သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်းထန်တဲ့ ရခိုင်နဲ့ ချင်းမှာ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ


ယခင်မှတ်တမ်းရုပ်ပုံ | ချင်းပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (မေ ၃၁၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ချင်းပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (မေ ၃၁၊ ၂၀၂၁)

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ်တချို့မှာ နေရပ်စွန့်ခွာထွက်ပြေး နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ တနေ့တခြား များလာနေပြီး စားနပ် ရိက္ခာ အခက်ကြုံနေရတာပါ။ စစ်ကောင်စီက ကုန်းလမ်း၊​ ရေလမ်းတွေ အားလုံးကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေလည်း မရသလို ဆေးဝါးတွေလည်း မရပဲ ဖြစ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့မှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့ နှစ်တွေက တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ် ဒုက္ခသည်စခန်းတွေမှာ လာရောက် ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တွေဟာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေလည်း မရတော့တာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရချိန်မှာပဲ နောက်ထပ်ဒုက္ခသည်တွေ ထပ်ရောက်လာနေတာကြောင့် အဆင်မပြေမှုတွေ တိုးလာတယ်လို့ ပလက်ဝ ဒုက္ခသည်တဦးကပြောပါတယ်။

“အခုစစ်ဘေးရှောင်တွေက ထရွန်အိုင်ဖက်က ဆင်းလာတာရှိတယ်၊ ဒီကနေထွက်ပြေးကြတာ ရှိတယ်၊ အခုစစ်ဘေးရှောင်တွေဆိုရင် နိုဝင်ဘာနဲ့ အောက်တိုဘာလအတွက် WFP ရဲ့ စားနပ်ရိက္ခာ၊ ဆန်တွေ မရတဲ့ အတွက် စားစရာတွေ မရှိတဲ့ အနေအထားတွေဖြစ်လာတယ်။ ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု ကလည်း အားနည်း လာတယ်၊ တချို့ဆိုရင် ဆေးခန်းပြဖို့တောင် ပိုက်ဆံမရှိဘူး၊ ကလေးတွေ ဖျားကြတယ်၊ တုတ်ကွေး တွေ ဖြစ်ကြတယ် အဲလိုဖြစ်နေကြတယ်။ ဥပမာ မိသားစု ၅ ယောက်ရှိတဲ့ မိသားစုဆိုရင် တယောက်ကို ဆန်တဗူး ရကြတယ်။ အခု မရတော့ သူတို့က ဆန်တဗူးလောက်ကို ပြုတ်ပီးတော့ ဆန်ပြုတ်လို သောက်နေကြ ရတယ်။”

ပလက်ဝမြို့ပေါ်မှာ ရှိနေတဲ့ ဒုက္ခသည်တွေကို အရင်က WFP က ပုံမှန်စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ရှိပေမယ့် လက်ရှိမှာတော့ စစ်တပ်ရဲ့ ခွင့်ပြုချက်မရ တဲ့ အတွက်ကြောင့် စားနပ်ရိက္ခာ ထောက်ပံ့တာတွေ မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

“WFP က တာဝန်ခံ တယောက်ပြောတာက စစ်တပ်က အမိန့်မရလို့ ထုတ်မပေးရဲ တာ လို့ပြောတယ်။ ”

ဒါ့ပြင် ဒီလ အစောပိုင်းကပြီး စစ်ကောင်စီနဲ့ AA တပ်ကြား တိုက်ပွဲ စတင်ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ဆမီးမြို့နယ်မှာ လည်း ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး နေကြရသလို စစ်ဘေးဒုက္ခသည် စခန်းတွေ မှာလည်း စားနပ်ရိက္ခာ ပြတ်တောက်ပြီး ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ စစ်ဘေး ဒုက္ခသည်တဦးက ပြောပါတယ်။

“ မရှိတဲ့ အနေအထားပဲ ဒီ တလစာပဲ ရှိတယ် ကျနော်တို့မှာက ရှေ့လ ဆိုရင်တော့ ဝယ်မဲ့နေရာလည်းမရှိဘူး၊ ဆိုင်တွေလည်း အကုန်လုံး ပိတ်ပြီးတော့ ထွက်ပြေးကြတယ်၊ ဆိုင်ရောင်းတာလည်းမရှိဘူး၊ ထွက်မပြေးပဲ ကျန်တဲ့ သူတွေလည်း ဆိုင်မရောင်းကြဘူး ရောင်းစရာလည်းမရှိဘူး။ အခက်အခဲအများကြီးရှိတယ်၊ အခု ကလေးတွေ ဆိုရင်လည်း ကျန်းမာရေး တော်တော့ကို ဆိုးရွားနေတယ်၊ ဆေးဆိုတာလည်း ဝယ်မဲ့နေရာမရှိဘူး၊ အခက်အခဲ အများကြီးကြုံတယ် ကျနော်တို့ စစ်ဘေး ဒုက္ခသည်တွေက။”

ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)
ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)

ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ် ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဒေသခံတွေလည်း ဘေးလွတ်မယ့် နေရာတွေကို အခု အချိန်ထိ ထွက်ပြေးနေကြရ တာပါ။ ဒေသခံ အများအပြား ထွက်ပြေးကြရတာ ဖြစ်ပြီး ပေါက်တောမြို့နယ်မှာ ဆို ဒေသခံတွေ မထောက်ပံ့ နိုင်တော့တဲ့ အတွက် စစ်ဘေးဒုက္ခသည် တွေဟာ စားဝတ်နေရေး အခက်ကြုံလာနေပြီလို့ ပေါက်တော ဒေသခံ ဒုက္ခသည်တွေကို အကူညီပေးနေသူ တဦးကပြောပါတယ်။

“ညီမတို့ ရွာမှာ စစ်ဘေးရှောင် တထောင်ကျော် နှစ်ထောင်နီးပါး အထိရှိ နေသေးတယ်ပေါ့နော်၊ သူတို့အတွက် ရွာမှာ အလှူခံထားတာ ဆန်အိတ် ၁ဝဝ လောက်ကို ပေးနေတာရှိတယ်။ ဒါပေမယ့် တရက်ကို ဆန်အိတ်က ၈ အိတ် အထက်ကို ကုန်ကျတာရှိတယ် ပေါ့နော်။ဆိုတော့ လက်ရှိမှာ ကျတော့ ဆန်အိတ် ၂ဝ တောင်မရှိတော့ဘူး၊ သူတို့အတွက် ထောက်ပံ့ဖို့ ၃ ရက်စာ လောက်ပဲ ထောက်ပံ့နိုင်မယ့် အခြေအနေရှိတယ်၊ အဲတာကုန်ရင် ရွာကလူတွေလည်း ထောက်ပံ့ မပေးနိုင်တော့မယ့် အခြေအနေရှိနေတယ်။”

တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒေသခံအများစုဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာ ကြတာ ကြောင့် စားနပ်ရိက္ခာအပြင် တခြားလူသုံးကုန်ပစ္စည်း တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူက ဆက်ပြော ပါတယ်။

“ အခုက ဆောင်းရာသီလည်းဖြစ်တော့ အသက်ကြီးပိုင်းတွေ တော်တော်များများက အနွေးထည်တွေ ဘာတွေ လိုအပ်ချက်တွေ အများကြီးရှိနေတယ်ပေါ့၊ သူတို့မှာ တခုမှ ပါမလာတော့ ရွာကပေးတာနဲ့ မလောက်ငှတဲ့ အနေအထားပေါ့၊ ကျန်းမာရေး ထိခိုက်တာတွေ ဘာတွေ ရှိတယ်၊ ဒီဖက်မှာ ဆေးဝါးက အစ လမ်းကအစ အကုန်ပိတ်ထားတော့ သူတို့မှာ အဖက်အဖက်ကနေပြီးတော့ အခက်အခဲ အများကြီးရှိနေကြတယ်။”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လက်ရှိ ရခိုင်ပြည်နယ်မှာ အသစ်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်က တသိန်းကျော်အထိ ရှိလာပြီ ဖြစ်သလို ပြီးခဲ့တဲ့ နှစ်တွေက တိုက်ပွဲတွေကြောင့် နေရပ်မပြန်နို်င် သေးတဲ့ စစ်ဘေး ဒုက္ခသည်ကလည်း ၆သောင်းနီးပါးကျန် ရှိနေသေး တယ်လို့ရခိုင်လူမှု အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှုနဲ့ ကုန်လမ်းရေလမ်းတွေကို အားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသတွင်း ကုန်ပစ္စည်း ရှားပါးတာတွေ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်တာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG