သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အောက်လွှတ်တော် အမတ်နေရာ Pheu Thai ပါတီ ဦးဆောင်


Pheu Thai ပါတီထောက်ခံသူများ
Pheu Thai ပါတီထောက်ခံသူများ

တနင်္ဂနွေနေ့က ကျင်းပတဲ့ ထိုင်း ရွေးကောက်ပွဲရဲ့ တရားဝင် မဲရလဒ်တွေ ထွက်မလာသေးပေမယ့်လည်း စစ်တပ် ထောက်ခံတဲ့ Palang Pracharath ပါတီက လူထု ထောက်ခံမဲ အများဆုံးရထားပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ Pheu Thai ပါတီကတော့ အမတ်နေရာ အများစု ရထားပါတယ်။ ဒါပေမယ့် ပါတီ နှစ်ခုလုံးတို့ကတော့ ဒီရလဒ်တွေနဲ့ အစိုးရသစ် ဖွဲ့စည်းနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့နိုင်ရေး အတွက်လည်း တခြား ပါတီတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေကြပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း ပထမဆုံး အကြိမ် ကျင်းပတဲ့ ထိုင်း ရွေးကောက်ပွဲ မှာတော့ Pheu Thai ပါတီက လွှတ်တော်နေရာ အများစုနဲ့ ဦးဆောင်နေပြီး စစ်တပ်က ထောက်ခံတဲ့ Palang Pracharath ပါတီက ဒုတိယ နေရာမှာ လိုက်နေပါတယ်။ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲက ၃၅၀ ရဲ့ ရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က တနလာၤနေ့မှာ ကနဦး ထုတ်ပြန်တဲ့ အထဲမှာတော့ Phu Thai ပါတီက ၁၃၇ နေရာနဲ့ အများဆုံး ရထားပြီး စစ်တပ်ရဲ့ Palang Pracharath (PPRP) ပါတီက ၉၇ နေရာနဲ့ ဒုတိယ လိုက်နေပါတယ်။ မဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်မှု အရ PPRP ပါတီက လူထု ထောက်ခံမဲ ၇ သန်း ၆ သိန်း ရရှိထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားတာပါ။ ဒီပမာဏဟာဆိုရင် Pheu Thai ပါတီထက် မဲဆန္ဒရှင် ၅ သိန်းလောက်ရဲ့ ထောက်ခံမဲ ပိုရထားတာ ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမှာ သူဝင် မပါဘူးလို့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"အစိုးရ ဖွဲ့တဲ့ လုပ်ငန်းစဉ်မျာ ကျနော်ပါဝင် ပတ်သက်မှာ မဟုတ်ဘူးဆိုတာကို အသိပေးချင်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ သဘောပါဘဲ။ အခြေခံ ဥပဒေ အရ တရားဝင် အစိုးရသစ် ထွက်ပေါ်လာတဲ့ အချိန်ထိ ကျနော့် အနေနဲ့ ဝန်ကြီးချုပ်၊ နောက် တည်ငြိမ်အေးချမ်းရေး ကောင်စီ အကြီးအကဲ အနေနဲ့ရော အစွမ်းကုန် ဆက်ပြီး ဆောင်ရွက်သွားမှာပါ။"

ရွေးကောက်ခံ လွှတ်တော် အမတ်နေရာ ၁၅၀ ရဲ့ ရလဒ်တွေကတော့ ထွက်မလာသေးပါဘူး။ အခု ထုတ်ပြန်ပြီးသလောက် ဆိုရင်တော့ Bhum Jai Thai ပါတီ၊ ဒီမိုကရက် ပါတီနဲ့ Future Forward ပါတီတို့ကတော့ အမတ်နေရာ ၃၀ ကနေ ၃၉ နေရာလောက်စီ ရရှိထားပါတယ်။ ပြည်ပမှာ ၁၃ နှစ်ကြာ ထွက်ပြေး တိမ်းရှောင်နေရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို သစ္စာခံတဲ့ Pheu Thai ပါတီကတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေး အတွက် တခြား ပါတီတွေနဲ့ စပြီး ညှိနေပါပြီ။ Pheu Thai ပါတီရဲ့ အတွင်းရေးမှူးချုပ် Phumtham Wechayachai က အခုလို ပြောပါတယ်။

"စစ်အစိုးရ အနေနဲ့ အစိုးရသစ်ဖွဲ့နိုင်ဖို့ အမတ်နေရာ ၂၅၁ နေရာ မရနိုင်သေးပါဘူး။ ရွေးကောက်ခံ လွှတ်တော် အမတ်တွေရဲ့ အများစု ဖြစ်တဲ့ အမတ် ၃၀၀ ကျော် ကို အပြောင်းအလဲ လိုချင်တဲ့ ပြည်သူတွေက ရွေးချယ်ထားတာလို့ ကျနော် ယုံကြည်ပါတယ်။ အစိုးရသစ် ဖွဲ့စည်းရေး လုပ်ငန်းစဉ် အဖြစ် ကျနော်တို့ အနေနဲ့ မဟာမိတ်ပါတီတွေနဲ့ ဆက်ပြီး ဆောင်ရွက်မှာပါ။ "

အခု ကျင်းပတာက လွှတ်တော် ရွေးကောက်ပွဲ ဖြစ်ပြီး လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်သစ်ကို ပြန်ပြီး ရွေးကောက်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတွင်းရေးမှူးချုပ် Jarungvith Phumma ကတော့ တရားဝင် ရလဒ်ကြေညာမှ အတည်ဖြစ်မယ်လို့ ပြောဆိုထားပါတယ်။

"ဘယ်ပါတီက လွှတ်တော် အမတ်နေရာ အများစု ရထားတယ်ဆိုတာကို သိရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တဆင့်ကတော့ တရားဝင် မဲရလဒ်တွေကို ကြေညာဖို့ပါ။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ၂၀၁၉ ခုနှစ် မေလ ၉ ရက်နေ့မှာ တရားဝင် ရလဒ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။ "

ထိုင်းနိုင်ငံရဲ့ လူငယ်တွေ ဦးဆောင်တဲ့ ပါတီသစ် Future Forward ပါတီကတော့ ရွေးကောက်ပွဲမှာ Pheu Thai ပါတီက အမတ်နေရာ အများစုကို အနိုင်ရခဲ့တာကြောင့် သူတို့က ညွန့်ပေါင်း အစိုးရဖွဲ့စည်းဖို့ အတွက် ဦးဆုံး အခွင့်အရေး ရှိတယ်လို့ ပြောဆိုထားပါတယ်။ နောက် အခု ရွေးကောက်ပွဲက ထိုင်းပြည်သူတွေကြားမှာ ကွဲပြားမှုသစ် ထွက်ပေါ်လာတယ်လို့လည်း ပါတီ ခေါင်းဆောင် Thanathorn Juangroongruangkit က ပြောပါတယ်။

" ရွေးကောက်ပွဲ အပေါ် ကျနော့်ရဲ့ သုံးသပ်ချက်ကတော့ နံပတ် ၁ အနေနဲ့ အရင်ကလို ရှပ်နီနဲ့ ရှပ်ဝါ ကွဲပြားမှုကို အခု ရွေးကောက်ပွဲမှာ မတွေ့ရပါဘူး။ ဒီရွေးကောက်ပွဲမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ရှင်းမပြတတ်ပါဘူး။ စစ်အစိုးရကို ထောက်ခံသူနဲ့ စစ်အစိုးကို ဆန့်ကျင်သူတွေကြား ကွဲပြားသွားတာကတော့ အသစ်ဖြစ်ထွန်းမှုလို့ ကျနော် ထင်ပါတယ်။"

ထိုင်းရွေးကောက်ပွဲ မတိကျတဲ့ ရလဒ်တွေကြောင့် ရွေးကောက်ပွဲရဲ့ ဖြောင့်မတ် ခိုင်မာမှု အပေါ်မှာ ထိခိုက်စေယ်လို့လည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက် ANFREL ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG