သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းစစ်တပ် ထောက်ခံတဲ့ပါတီ ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးပမ်း


Pheu Thai ပါတီနဲ့ Future Forward ပါတီတို့ ညွှန့်ပေါင်းဖွဲ့ရေး လက်မှတ်ထိုး။

ထိုင်းရွေးကောက်ပွဲ နောက်ဆုံးရလဒ် မထွက်သေးချိန်မှာ အဓိက ပါတီကြီး (၂) ခုအနေနဲ့ သူနိုင်ကိုယ်နိုင် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တော့မယ်လို့ ကြွေးကြော်နေကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထောက်ခံပေးထားတဲ့ Pheu Thai ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တော့မယ်လို့ ပြောအပြီးလေးမှာပဲ၊ လက်ရှိ စစ်အစိုးရ ထောက်ခံပေးထားတဲ့ Palang Pracharat ပါတီ က သူတို့သာ ညွန့်ပေါင်းဖွဲ့နိုင်မှာပါလို့ ကြုံးဝါးလိုက်ပါတယ်။ ရွေးကောက်ပွဲ ရလဒ် အပြည့်အစုံ မကြေညာနိုင်သေးချိန်မှာ ထိုင်းနိုင်ငံရေး မသေချာမှုတွေ များလာတာကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ အပြီး လက်ရှိ အချိန်ထိ အောက်လွှတ်တော်မဲ အများဆုံး ရထားတဲ့ Pheu Thai ပါတီက ပါတီငယ် ၆ ခုနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တော့မယ်လို့ မနေ့က ကြေညာခဲ့ အပြီးမှာဘဲ စစ်တပ်ပါတီ Palang Pracharat ပါတီဘက်ကလည်း ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ တခြားပါတီတွေနဲ့ အေးအေးဆေးဆေး ပြင်ဆင်နေတယ်လို့ ပြန်ပြောလိုက်ပါတယ်။ လက်ရှိ အစိုးရ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကို ၀န်ကြီးချုပ် အဖြစ် ဆက်တင်ဖို့ ရှိတဲ့ Palang Pracharat ပါတီ ခေါင်းဆောင် Uttama Savanayana က

“ ဖလန် ပရတ်ချာရတ် ပါတီအနေနဲ့ နိုင်ငံရေးအတွေးအခေါ်တူတဲ့ တခြားပါတီတွေနဲ့ပေါင်းပြီး၊ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မယ်လို့ ယုံကြည်မှုအပြည့်ကို ရှိထားပါတယ်။ ဝင်ပါမဲ့ ပါတီအရေအတွက်ကိုလည်း၊များနိုင်သမျှများအောင် ကြိုးပမ်းစုစည်းသွားမှာပါ။ဒါပေမဲ့ အလောတကြီးလုပ်စရာတော့ မလိုသေးပါဘူး။”

တကယ်တော့ တနလာင်္နေ့ အထိ ရထားတဲ့ မဲရလဒ်တွေ အရ အောက်လွှတ်တော်မှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ Pheu Thai ပါတီက ၁၃၇ နေရာ ရထားပြီး စစ်တပ်ပါတီ Palang Pracharat ပါတီကတော့ ၉ ၇ နေရာ ရထားပါတယ်။ ဒါပေမယ့် စစ်တပ် စိတ်ကြိုက် ရေးထားတဲ့ လက်ရှိ ဖွဲ့စည်းပုံ အရ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်း အများဆုံး မဲနဲ့ အစိုးရဖွဲ့ရမှာ မှာ အထက်လွှတ်တော် တခုလုံးမဲ ၂၅၀ ကို စစ်တပ်က ရထားပြီး ဖြစ်ပြီး အောက်လွှတ်တော် အမတ် ၅၀၀ အတွက်သာ အခု ပြိုင်နေကြတာပါ။ လာမယ့် သောကြာနေ့မှာ ကနဦး ရလဒ်ထွက်လာပြီး အဖြူ အမဲ နည်းနည်းစကွဲဖို့ မျှော်လင့်နေချိန်မှာ စစ်တပ်ပါတီက Palang Pracharat ပါတီ ခေါင်းဆောင် Uttama Savanayana က သူတို့ အနေနဲ့ အလောတကြီး လုပ်စရာ မလိုဘူးလို့ အခုလို ဆက်ပြောပါတယ်။

“ အခု လောလောဆယ်မှာတော့ ညွန့်ပေါင်းအစိုးရမှာ ပါဖို့ အလားအလာရှိတဲ့ တခြားပါတီတွေနဲ့ စဆွေးနွေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။”

ဒါ့အပြင် သောကြာနေ့ ထွက်လာဖို့ ရှိတဲ့ ကနဦး ရလဒ် အပြီး မေလ ၉ ရက်နေ့ ကျမှ တရားဝင် ရွေးကောက်ပွဲ ရလဒ် အပြည့်အစုံကို ကြေညာဖို့ ရှိနေတာမို့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ Pheu Thai ပါတီ ဘက်က အလျင်စလို အစိုးရ ဖွဲ့ဖို့ ကြေညာတာကို စစ်တပ်ပါတီ ခေါင်းဆောင်က အခုလို ဝေဖန်လိုက်ပါတယ်။

“ ဘယ်ပါတီ အနေနဲ့မှ၊ မဲအများစု ရတယ်လို့ မပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မဲရေတွက်နေတာက မပြီးဆုံးသေးလို့ပါ။ ”

တကယ်တော့ ဒီရွေးကောက်ပွဲ နောက်ဆုံးရလဒ် ကြေညာမယ့်ရက် ရောက်ဖို့ တလခွဲလောက် လိုနေသေးချိန်မှာ ရွေးကောက်ပွဲ မဲလိမ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေတာမို့ ထိုင်း အနာဂတ် နိုင်ငံရေးနဲ့ စီးပွားရေး မရေရာမှုတွေ ဖြစ်နေပါတယ်။ တကယ်က အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၇၅၀ ရှိတဲ့ ထိုင်း လွှတ်တော်ထဲမှာ စစ်တပ်ပါတီ အတွက်တော့ ရပြီးသား အထက်လွှတ်တော် အမတ် ၂၅၀ အပါအ၀င် စုစုပေါင်း ၃၇၅ မဲကျော် ရရင် အစိုးရ ဖွဲ့နိုင်မှာမို့ အခု ရထားပြီးသား ၉၇ နေရာ အပြင် နောက်ထပ်မဲ ၂၇ မဲကျော်သာ လိုပါတော့တယ်။ ဒါပေမယ့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ Pheu Thai ပါတီအတွက်တော့ အောက်လွှတ်တော်မှာ အခု နိုင်ပြီးသား ၁၃၇ နေရာ အပြင် နောက်ထပ် ၂၃၇ နေရာကျော် ရဖို့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG