သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီ ထယ်ဘွေးတပ်စခန်း ချင်းကာကွယ်ရေးတပ် သိမ်းပိုက်


ချင်းပြည်နယ် မတူပီမြို့အနီး တနေရာ
ချင်းပြည်နယ် မတူပီမြို့အနီး တနေရာ

မတူပီမြို့နယ်၊ ထယ်ဘွေးကျေးရွာက စစ်တပ်တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ် တာဝန်ရှိသူတွေ စခန်းကို စွန့်ခွါသွားထွက်ပြေးခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လိုက်လံ ရှာဖွေနေကြပါတယ်။ ချင်းပြည်နယ်ထဲမှာ သတင်းတပတ်အတွင်း စစ်တပ် တပ်စခန်း ၂ ခုကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲက စစ်ရေးအခြေအနေ သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

မတူပီမြို့နယ်နဲ့ ပလက်ဝမြို့ကို ဖြတ်သန်းရာ အဓိက လမ်းမပေါ်မှာရှိတဲ့ မိုင်တိုင် ၃၂ - ထယ်ဘွေးရွာအနီးက စစ်တပ် တပ်စွဲထားတဲ့ ထယ်ဘွေးစစ်စခန်းကို မတူပီ CDF က ဒီဇင်ဘာ ၁၈ ရက်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တရက်အကြာ ဒီဇင်ဘာ ၁၉ ရက်မှာတော့ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။ စစ်တပ်အင်အား ၄၀ နီးပါးရှိတဲ့ အဲ့ဒီစခန်းက စစ်သားတွေ စွန့်ခွါထွက်ပြေးသွားတာကြောင့် ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှာဖွေနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ တိုက်ပွဲဖြစ်ပွါးမှုမရှိတဲ့ ဗန်ကိုင်းကျေးရွာနဲ့ လေဆင်းကျေးရွာတို့ကို စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ တယ်လို့ မတူပီ CDF တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မနက် ၇ နာရီမှာ စတိုက်တော့ တောက်လျှောက်တိုက်လာတော့ ည ၉ နာရီရောက်တော့ သူတို့က ထွက်ပြေးတာပေါ့။ အကုန်လုံးထွက်ပြေးတယ်ဆိုတော့ စခန်းကိုစွန့်ပြီးမှ အကုန်လုံး ထွက်ပြေးတယ်ဆိုတော့၊ တော တနေရာမှာ ညကြီး ကျွန်တော်တို့ ထိပ်တိုက်တွေ့ပြီးတော့ ပစ်ခတ်တာရှိတယ်။ ဆိုတော့ ကျွန်တော်တို့ဘက်က ၁ ဦးကျသွားတယ် ၁ ဦးက ဒဏ်ရာရသွားတယ်။ ထွက်ပြေးသွားတဲ့ စကစ တွေကို အကုန်လုံးက လိုက်ပြီးတော့ ရှာနေတာ။ လိုက်နေတာ အဲ့ဒီအခြေအနေတော့ရှိတယ်။ ပြည်သူက ၄ ဦး သေပြီး ၁ ဦးက ပြင်းထန်တဲ့ ဒဏ်ရာ၊ ပေါက်တဖက်ကျိုးတာရယ် လက်တဖက်ကျိုးတာရယ် ပြင်းထန်တဲ့ ဒဏ်ရာ ရတာပေါ့။”

စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေဆင်းကျေးရွာဟာ ထယ်ဘွေးကျေးရွာနဲ့ ၃ မိုင်ကွာဝေးပြီး ဗန်ကိုင်းကျေးရွာက ၇ မိုင်ကွာဝေးသလို အဲ့ဒီကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

အခုချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့စခန်းဟာ မတူပီမြို့နယ်ထဲမှာရှိပြီး ပလက်ဝမြို့နဲ့ ကပ်တဲ့ နေရာဖြစ်တဲ့အတွက် စစ်တပ်ဟာ ရခိုင့်တပ်မတော် (အေအေ) နဲ့ တိုက်ပွဲဖြစ်ချိန်မှာ ကြားခံ ထောက်ပို့လုပ်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တပ်စွဲထားတဲ့ စစ်စခန်းဖြစ်တယ်လို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မတူပီမြို့နယ်ထဲက ရေဇွာမြို့နဲ့ လိုင်းလင်းပီမြို့တို့ကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖော်ဆောင်နေပါတယ်။

ချင်းကာကွယ်ရေးတပ် (CDF) ဟားခါးတပ်ဖွဲ့ဝင်များ
ချင်းကာကွယ်ရေးတပ် (CDF) ဟားခါးတပ်ဖွဲ့ဝင်များ

တဆက်တည်းမှာပဲ ဒီဇင်ဘာ ၁၇ ရက်က ချင်းပြည်နယ် ဟားခါးမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါ မြို့နယ်အစပ်က ဟားခါး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ ဘုံဇုံ စစ်စခန်းကိုလည်း ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ၁ ရက်အကြာ ဒီဇင်ဘာ ၁၈ ရက်မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၈ ဦး သေဆုံးသလို ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ယောက်ကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၂၈ လက်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ချင်းအမျိုးသားတပ်ဦး - ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အခုလို ပြောပြပါတယ်။

“ဘုံဇုံစခန်းက မကွေးတိုင်းကနေ ချင်းပြည်နယ်ကိုလာတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့စခန်းကို ကျွန်တော်တို့ သိမ်းလိုက်တာပေါ့နော်။ ချင်းအမျိုးသားတပ်မတော်နဲ့ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့နဲ့အတူ ဝင်သိမ်းတာဖြစ်တယ်။ လက်နက်ငယ် ၂၈ လက် ကျည်ဆံတွေ ကျွန်တော်တို့ သိမ်းတာပေါ့လေ။ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ယောက်ကတော့ ကျွန်တော်တို့ ဖမ်းဆီးတယ်။ ၈ ယောက်ကတော့ အဲ့ဒီတိုက်ပွဲမှာ ကျသွားတာပေါ့။ သူတို့ဘက်က။”

ဒါဟာ တပတ်အတွင်း ချင်းပြည်နယ်ထဲက စစ်တပ် တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်စခန်းတွေကိုလည်း စစ်တပ်ဘက်က ပြန်လည် တိုက်ယူနိုင်တာ မရှိသေးဘဲ ကာကွယ်ရေး တပ်ဖွဲကတွေဘက်က ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ တိုက်ပွဲဖြစ်မနေတဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အတွက် ပြည်သူလူထုတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူး သတိထားကြဖို့ လည်း ကာကွယ်ရေးအဖွဲ့ တွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG