သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးရှေးဟောင်း အမွေအနှစ်တွေ လက်နက်ကြီးကြောင့် ပျက်စီး


myauk oo
myauk oo

ရခိုင်ပြည်နယ်ရဲ့ အထင်ကရရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေရှိသလို တမြို့လုံးလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီက မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးရတယ်လို့ AA အဖွဲ့ကပြောသလို စစ်ကောင်စီကလည်း ဒီလိုပျက်စီးရတာဟာ AA ဘက်က ပစ်ခတ်တာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ပြန်လည် စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေဟာ ဒီကနေ့အထိ ပြင်းထန်နေပြီး တိုက်ပွဲနေရာတွေဟာလည်း ကျေးလက်ဒေသတွေကနေ မြို့ပေါ်တွေအထိ ကျယ်ပြန့်လာနေတာပါ။ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် မြောက်ဦးမြို့ပေါ်မှာဆိုရင်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး တိုက်ပွဲ စတင်ပြင်းထန်လာနေပြီး မြောက်ဦးမြို့ပေါ်က ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းနဲ့ ဿသနိက အဆောက်အအုံတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးနေတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျောက်စာခန်းကို ကျရောက်ခဲ့ပြီး ကျောက်စာတွေ ပျက်စီးသွားခဲ့တယ်လို့ မီဒီယာတွေက မဟုတ်မမှန်သတင်းတွေ ဖြန့်နေကြောင်းနဲ့ ဒီပစ်ခတ်မှုဟာ AA ဘက်ကပစ်ခတ်တာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

မြောက်ဦး မြို့ခံတွေကတော့ မြို့ပေါ်ကို စစ်ကောင်စီကပစ်ခတ်တာဖြစ်ကြောင်းနဲ့ အခုလို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တချို့ ပျက်စီးခဲ့ရတဲ့ နေရာမှာ စစ်ကောင်စီသုံး လက်နက်ကြီးအပိုင်းအစတချို့ ကို တွေ့ရတယ်လို့ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ရခိုင်ဒေသခံတဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ပြောချင်တာကတော့ လူမျိုးတမျိုးရဲ့ အသက်ဝိညာဥ်လိုဖြစ်နေတဲ့၊ နှလုံးသားလိုဖြစ်နေတဲ့အရာတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေက မဖျက်ဆီးဘူး။ စစ်ကောင်စီကျတော့ အရမ်းကြီး ယုတ်မာတယ်လို့ ပြောရမှာပေါ့။ အသိဉာဏ် အရမ်းနည်းတယ်။ အဲတာကြောင့် ရခိုင်တွေရဲ့နှလုံးသားလိုဖြစ်နေတဲ့ မြောက်ဦးရဲ့ရှေးဟောင်းသမိုင်းလက်ရာတွေကို ဖျက်ဆီးတာပေါ့။ ဥပမာဆိုပါစို့။ ရှေးဟောင်းပြတိုက်မှာ ကျောက်စာတွေနဲ့ တခြား ကမ္ဘာ့အမွေအနှစ်ဝင်တဲ့အရာတွေ အများကြီးရှိတယ်။ အဲဒါကို ပစ်တယ်။ အဲဒါမျိုးကတော့ မလုပ်သင့်ဘူးပေါ့လေ။”

အခုလို မြို့တွင်း တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့ခံတချို့ ထိခိုက်သေဆုံး တာတွေရှိသလို တမြို့လုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြောက်ဦးဒေသခံတဦးကပြောပါတယ်။

“စိုးရိမ်ရတာတွေကတော့ အများကြီးပေါ့၊ ပြောရမယ်ဆိုရင် ပေါက်တောမြို့ကို နမူနာယူပြီးတော့ စိုးရိမ်တာတို့၊ ကြောက်လန့်တာတို့ အများကြီး ဖြစ်တာပေါ့။ ညညတိုင်ဆိုရင် လက်နက်ကြီး ပစ်တာကတမျိုး၊ သေနတ်ပစ်တာက တမျိုး၊ မနက်မိုးလင်းရင်လည်း ဘယ်က ဖမ်းခံရပြီဆိုတာမျိုး။ ဒီလိုဆိုတော့ ကျနော်တို့လည်း ဘယ်နေရမလဲပေါ့၊ တကယ်တမ်းကျတော့ ကိုယ့်အိမ်ကိုယ့်ယာကိုထားပြီးတော့ ဘေးလွတ်ရာကို ထွက်ပြေးတယ် ဆိုတာ စကားအရပဲလွယ်တာ။ တကယ့်လက်တွေ့မှာ မလွယ်ကူဘူးဆိုတာ ပြောချင်ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီတပ်က မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေကတည်းက မြောက်ဦး မြို့ပေါ်မှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို တခြားဘေးလွတ်မယ့်နေရာတွေဆီ ရွှေ့ပြောင်းထားရတယ်လို့ မြောက်ဦးဒေသခံတဦးက ပြောပါတယ်။

“တနင်္ဂနွေနေ့ကစပြီးတော့ တိုက်ပွဲဖြစ်တယ်။ နောက်တနေ့ဆိုတော့ ပြင်းလာတယ်။ လက်နက်ကြီးတွေ စခန်းရှေ့မှာလည်း ကျတယ်။ ပြီးခဲ့တဲ့နေ့တွေက ကျောင်းခြံဝင်းထဲမှာလည်းကျတယ်ဆိုတော့ လူတွေလည်း မလုံခြုံဘူး။ မနေ့က စပြီးတော့ လုံခြုံမယ်လို့ထင်ရတဲ့နေရာတွေကို ရွှေ့ပေးလိုက်ပါပြီ။ စစ်ရှောင်စခန်းမှာ မကျန်တော့ဘူး။လူတွေအကုန်လုံး ရွှေ့လိုက်တာ။ ကျနော်တို့စခန်းတခုတည်း ရွှေ့တာမဟုတ်ဘူး၊ တခြား မြောက်ဦးမြို့ ပေါ်က စခန်းတွေ အကုန်လုံးကို ရွှေ့လိုက်ကြပါပြီ။”

လက်ရှိမှာတော့ မြောက်ဦးမြို့ပေါ်မှာ အပြန်အလှန် ပစ်ခတ်သံတွေမကြားရပေမယ့် စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးတွေနဲ့ ဒီကနေ့အထိ ပစ်ခတ်နေတယ်လို့ မြောက်ဦးမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့မြို့ခံတွေက ပြောပါတယ်။ မနေ့က ညနေပိုင်းကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လက်ရှိမြောက်ဦးမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ မြို့ခံတဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ပစ်ခတ်သံတွေ မကြားရဘူး။ မနေ့ကညကတော့ နှစ်ဘက်ပစ်သံတွေကြားတယ်။ ဒီနေ့ မနက်ပိုင်းကစပြီးတော့ အခုအချိန်ထိတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာတော့ မကြားသေးဘူး၊ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်တော့ ပစ်နေတယ်၊ မနက်ကလည်းက ပစ်နေတာ။ မနေ့ကတော့ လေးယောက်မှာ ၃ ယောက်က ဒဏ်ရာရတယ်၊ တယောက်ကတော့ ဆုံးသွားတယ်။ ဒီနေ့လည်း တယောက်ဆုံးတယ်လို့တော့ သတင်းကြားတယ်။ ဒါပေမယ့် ဘယ်သူလဲ၊ ဘယ်ကလဲတော့ အတိအကျမသိရသေးဘူး။”

ရခိုင်ပြည်နယ်အတွင်းက ရမ်းဗြဲ ၊ပုဏ္ဏားကျွန်း၊ မောင်တော၊ ပေါက်တောနဲ့ မြောက်ဦးမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ မနေ့ကအထိ ပြင်းထန်နေဆဲဖြစ်ပါတယ်။ တခြားမြို့နယ်တွေမှာတော့ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ နေ့တိုင်းရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာ တလကျော်ကြာလာတာနဲ့အမျှ အရပ်သားထိခိုက်သေဆုံးတာတွေလည်းတိုးလာနေသလို စစ်ကောင်စီက ကုန်းလမ်းရေးလမ်းတွေကို ပိတ်ပြီး ကုန်စည်းစီးဆင်းမှုတွေကို ဖြတ်တောက်ထားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာအခက်ကြုံ လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG