သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရွေးကောက်ပွဲ မဲဆန္ဒရုံတွေမှာ မဲပေးနေတဲ့ ထိုင်းပြည်သူများ။ ( မတ် ၁၇-၂၀၁၉)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရွေးကောက်ပွဲ မဲဆန္ဒရုံတွေမှာ မဲပေးနေတဲ့ ထိုင်းပြည်သူများ။ ( မတ် ၁၇-၂၀၁၉)

ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားပေမဲ့ နိုင်ငံရေး အခြေအနေတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အစိုးရသစ်တရပ် ထွက်ပေါ်လာတဲ့အခါ အိမ်နီးချင်း မြန်မာနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာနိုင်သလဲ ဆိုတာတွေကိုတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေး ပါတီမှ အပြတ်အသတ် အနိုင်ရတဲ့ လက္ခဏာ မတွေ့ရတဲ့အတွက် ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းရမယ့် အလားအလာတွေ ရှိနေပါတယ်။ ထိုင်းစစ်တပ်အကြီးအကဲ လက်ရှိ ဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဆက်ဆံရေး ပြေပြစ်နေတဲ့ မြန်မာနိုင်ငံ အနေနဲ့ ထိုင်းနိုင်ငံ အစိုးရသစ်တရပ် တက်လာတဲ့အခါ အပြောင်းအလဲတွေ ဖြစ်လာမလားဆိုပြီး အများက အာရုံစိုက်စောင့်ကြည့်နေတယ်လို့ လည်း ထိုင်း-မြန်မာအရေး အကဲခတ် ဦးအောင်သူငြိမ်း ကပြောပါတယ်။

“ကျနော်တို့ မြန်မာနဲ့ထိုင်း စစ်တပ်ရော အစိုးရရော ဆက်ဆံရေးကတော့ အဆင်ပြေ ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ပေါ့နော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ထိုင်းက ဘုရင့်ဆီကနေပြီးတော့ ခေါ်ပြီးတော့ ဆုပေးတာတွေ ရှိပါတယ်။ တလောကလည်း ထိုင်းရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ကျနော်တို့ ကာချုပ် ကနေပြီးတော့ ခေါ်ပြီးတော့ ဆုပေးတာ တွေရှိတော့ တပ်မတော်ချင်း ဆက်ဆံရေး ကတော့ ပြေလည်မှုရှိပါတယ်။ နောက်တခါကျတော့ အစိုးရချင်း ဆက်ဆံရေးမှာလည်း ကျနော် ထင်တယ် ထူးထူးခြားခြားတော့ ပြောင်းလဲသွားစရာ မရှိဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် တခုပဲ ရှိပါတယ် ထိုင်းကလည်း ပြောနေဆိုနေတာဆိုတော့ အခု လက်ရှိအစိုးရ အသစ်ဖွဲ့ဖို့က လိပ်ခဲတည်းလည်းနဲ့ နည်းနည်းကြာမယ့် အနေအထား ရှိနိုင်တယ်ပေါ့နော်။ ဆိုတော့ ဒီအနေအထားမှာ ဘယ်သူအစိုးရဖြစ်လာမလဲ ၊ ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတဲ့အပိုင်းမှာ ကျန်တဲ့ တဖက်ကတော့ မသိနိုင်ဘူးဆိုတဲ့ အနေအထားပါ။ ဆိုတော့ ထိုင်းမှာ ပြောနေဆိုနေတာက ဒီအစိုးရသစ်က ဘယ်သူတွေဖြစ်လာမလဲလို့ မသိပဲနဲ့ ကြာနေတဲ့ အနေအထားပေါ့နော်။ ဒီအနေအထားဆိုရင် စီးပွားရေး နည်းနည်းနှောင့်နှေးနိုင်တယ် စီးပွားရေးသမားတွေလည်း ဘယ်လိုဆုံးဖြတ်ရမှန်းမသိဘူး ရင်းနှီးမြှုပ်နှံမှုတွေလည်း နှောင့်နှေးနိုင်တယ်ဆိုတဲ့ ဒီလိုဝေဖန်ချက်မျိုးတွေရှိပါတယ်။”

၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မျှမျှတတ အခြေအနေမျိုးတွေ မရှိခဲ့ဖူးဆိုပြီး ရွေးကောက်ပွဲ လေ့လာတဲ့ ဒေသတွင်း အဖွဲ့တဖွဲ့ ကလည်း ဝေဖန်ထားပါတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ ရလဒ် ဘယ်လိုပဲ ထွက်ထွက် ထိုင်းနိုင်ငံတွင်း နိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းနိုင်မယ့်ပုံ မရှိဘူးလို့လည်း အမေရိကန်အခြေစိုက် နိုင်ငံခြား ဆက်ဆံရေးရာ ကောင်စီ ကလည်း မကြာသေးခင်ကပဲ ပြောဆိုထားတာပါ။ နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်း ကတော့ ထိုင်းနိုင်ငံရေး ပြဿနာတွေဟာ ပြေပြေလည်လည်နဲ့ အဆုံးသတ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ ပြီးတဲ့နောက်ပေါ့နော် ၁လကျော်ကျော်နောက်ဆုတ်ပြီးတော့မှ အခုရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ ထုတ်ပြန်ကြေညာမယ်ဆိုတော့ သံသယဖြစ်စရာ အကြောင်းတွေ ဖြစ်လာတာပေါ့။ ဆိုတော့ အဲဒီမတိုင်ခင်ကလည်း ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိတယ်။ ဆိုတော့ သူတို့က နိုင်ငံတကာလေ့လာ မှုတွေကိုလည်း ခွင့်မပြုဘူးဆိုတဲ့ အသံမျိုးတွေလည်း နဂိုက ရှိတယ် ။ နောက်ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လောက် သမာသမတ်ကျမလဲပေ့ါနော် ။ ဒါတွေနဲ့လည်း ပတ်သက်လို့ ပြောထားတာတွေလည်းရှိတယ်။ ဆိုတော့ တခုကတော့ ဘာပဲဖြစ်ဖြစ် ကျနော်ထင်တယ် အေးအေးချမ်းချမ်းနဲ့တော့ ဒီပြဿနာတွေ ရှင်းသွားလို့ရမယ် လို့ ထင်ပါတယ်။”

ထိုင်းဝန်ကြီးချုပ်ကတော့ အစိုးရသစ်ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်မှာမဟုတ်ကြောင်းနဲ့ အစိုးရသစ်ပေါ်ပေါက်တဲ့အထိ တာဝန်ယူမှာဖြစ်ကြောင်း ဒီနေ့ပဲ ကြေညာခဲ့တာပါ။ စစ်တပ်နဲ့ ဆက်စပ်တဲ့ Phalang Pracharat ပါတီကတော့ ဝန်ကြီးချုပ်ကို သူတို့ အစိုးရဖွဲ့တဲ့ အခါ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်ထားတာဖြစ်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် အောက်လွှတ်တော်အမတ်နေရာ ၅၀၀ မှာ ၂၅၁ နေရာရဖို့ ခန့်မှန်းထားကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG