သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရောက် မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ဖို့အစီအစဉ် မရှိသေး (မြန်မာသံရုံး)


ဟာမတ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အပျက်အစီးတွေစစ်ဆေးနေတဲ့ အစ္စရေးရဲတပ်ဖွဲ့ (အောက်တိုဘာ ၉၊ ၂၀၂၃)
ဟာမတ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အပျက်အစီးတွေစစ်ဆေးနေတဲ့ အစ္စရေးရဲတပ်ဖွဲ့ (အောက်တိုဘာ ၉၊ ၂၀၂၃)

အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်အဖွဲ့အကြား စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ နိုင်ငံအသီးသီးက သူတို့ နိုင်ငံသားတွေကို ကယ်ဆယ်ရေး အစီအစဉ်တွေနဲ့ ပြန်လည် ခေါ်ယူနေပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကတော့ မြန်မာနိုင်ငံသား ၂၀၀ လောက် အစ္စရေးမှာရှိမယ်လို့ ခန့်မှန်းပြီး အားလုံးဘေးကင်းမယ်လို့ ယုံကြည်ယူဆတဲ့အကြောင်းနဲ့ လေလောဆယ် မြန်မာနိုင်ငံ ပြန်ပို့ဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း VOA ကို ပြောပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အစ္စရေးနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်နိုင်ရင် အိမ်တွေထဲမှာပဲ နေကြဖို့၊ တိုက်ပွဲနဲ့ ကြုံခဲ့ရင် လုံခြုံတဲ့နေရာမှာ နေကြဖို့နဲ့ အကူအညီလိုအပ်ရင် သံရုံးကို ဆက်သွယ်ဖို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က အကြောင်းကြားချက် ထုတ်ပြန်ထားပါတယ်။

အစ္စရေးကို ဟားမတ်စ် စစ်သွေးကြွအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်း ထိုင်းနိုင်ငံသား ၁၈ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက် ဓါးစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးခံထားရတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစ္စရေးကို ရောက်နေတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေထဲက ပထမအသုတ် ဒီနေ့ ပြန်ရောက်လာမယ့်အကြောင်း VOA ကို ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံကို ရေတို အစီအစဉ်နဲ့သွားရောက်တဲ့ တောင်ကိုရီးယားနိုင်ငံသား ၂၃၀ လောက်ရှိပြီး အဲဒီအထဲက ၁၉၀ ဒီနေ့ ပြန်ရောက်လာမယ့်အကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း အမေရိကန် နိုင်ငံသား ၁၁ ဦးသေဆုံးခဲ့တဲ့အကြောင်း အမေရိကန် သမ္မတ Joe Biden က မနေ့က ပြောဆိုပါတယ်။ နောက်ထပ် ပျောက်ဆုံးနေတဲ့ အရေအတွက်ကိုတော့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

အစ္စရေး လေဆိပ်မှာ ဆင်းသက်မယ့် လေယာဉ်ခရီးစဉ်အများစု ပယ်ဖျက်ထားရပြီး အစိုးရတွေကတော့ သူတို့နိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယဉ်တွေနဲ့ သူ့အစီအစဉ်နဲ့သူ ကယ်ထုတ်ဖို့ စီစဉ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG