သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့ပြင် သေနတ်သံကြောင့် စိုးရိမ်မှုတိုးလာ


Mrauk-U, Rakhine state
Mrauk-U, Rakhine state

[[Zawgyi/Unicode]]


ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာ မနေ့က ညနေပိုင်း သေနတ်သံတွေ ကြားခဲ့ရလို့ စစ်ပွဲတွေ ပြန်ဖြစ်လာမလား စိုးရိမ်မှုတိုးလာပါတယ်။ AA အဖွဲ့နဲ့ စစ်ကောင်စီကြား အပြန်အလှန်ခြိမ်းခြောက်မှုတွေနဲ့ စစ်ရေးတင်းမာနေတဲ့အချိန်ဖြစ်တာမို့ ဒေသတွင်း စိုးရိမ်မှုတွေဖြစ်လာတာပါ။ ရန်ကုန်ကနေပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ဒဏ်ခံခဲ့ရတဲ့ မြောက်ဦးတဝိုက်မှာ သေနက်သံတွေ တိတ်ဆိတ်နေခဲ့တာ နှစ်နှစ်ကျော်ကြာခဲ့ပြီးနောက် အခုလို မြောက်ဦးမြို့ပေါ် သေနတ်သံတွေ ပြန်ကြားလာခဲ့တာပါ။ AA ရခိုင်အဖွဲ့ ထိန်းချုပ်ရာ ရခိုင်ဒေသမှာ စစ်ကောင်စီတပ် လှုပ်ရှားမှုတွေတိုးလာကြောင့် ထိပ်တိုက်တွေ့မှုတွေ ပြန်ဖြစ်နိုင်တယ်လို့ AA ခေါင်းဆောင်ပိုင်းက သတိပေးပြောဆိုနေသလို မကြာသေးခင်ကလည်း AA ခေါင်းဆောင်တွေနဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေ အွန်လိုင်းပေါ်ကတဆင့် တွေ့ဆုံတာတွေရှိခဲ့ပါတယ်။

မေလ ၁၉ ရက် ဒီကနေ့လုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာလည်း “ရခိုင်မှာ ပြဿနာတွေ ထပ်တက်လာရင် တပ်မတော်ကိုအဆိုးမဆိုပါနဲ့” ဆိုပြီး ပြောခွင့်ရသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။ ဒီလို အပြန်အလှန်တင်းမာနေတဲ့အချိန်မှာပဲ မနေ့က ည ၉ နာရီဝန်းကျင်လောက်မှာ မြောက် ဦးမြို့ တောင်ဘက်ပိုင်းမှာ သေနတ်သံတွေ ကြားရတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကပြောပါတယ်။

“မနေ့က ညနေ ၈ နာရီ ၉ နာရီလောက်မှာ မြောက်ဦးမြို့ရဲ့ တောင်ဘက်ပိုင်းလောက်ကနေပြီးတော့ သေနတ်သံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောကြတယ်။ ကျနော်တို့က ၂၀၂၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ သေနတ်သံတွေ မကြားရတာပေါ့နော်။ အခု က၂၀၂၂ ဆိုတော့ ၂ နှစ်ကျော်၊ ၂ နှစ်လောက်တော့ ကြာသွားပြီပေါ့နော်။ အခုက သေနတ်သံတွေ ပေါ်ထွက်လာတယ် ဆိုတော့ မြို့ခံတွေက တော်တော်လေး စိုးရိမ်နေကြတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ မတိုင်ခင်ကတည်းက သူတို့က စစ်ဘေးစစ် ဒဏ်ကို ခံပြီးပြီပေါ့နော်။ နောက်လည်း စစ်ဖြစ်တော့မှာ ဒီလိုမျိုး စိုးရိမ်စိတ်တွေ ဖြစ်လာကြတယ်။ မနေ့က သေနတ်သံတွေ ထွက်ပေါ်ပြီးနောက် မြို့ခံတွေက တော်တော်စိုးရိမ် နေကြပါတယ်။”

