သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာရသူ သုံးသိန်းကျော်လာ


AA ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြားတိုက်ပွဲတွေကြားက ထွက်ပြေးလာကြပြီး စစ်တွေဘုန်းကြီးကျောင်းက ယာယီစခန်းမှာ နေထိုင်နေကြတဲ့ ရခိုင် စစ်ဘေးရှောင် ပြည်သူများ။ (ဂျွန် ၂၉၊ ၂၀၂၃/ AFP)
AA ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြားတိုက်ပွဲတွေကြားက ထွက်ပြေးလာကြပြီး စစ်တွေဘုန်းကြီးကျောင်းက ယာယီစခန်းမှာ နေထိုင်နေကြတဲ့ ရခိုင် စစ်ဘေးရှောင် ပြည်သူများ။ (ဂျွန် ၂၉၊ ၂၀၂၃/ AFP)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြတဲ့ ဒေသခံ သုံးသိန်းကျော်လာပါပြီ။ စစ်ဘေးဒုက္ခသည်တွေအဖို့ စားဝတ်နေရေးအကျပ်အတည်းတွေ ကြုံနေကြတဲ့အပြင် ဆေးဝါးပြတ်လပ်မှုတွေပါ ရင်ဆိုင်ကြရတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ မီးလောင် ပျက်စီးတာတွေ၊ အရပ်သားထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ AA ရက္ခိုင့်တပ်တော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တွင်း အိုးအိမ်စွန်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၃ သိန်းကျော်အထိရှိလာနေတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုအနေအထားက စစ်ဘေးဒုက္ခသည်တွေက အတိအကျရဖို့ ခက်တာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ သိသလောက် အသစ်ရော အဟောင်းရောဆိုရင်တော့ ၃ သိန်းကျော်လောက် ရှိမယ်ထင်တယ်။ အဟောင်းက ၆ သောင်းဝန်းကျင်လောက်ရှိတာဆိုတော့လေ။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း မြောက်ဦးမြို့နယ်က ထွက်ပြေးတိမ်းရှောင် လာကြတဲ့ စစ်ဘေးဒုက္ခသည် ၂ ထောင်နီးပါးတိုးလာပြီး စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ကုန်စျေးတွေက တအားထိုးတက်နေတယ်။ သွားရေး လာရေးကလည်း အဆင်မပြေဆိုတော့ စားဝတ်နေရေးကတော့ အထူးအခက်အခဲဖြစ်နေကြတယ်။”

လက်ရှိမှာတော့ ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာ လူဦးရေ ၃ ထောင်ကျော်အထိရှိ နေပြီး လူဦးရေတထောင်ကျော်လောက်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့စစ်ဘေးဒုက္ခသည်တွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာ တလကျော်အထိ ရှိလာနေသလို ဒေသခံအရပ်သားတွေဟာလည်း နေရာအတည်တကျမရှိ တရွာဝင်တရွာထွက်နဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။ တချို့ဒေသခံတွေဟာလည်း ထွက်ပြေးဖို့ ငွေကြေးမတတ်နိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ရွာတွေမှာ ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေဟာလည်း ဘုန်းကြီးကျောင်းတွေနဲ့ တခြားဆွေမျိုးနီးစပ် နေရာတွေမှာ ခိုလှုံနေကြရပြီး စားနပ်ရိက္ခာအပြင် စောင်နဲ့အနွေးထည်တွေ မလုံလောက် တာကြောင့် ကျန်းမာရေးထိခိုက်လာကြတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတဦးကပြောပါတယ်။

“လူများတဲ့အတွက် အိမ်သာမလုံလောက်မှုပြဿနာတွေ တော်တော်ရှိတယ်။ ဝမ်းပျက်ဝမ်း လျောဖြစ်ကြတာတွေလည်းရှိတယ်။ ဆေးဝါးမလုံလောက်တာတွေလည်း တော်တော် အရေးကြီးတယ်။ နောက်ပြီးတော့ လိုအပ်တာက စားနပ်ရိက္ခာရှိမယ်ပေါ့နော်။ အဝတ်အ ထည်တို့၊ စောင်တို့ရှိမယ်၊ ဆေးဝါးရှိမယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး သူတို့လာတဲ့ အနေအထား တနေရာက တနေရာကို သွားတဲ့ အခါ လမ်းစရိတ်ကြီးမား တယ်ဆိုတော့ သူတို့လမ်းခရီးဟာဘယ်လိုမှ လွယ်ကူချောမွေ့တယ်ဆိုတာမရှိပါဘူး။”

ရခိုင်တိုက်ပွဲတွေဟာ တရက်ထက်တရက် ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီကလည်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်ရေးအင်အားတိုးချဲ့တာတွေ၊ စစ်ရေး ကြိုတင်ပြင်ဆင်တာတွေ လုပ်လာတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ကျောက်တော်မြို့နယ်တွင်း နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပြီး တခြားမြို့နယ်တွေမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တဘက်သတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ကုန်းလမ်းရေလမ်းတွေ စစ်ကောင်စီက ပိတ် ထားတာကြောင့်လည်း၊ ဒေသခံတွေ သွားရေးလာရေးအခက်ကြုံနေရသလို ကုန်စည်အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါး ပြတ်လပ်တာတွေဖြစ်လာပြီး ရခိုင်ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေ အခက်ကြုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG