သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် မြန်မာ ၁၀၀ ကျော် မလေးရှားမှာ ဖမ်းဆီးခံရ


မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ - Malaysia Immigration)
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ - Malaysia Immigration)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်နေတဲ့ Cheras တိုက်ခန်းတွေကို မလေးရှားအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ သြဂုတ်လ ၅ ရက် စနေနေ့ မနက်အစောပိုင်းမှာ ရဲအင်အားအများအပြားနဲ့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရားမဝင်နေထိုင်နေတဲ့ မြန်မာတွေအပါအဝင် နိုင်ငံခြားသား ၄၀၀ လောက် ဖမ်းဆီခံရတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ နိုင်ငံခြားသား အလုပ်သမား အများအပြားနေထိုင်ကြတဲ့နေရာတခုကို မလေးရှားအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။ သြဂုတ်လ ၅ ရက် စနေနေ့ မနက်အစောကြီးမှာ ဝင်ရောက်စီးနင်း ရှာဖွေစဉ် တရားမဝင်နေထိုင်နေသူတွေအပါအဝင် နိုင်ငံခြား ၄၀၀ ကျော်ကိုဖမ်းဆီးခဲ့ကြပါတယ်။ အဲဒီထဲမှာ တရားမဝင်မြန်မာ ၁၀၀ ကျော်လည်း ဖမ်းဆီးခံရတယ်လို့ မလေးရှားနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးထက်သိန်းက ပြောပါတယ်။

"၅ ရက်နေ့မနက် ၁ နာရီလောက်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နယ်ထဲက ချရတ်မြို့မှာအော်ပရာစီဝင်တာပေါ့။ လဝကနဲ့ ရဲအင်အား ၆၀ လောက်ပါတယ်။ အကြီးကြီးဝင်တာပေါ့နော် အဖမ်းခံရတဲ့လူကလည်း အတော်များတယ် လူ ၄၀၀ ကျော်လောက်ပါတယ်။ အတိအကျပြောရရင် ၄၂၅ ယောက် ဖြစ်ပါတယ်။ နိုင်ငံအစုံက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အတော်များများပါတာပေါ့နော်။ မြန်မာကတော့ မလေးရှား လူဝင်မူ့ကြီးကြပ်ရေးဌာနက ထုတ်ပြန်ချက်အရ လူ ၁၀၀ ကျော်လောက်ပါတယ် လဝကရဲ့တရားဝင်ထုတ်ပြန်ချက်အရ လူ ၁၀၈ ယောက်ပါတယ်။"

တရားမဝင်နေထိုင်သူ အများအပြားရှိနေကြောင်း တိုင်ကြားချက်တွေအရ သီတင်းနှစ်ပတ်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးဌာန ဒါရိုက်တာ Syamsul Bahrin Mohshin က ပြောဆိုပါတယ်။

မြန်မာတွေအများစုကတော့ ပါမစ်အမှန် မရှိတာကြောင့် စက်ရုံငယ်တွေ အောက်ခြေအလုပ်တွေ စားသောက်ဆိုင်တွေမှာ ဝင်လုပ်နေကြပြီး၊ တရားမဝင် နိုင်ငံခြားသား အစုအဝေးရှိတဲ့နေရာကို မလေးရှားအာဏာပိုင်တွေက စုံစမ်းထောက်လှမ်းမှုတွေ လုပ်ပြီးမှ စစ်ဆင်ရေးနဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ ပြောပါတယ်။

"မြန်မာတွေကတော့ အများအားဖြင့် အောက်ခြေလုပ်ငန်းတွေမှာ လုပ်ကြတယ်။ ပါမစ်ရှိသူတွေကတော့ စက်ရုံကြီးမှာ လုပ်တယ်။ ပါမစ်အမှန် မရှိသူတွေကတော့ အပြင်စက်ရုံ၊ အသေးလေးတွေ ဆောက်လုပ်ရေးဆိုဒ်တွေ အပြင်စားသောက်ဆိုင်မှာ လုပ်ကြရတာဆိုတော့ မြန်မာတွေ စုစုဝေးဝေးရှိနေပြီဆိုရင် လမ်းမှာ ရဲကားတွေ စောင့်တာမျိုး၊ ပလိပ်တွေက လမ်းဒေါင့်မှာ စောင့်တာမျိုး နောက်ပိုင်းကျတော့ တပတ် နှစ်ပတ်နေရင် ဒီနေရာက ဖမ်းလို့ဆီးလို့ လူများများ ထွက်မယ်ဆိုတဲ့ နေရာထင်ရင် သူတို့ လိုက်ဖမ်းတော့တာပဲ။"

ဖမ်းဆီးခံရသူတွေကတော့ အသက် ၈ နှစ်အရွယ် ကလေးငယ်တွေကနေ အသက် ၅၄ နှစ်ရှိတဲ့တရားမဝင် နိုင်ငံခြားသားတွေဖြစ်ပြီး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၂ ဦး၊ မြန်မာနိုင်ငံသား ၁၀၈ ဦး၊ ဖီလစ်ပိုင်နိုင်ငံသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၃၀၊ ကမ္ဘောဒီးယားလူမျိုး ၆ ဦး၊ နီပေါ ၂၀ နှင့် ပါကစ္စတန်နိုင်ငံသား ၇ ဦးတို့ ဖြစ်ကြပါတယ်။ အခုလိုမျိုး အော်ပရာစီ စစ်ဆင်ရေးက မကြာခဏ ဖြစ်နေပြီး ၅ ယောက်ကနေ ၁၀ ယောက်ကြား ဖမ်းဆီးခံရတွေကတော့ နေ့စဉ်နီးပါး ရှိနေတာပါ။ မကြာသေးခင် သတင်းပတ်အတွင်းကပဲ မလေးရှားနိုင်ငံမှာ အော်ပရာစီ စစ်ဆင်ရေးနဲ့ အထောက်အထားမဲ့တွေကို အဖမ်းဆီးတွေ လုပ်နေတုန်း မြန်မာအမျိုးသမီးငယ်တယောက် ထွက်ပြေးတိမ်းရှောင်ရင်း လှေခါးပေါ်က လိမ့်ကျပြီး သေဆုံးခဲ့ပါတယ်ရှင်။

XS
SM
MD
LG