မြောက်ဦးမြို့ပေါ်နေထိုင်သူတဦးဖြစ်တဲ့ ဒေါ်ညိုမီထွန်းကလည်း မနေ့က သေနတ်ပစ်သံတွေ ကြားရတာကြောင့် တိုက်ပွဲ ဖြစ်မှာကို စိုးရိမ်နေပါတယ်။ တိုက်ပွဲဖြစ်လာရင် လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေး အဆင်မပြေတော့သလို အသက်အန္တရာယ်လည်း စိုးရိမ်မိတယ်လို့ ဒေါ်ညိုမီထွန်းကပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ် လာရင် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလာမယ်၊ အဲလိုဖြစ်လာရင် နယ်တွေကလာပြီး ဈေးရောင်းသူတွေလည်း မရှိတော့ဘူး။ သူတို့လာမရောင်းရင် ဒီက ဝယ်စားရတဲ့ သူတွေကလည်း အခက်အခဲဖြစ်တယ်၊ အဲလိုပဲ တမြို့နဲ့ တမြို့နဲ့ ကားလမ်းခရီးတွေ၊ ရေလမ်းခရီးတွေနဲ့သွားပြီး စီးပွားရေးတွေလုပ်နေတာ ဟိုနားမှာတိုက်ပွဲ၊ ဒီနားမှာ တိုက်ပွဲ ဖြစ်နေရင် ကိုယ့်ရဲ့အသက်အန္တရာယ်တွေလည်း စိုးရိမ်ရသလို စားဝတ်နေရေးတွေ လည်းပိုခက်ခဲလာမယ်။ ဒါကြောင့်မလို့ တိုက်ပွဲ ဖြစ်မှာကို ကြောက်တယ်။”

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နားလည် မှုနဲ့ အပစ်ရပ်ထားတာ အခုဆိုရင် ၂ နှစ်နီးပါးရှိလာပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းနီးပါး အခုအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

လက်ရှိမှာလည်း AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှုတွေမြင့်တက်လာနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်မှုတိုးလာပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ပို့ကုန်သွင်းကုန်တွေ ခက်ခဲနေချိန်မှာ တိုက်ပွဲဖြစ်လာခဲ့ရင် ပြည်သူတွေ ပိုပြီးတော့ အခက်တွေ့ နိုင်တယ်လို့လည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကပြောပါတယ်။

“အခုက ကုန်ဈေးနှုန်းတွေကလည်း တက်နေတယ်။ ပြီးတော့ ပြည်မက ကုန်စည် စီးဆင်းမှုတွေကလည်း သိပ်မဖြောင့်ဘူးပေါ့နော်၊ အဲဒီအပေါ်မှာ မီးဖိုချောင် သုံးပစ္စည်းကအစ ပစ္စည်းအကုန်လုံးလုံးဟာ ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်။ တကယ်လို့ များ တိုက်ပွဲ ဖြစ်လာလို့ရှိရင် အဓိက ဒုက္ခရောက်မယ့်သူတွေကတော့ ပြည်သူလူထုပါပဲ။”

AA ရခိုင်အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို မြန်မာစစ်တပ်က ဝင်ရောက်နှောင့်ယှက်နေတာတွေ၊ ဒေသခံတွေကို AA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတာကြောင့် AA နဲ့ စစ်တပ်ကြား တင်းမာမှုတွေရှိခဲ့တာပါ။ ဒါကြောင့်လည်း အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ် ဆိုပြီး ပြည်သူတွေ သတိထားသွားလာကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက AA အဖွဲ့ဘက်က သတိပေးထားတာရှိပါတယ်။

မြန်မာစစ်ကောင်စီအကြီးအကဲကတော့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးရအောင် သူကိုယ်တိုင် တိုင်ရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်အပေါ် AA ဘက်က တရားဝင် တုံ့ပြန်တာမျိုးမရှိသေးပါဘူး။

#RakhineConflict #AARakhine #VOABurmese #AA #ဦးထွန်းသာစိန် #မြောက်ဦး #ငြိမ်းချမ်းရေးနှစ် #ဗွီအိုအေ
=============

[[Unicode]]















=============

XS
SM
MD
LG