစ် အများစုက သတ်မှတ်ကြပါတယ်။ စစ် အစိုးရအနေနဲ့ အရပ်သားအစိုးရတရပ်အဖြစ် အသွင်ကူး ပြောင်းတာမှာ လွယ်ကူချောမွေ့စေဖို့ ဒီရွေးကောက်ပွဲကို စည်းမျဉ်း စည်းကမ်းအသစ်တွေ ချမှတ်ပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။

စစ်အစိုးရအပေါ် လူတွေ မကျေနပ်ကြတာ၊ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဖွဲ့စည်းခဲ့တဲ့ Pheu Thai ပါတီကို ထောက်ခံသူတွေ အခိုင်အမာ ဆက်ရှိနေသေးတာ၊ ဒီတကြိမ်မှာမှ မဲပေးခွင့်ရလာတဲ့ လူငယ်မဲ ဆန္ဒရှင်တွေ အားပေးထောက်ခံတဲ့ ပါတီသစ် တခုပေါ်လာတာ စတဲ့ အချက်တွေကြောင့် စစ်တပ်နဲ့ ဆက်စပ်တဲ့ Phalang Pracharat ပါတီ အခြေအနေ ကောင်းလိမ့်မယ်လို့ လေ့လာသူတွေက တွက်မထားခဲ့ပါဘူး။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံရေးဟာ ခန့်မှန်းရ ခက်လှပါတယ်။ မဲအရေအတွက် ၉၄ ရာခိုင်နှုန်း ကို ရေတွက်ပြီးချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီကနေ့အစောပိုင်း ထုတ်ပြန်ချက်အရ အာဏာသိမ်း စစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha ရဲ့ Phalang Pracharat ပါတီက စုစုပေါင်းမဲ အရေအတွက် အများဆုံးရထားပြီး ဝန်ကြီးချုပ်ဟောင်း Thaksin ဦးဆောင်ခဲ့တဲ့ Pheu Thai ပါတီက ဒုတိယ၊ ဒီရွေးကောက်ပွဲမှာ ပထမဆုံးဝင်ပြိုင်တဲ့ Future Forward ပါတီသစ်က တတိယ အသီးသီး ရှိနေပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲရလဒ် အပြည့်အစုံ ကြေညာမယ့် ရက်ကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က မေလအထိ ရွှေ့ဆိုင်းထားတဲ့ အကြောင်း ထိုင်း ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးချုပ် Jarungvith Phumma က ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“ကနဦး ရလဒ်တွေအရ ဘယ်ပါတီက မဲအများဆုံး ရထားတယ်ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ ဒါပေမယ့် နောက် တဆင့်က တရားဝင်ရလဒ်တွေကို ထုတ်ပြန်ဖို့ဖြစ်ပြီး မေလ ၉ ရက်နေ့မှာ ကြေညာဖို့ သတ်မှတ်ထားပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေ အားလုံးကို ဒီ့မတိုင်ခင်မှာ ပြီးပြတ်အောင် စစ်ဆေးမှာ ဖြစ်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပြီးတော့ တရားဝင်ရလဒ်ကို ထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း ကော်မရှင် အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

တရားမဝင် ဖြစ်သွားတဲ့ မဲ အရေအတွက်က ၂ သန်းနီးပါး ရှိတယ်ဆိုတဲ့ သတင်းကြောင့်လည်း ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုတွေက သေချာပေါက် ဖြစ်လာမယ့် သဘော ရှိပါတယ်။

HRW အဖွဲ့အနေနဲ့တော့ မဲ မသမာမှုဆိုင်ရာ သတင်းတွေကို ရထားတယ်လို့ HRW ရဲ့ အကြီးတန်း သုတေသီ Sunai Phasuk က ပြောပါတယ်။

“ကျနော်တို့ ကြားထားတဲ့ သတင်းတွေက သိပ်ကို စိုးရိမ်စရာ ကောင်းပါတယ်။ မဲ ဝယ်တာတွေ၊ မဲ ရေတွက်တာနဲ့ စာရင်း ထည့်သွင်းတာမှာ စည်းမျဉ်း စည်းကမ်းနဲ့ မညီညွတ်တာတွေ၊ အတိုက်အခံ ပါတီဝင်တွေကို ခြိမ်းခြောက် နှောင့်ယှက်တာတွေ စတဲ့ သတင်းတွေကို ကျနော်တို့ ရထားပါတယ်။”

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကိုက ပိတ်ပင် ကန့်သတ်ချက်တွေ ရှိထားတာကြောင့် ဒီရွေးကောက်ပွဲဟာ မေးခွန်းထုတ်စရာ အများအပြား ရှိနေတယ်လို့လည်း Sunai Phasuk က ထောက်ပြပါတယ်။

“အစကတည်းကိုက ဒီရွေးကောက်ပွဲဟာ ယုံကြည်ရလောက်တဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တခုအဖြစ် သတ်မှတ်ဖို့ မျှော်လင့်ချက် မရှိခဲ့သလောက်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ တခုအဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့ အခြေခံ လွတ်လပ်ခွင့်တွေ မရှိခဲ့လို့ပါ။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်လို အခြေခံ လွတ်လပ်ခွင့်တွေအပေါ် စစ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့ပါတယ်။”

ဒီရွေးကောက်ပွဲမှာမှ ပထမဆုံး ဝင်ပြိုင်တဲ့ Future Forward ပါတီဟာ ပထမဆုံးအကြိမ် မဲပေးသူ လူငယ်အများစုရဲ့ ထောက်ခံမှုနဲ့ ရေတွက်ပြီးသမျှမှာ မဲအရေအတွက် ၅ သန်းကျော်အထိ ရထားတာကြောင့် အဓိက အောင်မြင်မှုရတဲ့ ပါတီ ဖြစ်တယ်လို့ Naresuan တက္ကသိုလ်က လူမှုသိပ္ပံဘာသာ ဌာနမှူး Napisa Waitoolkiat ကပြောပါတယ်။

“အကြီးမားဆုံး အောင်မြင်မှု ရတာကတော့ Future Forward ပါတီဆိုတာ သိပ်ထင်ရှားပါတယ်။ ဒီရွေးကောက်ပွဲမှာ မှ ပထမဆုံး အကြိမ် မဲပေးသူတွေ၊ လူငယ်တွေ၊ သိပ်ကိုတက်ကြွပြီး အပြောင်းအလဲ လိုချင်ကြသူတွေက ၁၄ ရာခိုင်နှုန်း လောက်ရှိပါတယ်။ အဲဒီ မဲ ဆန္ဒရှင်တွေဟာ Future Forward ပါတီကို အခိုင်အမာ ထောက်ခံကြတယ်လို့ ကျမ ယူဆပါတယ်။”

စုစုပေါင်း အမတ်အရေအတွက် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်အတွက် ထိုင်းမဲ ဆန္ဒရှင်တွေ မဲပေးကြရတာဖြစ်ပြီး အဲဒီထဲက အမတ်နေရာ ၃၅၀ ကို မဲဆန္ဒနယ် တခုချင်းစီကနေ တိုက်ရိုက် ရွေးကောက် တင်မြှောက်တာဖြစ်ပြီးတော့ ၁၅၀ ကိုတော့ ပါတီတခု ချင်းစီကအနိုင်ရတဲ့ စုစုပေါင်းမဲ အရေအတွက်နဲ့ ခွဲခြားသတ်မှတ်ပေးတာပါ။ အထက်လွှတ်တော်မှာ အမတ်အရေအတွက် ၂၅၀ ရှိပြီး အားလုံးကို စစ်အစိုးရက ခန့်ထားတာ ဖြစ်ပါတယ်။

အထက်အောက် လွှတ်တော် ၂ ရပ် ပေါင်းပြီးတော့ ဝန်ကြီးချုပ်ကို မဲပေး ရွေးချယ်ကြမှာ ဖြစ်တဲ့အတွက် လက်ရှိ အသာရနေတဲ့ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပါတီရဲ့ ခေါင်းဆောင် လက်ရှိ ဝန်ကြီးချုပ် Prayuth ပဲ ပြန်တက်လာမယ်လို့ ခန့်မှန်းနေကြတာပါ။

ဒီ ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက်ကတော့ ခန့်မှန်းထားတာထက် အများကြီးလျော့ပြီး ၆၄ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG