သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတိုးလာတယ်လို့ ညီနောင် (၃) ဖွဲ့ပြော 


ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

ယာယီအပစ်ရပ်ထားတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လျော့နည်းလာပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး ဇန်နဝါရီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) က နေရာအများအပြားမှာ စံချိန်တင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ဗုဒ္ဓဟူးည ၁၁:၅၀ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA ) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ယူအယ်လ်အေ) ကလည်း ဇန်နဝါရီ (၁၇) ရက်နေ့ ရက်စွဲနဲ့ “ပြည်သူသို့ သတိပေးချက်” ဆိုပြီး ထုတ်ပြန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားတွေကိုထိခိုက်တဲ့တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သတိပေးထားပါတယ်။ စစ်ကောင်စီဘက်က စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေပြီး တပ်ဖွဲ့ဝင်တွေ လက်နက်ချတာတွေ များပြားလာနေလို့ အရပ်သား ပြည်သူတွေဘက် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ မြို့ရွာတွေကို ဗုံးကြဲမှုတွေ၊ မီးတိုက်ဖျက်ဆီးတာတွေနဲ့ သမိုင်းဝင်အမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတယ်လို့လည်း ယူအယ်လ်အေရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း စွပ်စွဲပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုမသိရသေးပါဘူး။

မြောက်ပိုင်းညီနောင် (၃) ဖွဲ့ရဲ့ ဗုဒ္ဓဟူးညထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာနဲ့အနီးတဝိုက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစီးက လာရောက်ဗုံးကြဲခဲ့လို့ ဒေသခံစစ်ဘေးရှောင် (၅) ဦးထက်မနည်းသေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မင်းပြားမြို့မှာလည်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ် (၂) စီးနဲ့ ရဟတ်ယာဉ် (၁) စီးတို့နဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရသေ့တောင်မြို့နယ်ဘက်မှာလည်း ဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက မြို့ပေါ်ရပ်ကွက်တွေအပါအဝင် အနီးကကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလို ဂျက်တိုက်လေယာဥ်နဲ့ လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ညီနောင် (၃) ဖွဲ့ရဲ့ တရားဝင် လူမှုကွန်ရက်တခုဖြစ်တဲ့ VK ကနေ သတင်းထုတ်ပြပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း စစ်ရေး သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်းပေးလို့ ကူမင်းမြို့မှာ ဟိုင်ဂင်ဆွေးနွေးပွဲ တတိယအကြိမ်အပြီး သဘောတူညီချက်အတိုင်း ရှမ်းမြောက်မှာ နှစ်ဘက် ယာယီ အပစ်ရပ်ဖို့ ကြေညာထားပေမယ့် ရှမ်းမြောက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တချို့ ဆက်လုပ်နေဆဲလို့ ညီနောင် (၃) ဖွဲ့က ပြောပါတယ်။ မနှစ် အောက်တိုဘာ ၂၇ က စတင်ခဲ့တဲ့ MNDAA ကိုးကန့်၊ TNlA တအာင်းနဲ့ AA ရက္ခိုင့်တပ်တော်တို့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း ဇန်နဝါရီ ၁၇ ရက်မှာ (၈၃) ရက်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ကူမင်းအပစ်ရပ် သဘောတူညီချက်နဲ့ပတ်သက်ပြီး အရင်အပတ်ကပြောဆိုချက်မှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာဖို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG