သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်စစ်ရှောင် တစ်သောင်းကျော် ဆီဆိုင်မြို့မှာ ခိုလှုံ


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

တိုက်ပွဲတွေကြား လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဒဏ်ကြောင့် လွိုင်ကော်မြို့ကို စွန့်ခွာပြီး ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို အခုရက်ပိုင်းအတွင်း အသစ်ထပ်မံ ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် တစ်သောင်းလောက်ရှိနေပြီလို့ ဆီဆိုင်မှာ စစ်ရှောင်အရေးကူညီနေသူ တွေက ပြောပါတယ်။ သူတို့ကို ပရဟိတအဖွဲ့တွေက ယာယီ နေရာချထားပေးပြီး အရေးပေါ် စားရေး သောက်ရေးအတွက် တပတ်စာ ကူညီပေးထားပေမယ့် မကြာခင်မှာပဲ စားနပ်ရိက္ခာ ပြတ်လပ်မယ့်အခြေအနေ ကြုံရဖို့ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။

၁၁၁၁ စစ်ဆင်ရေး စတင်လိုက်ကတည်းက လွိုင်ကော်မြို့တဝိုက်မှာ တိုက်ပွဲတွေက ပြင်းထန်လာပါတယ်။ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာ အပြင် လေကြောင်းကနေ ဗုံးကြဲ မှုတွေ ကြောင့် ဒေသခံတွေရော လွိုင်ကော်မှာ လာရောက် ခိုလှုံနေကြသူတွေပါ လွိုင်ကော်မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။

လွိုင်ကော်ကနေ မိုင် ၃၀ လောက်ဝေးတဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို ခုရက်ပိုင်းအတွင်း မှာပဲ ထပ်ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်က တစ်သောင်းလောက် ရှိနေတာ ဖြစ်ပြီး သူတို့ကို ဘာသာရေး အဆောက်အဦးတွေ၊ ဓမ္မာရုံလို နေရာလွတ်တွေမှာ ယာယီ အဖြစ် မိုးကာနဲ့အခန်းကာပြီး နေရာချထားပေးတယ်လို့ ဆီဆိုင်မြို့က စစ်ရှောင်အရေး ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အသစ်ထဲက ဆိုရင်တော့ ၁ သောင်းနည်းနည်းတော့ကျော်ရောက်တယ်။ အဟောင်းက နဂိုက ၈,၀၀၀ ကျော်ဆိုတော့ ဆီဆိုင်မြို့နယ်ထဲရှိတဲ့ စစ်ဘေးရှောင် ခန့်မှန်းခြေပေ့ါနော်၊ ၂၀,၀၀၀ ဝန်းကျင်ခန့်တော့ ရှိဦးမယ်။ အဓိက ကျနော်တို့ချပေးတာ ဘုန်းကြီးကျောင်းရှိတယ်။ တချို့က အိမ်ငှားနေတာရှိတယ်။ တချို့ကတော့ ဘာသာရေးကျောင်းလည်းရှိတယ်ပေါ့။ အများပိုင်တဲ့ ဓမ္မာရုံတို့ အခမ်းအနားတို့ အဲ့လိုလည်းရှိတယ် နေရာပေါင်းစုံပဲ။”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလလောက်က လွိုင်ကော်မြို့အစွန်တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တွေအကြား နှစ်ဘက်တိုက်ပွဲ ပြင်းထန်လာပြီးတဲ့နောက် ဒေသခံတွေ မြို့ကို စွန့်ခွာ ထွက်သွားခဲ့ကြတာပါ။ ဆီဆိုင်မြို့ဘက် ထွက်ပြေးသူတွေဟာ ဒေသအခြေအနေ နည်းနည်းပြန်ပြီး တည်ငြိမ်စပြုလာချိန်မှာ တချို့က နေရပ်ပြန်သလို ဆီဆိုင်မှာပဲ ဆက်ပြီး ခိုလှုံနေသူကတော့ ၈,၀၀၀ လောက် ကျန်နေတာ ဖြစ်ပါတယ်။

အခုတခါ ၁၁၁၁ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ စတင်ပြီး ရက်ဆက်ဆိုသလို နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာတဲ့ အပြင် စစ်ကောင်စီဘက် လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် မနေရဲကြတော့ပဲ ဆီဆိုင်ဘက်ကို ထပ်ပြီးထွက်ပြေး တိမ်းရှောင်လာ ရတာလို့ ဆီဆိုင်မှာ လာရောက် ခိုလှုံနေတဲ့ လွိုင်ကော်မြို့ခံတဦးက ခုလို ပြောပါတယ်။

“စရိတ်စက များတယ် မရှောင်နိုင်ဘူးဆိုပြီး တခါ မြို့ထဲကို မပစ်ခတ်တဲ့ ရပ်ကွက်ကို ကျမတို့က ၄၊ ၅ ရက် ရှောင်လိုက်သေးတယ်ရှင်။ အဲ့မှာလေယာဉ်က အခုခေါင်းမိုးပေါ်မှာပဲ လာကျတော့မလိုလို အရှေ့ဘက်အိမ်မှာ ကျ မလိုလို ကိုယ့်ဝင်းထဲမှာကျ မလိုလိုနဲ့ တအားကြောက်လန့် နေတာလေ၊ အဲ့ဒါ ကိုယ့်အိမ်ပြန်ပြီး ပစ္စည်းကောင်းတွေတောင် မသယ်ရဘဲနဲ့ အဲ့ဒီ ရှောင်တဲ့နေရာ ကနေပဲ တခါ ဒီဆီဆိုင် ဘက်ကို ထွက်လာခဲ့ရတယ်ရှင်။”

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ဆန် ၃ပြည်၊ ဆီ ၁ဗူး၊ ရေဇလုံ စတဲ့အရေးပေါ် ပစ္စည်းတွေကို ဆီဆိုင်ပရဟိတ အဖွဲ့တွေက အကူအညီ ပေးထားတယ်လို့ ဆီဆိုင်မှာ ခိုလှုံလာတဲ့ ဖရူဆိုမြို့ခံ စစ်ရှောင်တဦးက ပြောပါတယ်။

“ကျမတို့ မိသားစုက ၇ ယောက် ဒီမှာတော့ အခန်းမိုးကာလေးနဲ့ အခန်းတွေ ဘာတွေ ကာပေးပါတယ်။ ချက်တာ ပြုတ်တာ ကျတော့ ကိုယ့်ဟာကိုယ် ချက်ပြီးစားကြတယ်။ လောလောဆယ်တော့ ကိုယ်ပါလာ တာလေးနဲ့တော့ အဆင်ပြေသလိုတော့ စားရပါ သေးတယ်ပေ့ါနော်။ ဒါပေမယ့် နောက်ပိုင်း ကြလာ ရင်တော့ ဘယ်လိုခရီး ဆက်ရမလဲတော့ မပြောနိုင်သေးဘူး။”

ဖရူဆိုမြို့က စစ်ဘေး ရှောင်သူတွေဟာ လွိုင်ကော်မြို့မှာ အချိန် ၁ နှစ်ခွဲ လောက် ခိုလှုံနေရတာ ဖြစ်ပြီး အခုရက်ပိုင်း လွိုင်ကော်က တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့ကို ပြောင်းရွှေ့လာကြတာပါ။ အသစ်ထပ် ရောက်လာတဲ့ စစ်ဘေးရှောင်အများစုဟာ အဝတ်တထည်ကိုယ်တခုနဲ့ အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ်မှာ တနေ့တခြား စစ်ပြေးဒုက္ခသည်တွေ တိုးလာနေပြီး ပရဟိအဖွဲ့တွေမှာလည်း လက်ရှိမှာ ဆန်အိတ် ၁၀၀ ကျော်လောက်သာ ရှိတာမို့ တပတ်အတွင်း ပြတ်လပ်မယ့် အနေအထားမှာ ရှိတယ်လို့ ဆီဆိုင်မှာ စစ်ရှောင်အရေး ကူညီနေသူက ဆိုပါတယ်။

“လာတဲ့လူက ကျနော်တို့ တပတ်စာ လောက်နိုင်သေးလား။ တပတ်စာ စားစရာရှိသေးလား၊ စားစရာရှိရင် ကျနော်တို့မပေးတော့ဘူး။ လုံးဝစားစရာမရှိတဲ့လူတွေဆိုရင် ကျနော်ပြောတာ လူတစ်ယောက်ကို တပတ်စာ ဆန်ဘယ်နှဗူးပေ့ါ အဲ့လိုမျိုး ကျနော်တို့ပေးတယ်။ နေရာတိုင်း ကျနော်တို့မပေးနိုင်ဘူး။ လောလောဆယ် ကျနော်တို့မှာရှိတာ ဆန်ရှိတာ အိတ် ၁၀၀ ကျော် ကျော်ပဲရှိတယ်။ အိတ် ၁၀၀ ကျော် လူက အသစ်ရောက်လာတာ သောင်းကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။”

စစ်ရှောင်တွေထဲမှာ အများစုက အမျိုးသမီးတွေဖြစ်ပြီးတော့ အသက်အရွယ်ကြီးသူ၊ ဆီချို၊ သွေးတိုစတဲ့ နာတာရှည်ရောဂါ အခံရှိသူနဲ့ ကလေးသူငယ် တွေအပြင် ကိုယ်ဝန်ဆောင် မိခင် တွေလည်း ပါဝင် နေတာပါ။ အလှူရှင်တွေ မရှိတဲ့အတွက် သူတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလည်း မပေးနိုင်ဘဲ အခက်အခဲဖြစ် နေတာလို့ ပြောပါတယ်။

“ကျန်းမာရေးအပိုင်းက ဥပမာ နာတာရှည်သမားရှိတယ်ကွာ၊ လက်နက်ထိဒဏ်ရာရတဲ့လူတွေ ပါလာတာရှိတယ်။ လေဖြတ်သမားတွေလည်း ပါလာတာရှိတယ်။ ဆီချို သွေးတိုရောဂါအမျိုးစုံ ပါလာတဲ့လူ အများကြီးရှိတယ်။ ဒီလူတွေက လောလောဆယ် ဆေးအနေနဲ့ ကျနော်လည်း မကူ ပေးနိုင်ဘူး ကျနော်တို့လည်း မပေးနိုင်ဘူး။ စားတာ တောင်မှ ခုနကျနော်ပြောတဲ့ တကယ်ခက်ခဲတဲ့ လူတောင်မှ လူတစ်ယောက်ကို ၃ ဗူး ကုန်တယ်ဆို ၅ရက် ၁၅ ဗူးပဲ ကျနော်တို့ ပေးနိုင်တယ်၊ ဒါတောင်မှ နေရာတိုင်းကျနော်တို့မပေးနိုင်ဘူး။”

စစ်ပြေးဒုက္ခသည်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပြီး လက်ရှိအချိန်ထိ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဆီက အကူအညီ ပေးတာလည်း မတွေ့ရသေးဘူးလို့ စစ်ရှောင်တွေနဲ့ အကူအညီ ပေးနေသူ တွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG