သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူဦးရေ သုံးပုံတပုံ စာနာမှုအကူအညီတွေလိုအပ်နေ


မြန်မာ့လူဦးရေရဲ့ သုံးပုံတပုံ - အရေအတွက်အားဖြင့် ၁၈.၉ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတရပ်မှာ ဖော်ပြပါတယ်။ ‘၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်နဲ့ တုံ့ပြန်မှုအစီအစဉ်’ ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုကူညီရေးလက်တွဲဘက်အဖွဲ့တွေက အခု ဒီဇင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီအထဲမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးသုံးနှစ်အကြာ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူသားစာနာမှုအခြေအနေဟာ မျှော်လင့်ချက်မဲ့ စိတ်ပျက်လက်ပျက်ဖြစ်စရာ ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။

လူသားချင်းစာနာမှုလိုအပ်ချက် အရေအတွက်ဟာ စစ်တပ်အာဏာမသိမ်းခင်အခြေအနေကထက် ၁၉ ဆနီးပါးဖြစ်လာပြီး မနှစ်တုန်းကထက်ဆိုရင်လည်း တသန်းကျော်ပိုလာတယ်လို့ ဆိုပါတယ်။ ဒီအကြပ်အတည်းကြီးမှာ ကလေးသူငယ်တွေ အဓိက ခံစားကြရပြီး ကလေးငယ် ၆ သန်းလောက်ဟာ အိုးအိမ်အတည်တကျမရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေး မရရှိမှု၊ စားနိပ်ရိက္ခာမလုံလောက်မှု၊ အာဟာရချို့တဲ့မှုတွေကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ စီးပွားရေးအခြေအနေတွေကြောင့်လည်း မိသားစုတွေမှာ ငွေရေးကြေးရေးအကျပ်အတည်းတွေကြီးလာတယ်လို့ဆိုပါတယ်။

ကျန်းမာရေးစနစ်မှာလည်း အကျပ်အတည်းကြုံနေရပြီး သန်းနဲ့ချီတဲ့ပြည်သူတွေမှာ နေစရာမရှိတာ၊ သောက်ရေသန့်မရရှိတာတွေ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။ ဒီလိုအခြေအနေဆိုးကြီးထဲမှာ အမျိုးသမီးတွေ၊ မိန်းကလေးတွေ၊ မသန်စွမ်းတွေနဲ့ နိုင်ငံမဲ့ဖြစ်နေတဲ့ရိုဟင်ဂျာတွေဟာ အဆိုးဆုံးသက်ရောက်မှုခံစားကြရတယ်လို့ ဆိုပါတယ်။ ဒီလို အကူအညီတွေ အထူးလိုအပ်ချက်တွေကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာ လူပေါင်း ၅.၃ သန်းအတွက် ဦးစားပေးပြီးအရေးပေါ်အကူအညီ ဒေါ်လာ ၉၉၄ သန်း အထူးလိုအပ်ချက်ရှိနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG