သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်ဖို့မလွယ်သေး


Captured Chin Shwe Hall and hoisted the MNTJP flag next to Nantik Bridge (October 27 2023) The Kokang/Facebook
Captured Chin Shwe Hall and hoisted the MNTJP flag next to Nantik Bridge (October 27 2023) The Kokang/Facebook

MNDAA ကိုးကန့်တပ်ဖွဲ့ဟာ ဒေသတွင်း စစ်ကောင်စီထုတ်ပြန်ထားတဲ့အမိန့်မှန်သမျှကိုပယ်ဖျက်ပြီး အထူးဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးတရပ် ထူထောင်လိုက်ပါတယ်။ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ကြား စစ်ရပ်စဲထားဖို့ သဘောတူထားပေမယ့် နယ်စပ်ကုန်သွယ်ရေးတွေ ပုံမှန်ဖြစ်လာဖို့တော့ မလွယ်လှသေးဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ယူဆပါတယ်။ ဦးသန်းစိုးနိုင်ကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

“ဖုန်တိန့်ယိန်းကနေပြီးတော့ - ဖုန်ကြားရှင်ရဲ့သားကနေပြီးတော့ အခု သူ့ဒေသကို အထူးဒေသ- အခြေခံဒေသ (၁) အဖြစ် အသိအမှတ်ပြုတယ်ဆိုတာက - သူက ဝ-လို ပြည်နယ်လည်းတောင်းလို့မရဘူး။ တိုင်းလည်းတောင်းလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက် မိုင်းလားလိုပဲ သူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိတဲ့ နယ်ပယ်လေးတခု ထူထောင်ထားဖို့။ အဲဒါကို တရုတ်ကလည်း အားပေးမှာပဲ။

အင်ကြင်းနိုင်။ ။ ကိုးကန့်တခုလုံးကိုပေါ့နော်- သူတို့ ရည်မှန်းချက်အတိုင်း ပြန်ရသွားပြီဆိုရင် နယ်စပ်ကုန်သွယ်ရေးကိစ္စ အခု ကိုးကန့်က ပြန်ပြီး ထိန်းချုပ်လိုက်ပြီဆိုရင် impact က ဘယ်လိုဖြစ်မလဲ။

ဦးသန်းစိုးနိုင်။ ။ နယ်စပ်ကုန်သွယ်ရေးကိစ္စက တကယ်တန်းဖြေရှင်းဖို့ ဆိုလို့ရှိရင် အရင်ဆုံး လားရှိုးပြဿနာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုးက စစ်ကောင်စီဝင်တွေ အကုန်ထွက်ပေးကြမယ်ဆိုလို့ရှိရင် အဲဒီပြဿနာကို ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ လားရှိုးကိစ္စ မပြတ်သားသေးဘဲနဲ့တော့ အဲဒီအနေအထားက ကျနော်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လားရှိုးမှာ တရုတ်နဲ့ဆက်သွယ်တဲ့လူတွေ၊ လမ်းကြောင်းတွေအားလုံးက အဲဒီမှာ စုဆုံနေတာ ဖြစ်တဲ့အခါကျတော့ - အခုအချိန်ကတော့ ကျနော်ထင်တယ်၊ စစ်ရေးလှုပ်ရှားမှုကတော့ ငြိမ်သက်ပြီးနေမယ်။ တစုံတရာပေါ့။ လားရှိိုးကို ဝိုင်းထားတဲ့အနေအထားမျိုးကိုပဲ ကျနော်တို့ ရှိပါသေးတယ်။ လားရှိုးကို လောက်ကိုင်လို စစ်ကောင်စီဘက်က ထွက်ခွါပေးတဲ့အနေအထားမျိုးတခု ရောက်ပြီဆိုမှ တရုတ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ပြီး စဥ်းစားနိုင်မယ့်အခြေအနေရှိတယ်လို့ ကျနော်တော့ တွက်ဆပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ စစ်ကောင်စီဘက်ကရော လားရှိုးကို သူတို့ ဘယ်လို ကိုင်တွယ်မလဲလို့ ဦးသန်းစိုးနိုင် သုံးသပ်လဲရှင့်။

ဦးသန်းစိုးနိုင်။ ။ လားရှိုးကို စစ်ရေးအရ သိမ်းပိုက်မှုဖြစ်လာရင် အဲဒီဒေသတခုလုံးကို တော်တော်လေးကို ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။ လားရှိုးမှာ အခုချိန်ထိ လေယာဥ်ကွင်းသုံးနိုင်တဲ့ အခြေအနေ ရှိပါသေးတယ်။ မင်းအောင်လှိုင်တို့ဘက်ကလည်း လားရှိုးမကျရေးအတွက်ကတော့ အသကုန် သူ့အနေနဲ့ကတော့ ကြိုးပမ်းမယ့်သဘောရှိတယ်။ သူတို့က လေကြောင်းထိုးစစ်တွေ ဆက်ပြီးတော့လုပ်မယ်။ လားရှိုးကိုလည်း ဆက်ပြီး စစ်အင်အားဖြည့်တင်းနေမယ်ဆိုရင်တော့ လားရှိုးမှာ အလွန်ပြင်းထန်တဲ့ တိုက်ပွဲကြီးတရပ် ပေါ်လာစရာအကြောင်း ရှိပါတယ်။

အင်ကြင်းနိုင်။ ။ တရုတ်အနေအထားကရော ဘယ်လိုအပြောင်းအလဲတွေဖြစ်လာလဲ၊ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဖြစ်လာတဲ့ ကိစ္စမှာ သူတို့လိုချင်သလောက် ဖြစ်လာပြီလား။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်ပေါ့။ သူတို့အခု ပါဝင်နေတဲ့ကိစ္စမှာ တဘက်မှာတော့ ရှင်းတယ်၊ သူတို့နယ်စပ်မှာ တည်ငြိမ်ရေးကတော့ လိုလားတယ်ဆိုတဲ့အချက်ကတော့ သူတို့ အမြဲတမ်း ပြောနေတာပေါ့နော်။ ဒါပေမဲ့ တဘက်မှာကျတော့ တကယ်တန်း တရုတ်က ဘာကြောင့် ဒီလောက်ကြီးအထိ ပါဝင်နေတာလဲ၊ သူတို့လိုချင်တာ မရသေးလို့လား။ ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဦးသန်းစိုးနိုင်။ ။ ကျနော်ကတော့ သူတို့လိုချင်တာ မရသေးတာလည်း ပါတယ်ပေါ့လေ၊ အဓိက သူတို့လိုချင်တာက ဒီ ကုန်သွယ်ရေးစခန်း လေးခုလုံးကို ပြန်ဖွင့်လှစ်ပြီးတော့ မူဆယ်-မန္တလေး လမ်းကြောင်းကို ရှင်းလင်းပေးစေချင်တာက သူ့ရဲ့ လတ်တလောဦးတည်ချက်နဲ့ သူ့ရဲ့အကျိုးစီးပွါး ကာကွယ်ရေးအတွက် ဒီကိစ္စ အဓိိကပါ။ စောစောက ကျနော်တို့ ပြောဆိုနေကြတဲ့ BRI လို ကျောက်ဖြူအထိ ရထားလမ်း ကားလမ်းဆိုတာ ဒီနေ့အချိန်မှာ သူတို့ ဘာစာချုပ်တွေပဲ ချုပ်နေချုပ်နေ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူတိို့ သဘောပေါက်ပါတယ်။ အဲဒီတော့ ဆိုလိုတာကတော့ တရုတ်ရဲ့လတ်တလော ဦးတည်ချက်က ကျားဖြန့်လုပ်ငန်းမဟုတ်တော့ဘူး။ ကျားဖြန့်လုပ်ငန်းက ပြီးသွားပါပြီ။ နောက်တခုက ကျားဖြန့်က ပယ်ဆောက်ချိန်ကလည်း ဝ…တွေတုန်းက ဝရန်းထုတ်သလိုပါပဲ။ သူတို့ကို ဝရန်းထုတ်ပြီးတော့ တနေရာရာကို သူတို့ ကို ရွှေ့ပြောင်းနေထိုင်ခွင့်ပေးလိုက်တယ်လို့ ကျနော်ကတော့ သဘောပေါက်ပါတယ်။ ဒီနေ့ကာလမှာလည်း သူ့အနေနဲ့ သူလိုချင်တဲ့အနေအထားတရပ်ကို လောက်ကိုင် သိမ်းပြီးတဲ့နောက်ပိုင်းမှာ ရသွားပြီ၊ ကျေနပ်လောက်ပြီလို့ ထင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG