သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ယာဉ်မတော်တဆမှု မြန်မာ (၇) ဦးသေဆုံး


ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်၊ ကော့ဖငန်ကျွန်းမှာ ဩဂုတ်လ ၆ ရက်မနက်ပိုင်းမှာ မြန်မာအလုပ်သမားတွေကိုသယ်ဆောင်လာတဲ့ကားတစီး မတော်တဆတိမ်းမှောက်ခဲ့ပုံ (ဓာတ်ပုံ-ထိုင်းကယ်ဆယ်ရေး)
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်၊ ကော့ဖငန်ကျွန်းမှာ ဩဂုတ်လ ၆ ရက်မနက်ပိုင်းမှာ မြန်မာအလုပ်သမားတွေကိုသယ်ဆောင်လာတဲ့ကားတစီး မတော်တဆတိမ်းမှောက်ခဲ့ပုံ (ဓာတ်ပုံ-ထိုင်းကယ်ဆယ်ရေး)

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်၊ ကော့ဖငန်ကျွန်းမှာ ဩဂုတ်လ ၆ ရက်မနက်ပိုင်းမှာ မြန်မာအလုပ်သမားတွေကိုသယ်ဆောင်လာတဲ့ကားတစီး မတော်တဆတိမ်းမှောက်ခဲ့တာကြောင့် ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူတချို့ကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိသေးတယ်လို့ဆိုပါတယ်။ ဒါ့ပြင် အယုဓ္ဒယပြည်နယ်ထဲမှာလည်း တရားမဝင်မြန်မာတွေသယ်လာတဲ့ကားတစီး အလားတူ တိမ်းမှောက်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်၊ ကော့ဖငန်ကျွန်းမှာ ဩဂုတ်လ ၆ ရက်မနက်ပိုင်းမှာ မြန်မာ ဆောက်လုပ်ရေးအလုပ်သမားတွေကိုသယ်ဆောင်လာတဲ့ကားတစီး မတော်တဆတိမ်းမှောက်ပြီး လူ ၇ ဦးသေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရတဲ့
မြန်မာတဦးကအခုလိုပြောပြပါတယ်။

"ယာဉ်တစီးကိုရှောင်ရင်းနဲ့ အရှိန်မြှင့်မောင်းနှင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ပါတယ်။ လမ်းဘေးက မီးတိုင်လေးတွေကိုတိုက်မိပြီး မီးတိုင်တွေလည်း လဲသွားတယ်။ ပန်းရံသွားလုပ်တဲ့ကား၊ ပန်းရံဆိုက်ကိုသွားတာ။ အယောက် ၂၀ ပါတယ်။ ယာဉ်မှောက်တာ။ ဖြစ်ဖြစ်ချင်း ပွဲချင်းပြီး ၃ ယောက်သေတယ်။ နောက်ထပ် အရေးပေါ်ထဲကပဲ ဒီနေ့ ၄ ယောက် ထပ်ဆုံးတယ်။ အားလုံးပေါင်း ၇ ယောက်ဆုံးသွားတယ်။ အရေးပေါ်မှာပဲ၊ နောက်ထပ် ၄ ယောက်ရှိသေးတယ်။ ကျိုး ပဲ့ ကန်းတဲ့သူတွေ ၈ ယောက်။ အတော်များများ ဒဏ်ရာတွေအများကြီးပဲ။"

ဒဏ်ရာရသူတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကော့ဖငန်ကျွန်းကဆေးရုံကိုပို့ပေးခဲ့ပြီး ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် စိုးရိမ်ရတဲ့လူနာတွေလည်း ရှိနေသေးတယ်လို့ဆိုပါတယ်။

အလားတူ သြဂုတ်လ ၅ ရက်နေ့ တာ့ခ်ပြည်နယ်၊ မဲဆောက်ကနေ အယုဒ္ဓယပြည်နယ်ထဲမှာ တရားမဝင်မြန်မာတွေကိုသယ်လာတဲ့ကားတစီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ မြန်မာ ၁၁ ဦးလုံး ဒဏ်ရာရပေမယ့် သေဆုံးတာတော့မရှိခဲ့ဘူးလို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

"အယုဒ္ဓယပြည်နယ်တရားမဝင် မြန်မာ ၁၁ ဦး။ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦးလိုက်ပါလာတဲ့မော်တော်ယာဉ်တိမ်းမှောက်တယ်။ အကုန်လုံး ဒဏ်ရာ အနာတရပဲရတယ်။ သေဆုံးသူမရှိဘူး။ ကံကောင်းတယ်၊ သူတို့တွေဟာ တရားဝင်စာရွက်စာတမ်းမရှိဘဲ ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသူတွေဖြစ်တယ်။ သူတို့တွေဟာ အယုဒ္ဓယပြည်နယ် ဝမ်နဲ့မြို့နယ်ထဲမှာရှိတဲ့ ကီလိုမီတာ ၆၆/၆၇ မိုင်တိုင်နားမှာတိမ်းမှောက်သွားကြတာဖြစ်တယ်။"

ဇွန်လအတွင်းကလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာတွေ သယ်လာတဲ့ယာဉ်တွေ တိမ်းမှောက်ပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပြည်နယ် ရင်ငေါ့ မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား တဒါဇင်ကျော်လိုက်ပါလာတဲ့ကားတစီး မေလ ၅ ရက်နေ့က တိမ်းမှောက်ပြီး ၂ ဦး သေဆုံးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာတာနဲ့အမျှ အိမ်နီးချင်းထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေသလို လူကုန်ကူးခံရတဲ့ဖြစ်ရပ်တွေလည်း သိသိသာသာ ပိုဆိုးလာနေတာပါ။ လူကုန်ကူးခံရသူတွေကိုသယ်ဆောင်လာတဲ့ကားတွေမှာဖြစ်တဲ့ ယာဥ်မတော်တဆမှုအများစုဟာ ထိုင်းစစ်ဆေးရေးဂိတ်တွေမှာရပ်မပေးဘဲ ထွက်ပြေးမောင်းနှင်တာ၊ ရှောင်ကွင်းသွားလာတာတွေကြောင့်ဖြစ်ကြရပြီး ဒီလိုဖြစ်ရပ်တွေအတွင်း ကားပေါ်ပါလာတဲ့မြန်မာတွေ သေဆုံးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG