သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အလားအလာ


ထိုင်းနိုင်ငံရွေးကောက်ပွဲ အတွက် လူတွေ ကြိုတင်မဲပေးဖို့ တန်းစီနေကြပုံ (မတ်၊ ၁၇၊ ၂၀၁၉)

မကြာမီ ကျင်းပတော့မယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစု အင်အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ တချိန်တည်းမှာလည်း ယခင် ရွေးကောက်ပွဲတွေမှာ ကြုံခဲ့ဖူးသလို မဲဝယ်ယူတဲ့ ဓလေ့ကြောင့် ရွေးကောက်ပွဲ ရလဒ်ကို ထိခိုက်နိုင်ဖွယ် မရှိဘူးလို့လည်း ယူဆနေကြတာပါ။ VOA သတင်းထောက် Luke Hunt ဘန်ကောက်ကနေ ပေးပို့တဲ့သတင်းကို ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

၅ နှစ် ကြာကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို အခုလာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်တော့မှာပါ။ အဓိကအားဖြင့် ၂၀၁၄ က အာဏာသိမ်း တက်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး Prayut Chan-ocha နဲ့ ဒီမိုကရေစီ အင်အားစုတို့အကြား ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ Prayut ကတော့ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ရင် ဒီမိုကရေစီ ဖော်ဆောင်ပေးမယ်လို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တဲ့အတွက် အထူးသဖြင့် အာဆီယံဒေသအတွင်း ဒီမိုကရေစီ လိုလားသူတွေကလည်း အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ မူဝါဒရှိသည့်တိုင်အောင် ဒီရွေးကောက်ပွဲကို ဂရုတစိုက် စောင့်ကြည့်နေကြတာပါ။

၂၀၁၄ မှာ စစ်အာဏာ သိမ်းခဲ့ပြီးချိန်ကစလို့ ထိုင်းနိုင်ငံမှာ ဆန္ဒသဘောထား လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင့်တို့ဟာ ခေတ်သစ်ထိုင်းနိုင်ငံသမိုင်းမှာ မကြုံစဖူး လျော့နည်းခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

The ASEAN Post သတင်းစာထဲက သုံးသပ်ချက်တခုမှာ အခုလို ရေးထားပါတယ်။

“တက်ကြွလှုပ်ရှားသူ၊ အစိုးရနဲ့ သဘောကွဲသူ ရာပေါင်းများစွာတို့ကို အမျိုးသား လုံခြုံရေး ခြိမ်းခြောက်သူတွေအဖြစ် သတ်မှတ်ပြီး လှုံ့ဆော်မှု၊ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှု၊ ဘုရင်စနစ်ကို စော်ကားမှု စတဲ့ ရာဇ၀တ်မှုတွေနဲ့ စွဲဆိုခဲ့ပါတယ်။ တကယ်တော့ အဲဒီ့သူတွေဟာ သူတို့ရဲ့ သဘောထားအမြင်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခဲ့ကြခြင်းသာ ဖြစ်ပါတယ်။”

၂၀၁၄ အာဏာသိမ်းမှုမှာ ၁၉၃၂ ကစ ရေတွက်ရင် ၁၃ ကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်ပြီး ၀န်ကြီးချုပ် Yingluck Shinawatra ကို ဖယ်ရှားခဲ့တဲ့အတွက် နိုင်ငံတကာက ရှုတ်ချ ကန့်ကွက်ခဲ့ကြပါတယ်။ အခုရွေးကောက်ပွဲမှာ အဲဒီတုန်းက ညှိုးငယ်ခဲ့တဲ့ ဂုဏ်သတင်းကို ပြန်လည် အဖတ်ဆယ်နိုင်ဖို့ စစ်ဖက်က မျှော်လင့်နေတာပါ။

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကို အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။ လွှတ်တော်အတွင်း စစ်တပ်အတွက် နေရာချထားမှုကြောင့် အရပ်သား အစိုးရအပေါ် စစ်တပ်ရဲ့ လွှမ်းမိုးမှု ဆက်ရှိနေပြီး ဒါက ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲတွင်း ပြည်သူတွေရဲ့ ဒီမိုကရေစီ လွတ်လပ်ရေး မျှော်လင့်ချက်တွေကို ထိခိုက်စေခဲ့ပါတယ်။ အရှေ့ပိုင်း အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာတော့ အဓိက အတိုက်အခံပါတီကို ရွေးကောက်ပွဲ ၀င်ခွင့်ပိတ်၊ သတင်းမီဒီယာနဲ့ နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို ထောင်ချခဲ့ပြီး တပါတီ နိုင်ငံ ပြန်တည်ထောင်ခဲ့တာကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံရမယ့် အလားအလာ ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း ဧပြီလအတွင်း ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။

စင်္ကာပူနိုင်ငံကတော့ ၁၉၆၅ လွတ်လပ်ရေးရချိန်က စပြီး တပါတီ အုပ်ချုပ်ရေးစနစ်အောက်မှာ ရှိလာခဲ့ပြီး ဗီယက်နမ်၊ လာအိုတို့က ကွန်မြူနစ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံကတော့ sharia ဥပဒေကျင့်သုံးတဲ့ အစ္စလာမ်နိုင်ငံ ဖြစ်နေပါတယ်။

အရှေ့တောင်အာရှ စည်းလုံးညီညွတ်ရေးဌာန ဒါရိုက်တာ David Welsh ကတော့ ဒီ ရွေးကောက်ပွဲတွေမှာ အဓိက ကျတဲ့ ပြဿနာတရပ်က လူ့အခွင့်အရေးကိစ္စဖြစ်ပြီး စစ်ဘက်ကို စီးပွားရေးလုပ်ပိုင်ခွင့်ပေးထားခြင်းဟာ အလုပ်သမားတွေအပေါ်မှာ သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

"စီးပွားရေးနဲ့ ကုန်သွယ်ရေး အလားအလားတွေကတော့ အတော်လေး ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်သမားဥပဒေနဲ့ အလုပ်သမားတွေကို အကာအကွယ် ပေးမယ့်ကိစ္စကတော့ အဲဒီလောက် မကောင်းနိုင်ပါဘူး။ မလေးရှားမှာဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်အတော်လေး အံ့အား သင့်ခဲ့ရပါတယ်။ အခုတော့ ကျနော်တို့ စောင့်ကြည့်ကြပါစို့။"

မလေးရှားဟာ အာဆီယံ ၁၀ နိုင်ငံအတွင်း အလားအလာကောင်းတဲ့ နိုင်ငံတခု ဖြစ်ခဲ့ပြီး ချစားပျက်စီးနေတဲ့ ၀န်ကြီးချုပ် Najib Razak ကို လူထုမဲနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ စစ်အစိုးရကိုတော့ ရွေးကောက်ပွဲနည်းနဲ့ ဖြုတ်ချနိုင်မယ့် အလားအလာ အလှမ်းဝေးနေပါသေးတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayut Chan-ocha ဟာ အခုအခါမှာ လူကြိုက်များနေပြီး သူ တရားဝင် ၀န်ကြီးချုပ် ဖြစ်လာနိုင်ဖွယ် ရှိနေတာပါ။ အရှေ့တောင်အာရှ သတင်းစာဆရာများ မဟာမိတ်အဖွဲ့ကတော့ သူ့ရဲ့ လက်ထက်မှာ သတင်း လွတ်လပ်ခွင့်ကို နှိပ်ကွပ်ခဲ့တဲ့အတွက် သူ့ရဲ့ ခေါင်းဆောင်မှုကို စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ထိုင်းရွေးကောက်ပွဲ စောင့်ကြည့်မှုအဖွဲ့ Laddawan Tantiyita ကတော့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတချို့မှာ မဲဝယ်တဲ့စနစ် ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ မဲဆွယ်သူတွေဟာ မဲဆန္ဒရှင်တွေကို ထရပ်ကားတွေနဲ့ မဲရုံဆီကို သယ်ယူပို့ဆောင်ပေးတယ်။ အခမဲ့ နေ့လည်စာ ကျွေးခဲ့တယ်ဆိုလည်း သူက ပြောပါတယ်။

"ဘတ် ၁၀၀ ကစတယ်၊ နောက် ၂၀၀- ၃၀၀ ကနေ ၅၀၀ အထိဖြစ်လာတယ်။ အခုဆိုရင် ဘတ် ၁၀၀၀ အထိဖြစ်သွားပါပြီ။ ဒါဟာ အမေရိကန် ၃၂ ဒေါ်လာနဲ့ ညီမျှပါတယ်။ ဒါ သူ့ကို မဲထည့်မယ်ဆိုရင် ဒီလောက်ထိပေးမယ်လို့ သူကပြောနေတာပါ။"

ဒါပေမယ့် အခုအခါမှာ လူထုသဘောပေါက်လာပြီ ဖြစ်လို့ ဒီလုပ်ရပ်ဟာ ထိရောက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

"နိုင်ငံရေးသမားတွေဟာ သူတို့လုပ်နေတာ မှားနေတယ်ဆိုတာကို သူတို့သတိမပြုမိ ကြပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ပြည်သူတွေက သိလာကြပါပြီ။ ဒါကြောင့် မဲဝယ်တဲ့ ကိစ္စကြောင့် ရွေးကောက်ပွဲရလဒ်ကို မထိခိုက်နိုင်တော့ပါဘူး။"

အမေရိကန် အစိုးရကတော့ သူ့နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ခရီးသွားရင် ရဲနဲ့ စစ်တပ် ထူထပ်စွာ ချထားတဲ့ အခြေအနေနဲ့ တွေ့ကြုံနိုင်တယ်၊ အထူးသဖြင့် မဲရုံတွေ အနီးတ၀ှိက်မှာ သတိထားကြဖို့ နှိုးဆော်ထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဥပဒေကို လေးစားပြီး ဘုရင်စနစ်ကို ဝေဖန်ခြင်းမပြုဖို့၊ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး လူစုလူဝေးတွေနဲ့ မပါဝင်ကြဖို့ နှိုးဆော်ထားပါတယ် ခင်ဗျာ။

ထိုင်းရွေးကောက်ပွဲ အလားအလာ
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG