သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်စခန်းတချို့ကို ထိန်းချုပ်နိုင်ကြောင်း AA အဖွဲ့ကြေညာ 


ရခိုင့်တပ်တော် (AA) အဖွဲ့က ထုတ်ပြန်ထားသည့် သိမ်းဆည်းရမိသော စစ်ကောင်စီစခန်းကုန်းများပြမြေပုံ (ဇန်နဝါရီ ၃၊ ၂၀၂၄)
ရခိုင့်တပ်တော် (AA) အဖွဲ့က ထုတ်ပြန်ထားသည့် သိမ်းဆည်းရမိသော စစ်ကောင်စီစခန်းကုန်းများပြမြေပုံ (ဇန်နဝါရီ ၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ AA ရက္ခိုင့်တပ်တော်က စခန်းတချို့ကို သိမ်းပိုက်နိုင်ကြောင်း ကြေညာပါတယ်။ စစ်ရေးတင်းမာမှုတွေကြား အရပ်သား သေကျေထိခိုက်မှုတွေလည်း ရှိနေတာပါ။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စစ်ကောင်စီစခန်းတွေကို ဒီလဆန်းတိုက်ခိုက်ခဲ့ရာမှာ တချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AAရက္ခိုင့် တပ်တော်က သတင်းထုတ်ပြန်လိုက်တာပါ။ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ မနေ့ကအထိ ချင်းလက်ဝစခန်းကုန်းနဲ့ ခမောင်းဝစခန်းကုန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်မှာ ဒီကနေ့အထိနှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို မနေ့က ပလက်ဝမြို့မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ကလေးတဦးနဲ့ အမျိုးသားတဦးဒဏ်ရာရတယ်လို့ ပလက်ဝမြို့ခံတဦးကပြောပါတယ်။

“၄ ရက်ရှိပြီနေ့တိုင်းကို တိုက်ပွဲတွေ ဖြစ်နေကြတယ်၊ မနေ့ညက ပစ်ခတ်လိုက်တဲ့ ထဲမှာဒီ ကလားတန်စီမံကိန်းမှာ လုပ်တဲ့ ကားမောင်းသမားတယောက်လည်း ပွဲချင်းပြီးသေသွားတယ်၊ ပြီးတော့ ပလက်ဝ မြို့ပေါ်က ရိက္ခာရပ်ကွက် ဗောဓိတောင်မှာလည်း မျိုးသားတယောက် ပွဲချင်းပြီးဆုံးတယ်၊ နောက် ကလေးတယောက်နဲ့ အမျိုးသားတယောက်လည်း ပြင်းထန်ဒဏ်ရာရတယ်၊ မြို့ပေါ်က လူတွေကတော့ နေ့စဉ်နဲ့ အမျှ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးနေကြရတယ်။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က တောင်ရှည်တောင် စစ်ကောင်စီဗျူ ဟာကုန်းကိုလည်းAAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။ AA တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ စစ်ကောင်စီတပ်က လက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရခိုင့်တပ်တော် (AA) အဖွဲ့က ထုတ်ပြန်ထားသည့် စစ်ကောင်ရဲ့ ချင်းလက်ဝစခန်းကုန်းမှ ရရှိသောလက်နက်ခဲယမ်းများ (ဇန်နဝါရီ ၃၊ ၂၀၂၄)
ရခိုင့်တပ်တော် (AA) အဖွဲ့က ထုတ်ပြန်ထားသည့် စစ်ကောင်ရဲ့ ချင်းလက်ဝစခန်းကုန်းမှ ရရှိသောလက်နက်ခဲယမ်းများ (ဇန်နဝါရီ ၃၊ ၂၀၂၄)

မနေ့ကဆိုရင်လည်း ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သားတဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ အနီးအနားကျေးရွာက ကျောက်တော်ဒေသခံ တဦးကပြောပါတယ်။

“ မနေ့က ၂နာရီ ၃ဝမိနစ်လောက်မှာ လေယာဉ်နဲ့ ဗုံးကျဲလို့ လူယောက်သေသွားတယ် ၁၁ယောက်ဒဏ်ရာရတယ်၊ သုံးလကလေးတယောက်နဲ့ ၂နှစ်ကလေးတယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရလို့ ဆေးကုသနေရတယ်။”

ကျောက်တော်မြို့နယ်မှာ ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ လူနေကျေးရွာတွေကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ကျေးရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ထွက်ပြေးနေရတဲ့ ကျောက်တော်ဒေသခံတဦးကပြောပါတယ်။

“ မျောက်တောင်ရွာရယ် မာလာရွာရယ်၊ ၂ရွာ ၃ရွာလောက်ထွက်ပြေးနေရပါတယ်၊အခုလည်း ပစ်နေတယ်၊ လက်နက်ကြီးကွဲသံကြားနေရတယ်၊ မျောက်တောင်ပစ်နေတာ၊ ပြင်းပြင်းထန်ထန်ဖြစ်နေတာ တင်းမတောင် ဗျူးဟာကုန်းကို AAက တက်သိမ်းနေတာလေ။”

လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်နဲ့ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီအနေနဲ့မြို့ပေါ်ရပ်ကွက်နဲ့ လူနေကျေးရွာတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေရှိတယ်လို့ AAဘက်ကပြောဆိုထား တာရှိသလို AAအနေနဲ့ လည်း အရပ်သားတွေကို အကာကွယ်ယူတိုက်ခိုက်နေတယ်လို့ စစ်ကောင်စီဘက် ပြောဆိုထားတာတွေလည်းရှိနေတာပါ။

တိုက်ပွဲဖြစ်တွေ၊ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ လတ်တလော မတွေ့ရသေးပါဘူး။

AA ရက္ခိုင့်တပ်တော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း အများအပြားကို ထိန်းချုပ်နိုင်ခဲ့ကြောင်းနဲ့ ကျန်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်အောင် တိုက်ခိုက်မယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG