သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်စစ်ရေးတင်းမာချိန် တရုတ်အထူးကိုယ်စားလှယ် မြန်မာရောက်ရှိ


တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရှာအထူးကိုယ်စားလှဘ် မစ္စတာ တိန့်ရှီးကျွင်းကို ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လက်ခံတွေ့ဆုံ။ (ဇွန် ၁၈၊ ၂၀၂၄/နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန)
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရှာအထူးကိုယ်စားလှဘ် မစ္စတာ တိန့်ရှီးကျွင်းကို ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လက်ခံတွေ့ဆုံ။ (ဇွန် ၁၈၊ ၂၀၂၄/နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန)

တရုတ်အထူးကိုယ်စားလှယ် Den Xijun ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့ကရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ရာမှာ နယ်စပ်တည်ငြိမ်ရေးနဲ့ အပြန်အလှန်အကျိုးတူကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်ဒေသမှာ စစ်ရေးတင်းမာမှုတွေ တကျော့ပြန်ဖြစ်လာတဲ့အချိန်မှာ ဒီ ခရီးစဉ်ဖြစ်လာတာမို့ နယ်စပ်တည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးတာဖြစ်မယ်လို့ သုံးသပ်ယူဆကြပါတယ်။ ကိုဝင်းမင်းဆက်သွယ်မေးမြန်းထားပါတယ်။

လာမဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့အပတ်စနေနေ့ကပဲ ပြောခဲ့ပြီးတဲ့နောက် အခု တရုတ် အထူးကိုယ်စားလှယ် ခရီးစဉ်ဖြစ်လာတာက ထူးခြားတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းကပဲ မြန်မာနိုင်ငံကိုလာခဲ့ပြီး ရှမ်းမြောက်အပစ်ရပ်ရေးကြားဝင်ပေးခဲ့တဲ့ Den Xijun အခုခရီးထူးခြားတာကို တရုတ်-မြန်မာအရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက အခုလို ထောက်ပြပါတယ်။

"မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် တရုတ်ကတော့ အပစ်အခတ်ရပ်စဲရုံတင်မဟုတ်ဘူး-တဲ့။ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးဖို့ပါ လိုတယ်-တဲ့။ ဆက်လက်ပြီး လုပ်ဆောင်ရမယ်လို့ ပြောထားတယ်ဗျ။ အဲဒီအတွက်လည်း အသွားအပြန် တီးခေါက်ကြည့်နေတာထင်တယ်။ အခု နယ်စပ် တရုတ်နဲ့ဆက်စပ်နေတဲ့ နယ်စပ်တွေတလျှောက်လုံးက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေလက်ထဲ အကုန် ရောက်ကုန်ကြပြီလေ။ အဲဒီနယ်စပ်ဒေသ တိုင်းရင်းသားအဖွဲ့တွေဆီလည်း Den Xijun က မကြာခဏဝင်ထွက်သွားလာနေတယ်။ အဲဒီက လူတွေလည်း ဒီဘက်မှာ ခေါ်ခေါ်တွေ့နေတယ်လို့ ကြားတယ်ဗျ။ အဲဒီတော့ တတ်နိုင်သမျှ စစ်ရေးအရှိန်လျှော့ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ကြိုးစားပြီး လုပ်နေတယ်ထင်တယ်။ ဒီအတိုင်းသွားရင်တော့ ဗမာပြည်ကြီးက အခြေအနေ ဆိုးသည်ထက်ဆိုးဖို့ပဲ ရှိတာကို။ နောက်တခုက နယ်စပ်ကုန်သွယ်ရေးတွေလည်း ပြန်ဖွင့်ဖို့ကြိုးစားနေပုံရတယ်ဗျ။ တရုတ်က။"

ဒါ့အပြင် ဒီနှစ်ဆန်း ဇန်နဝါရီလမှာ စ သဘောတူခဲ့တဲ့ ဟိုင်ဂင်သဘောတူချက် ၆ လ ကြာလာချိန်၊ မြောက်ပိုင်းစစ်ရေးတင်းမာမှုတွေအောက်ဖြစ်လာတဲ့ ဒီခရီးစဉ်ရဲ့ နောက်ထပ် ထူးခြားနိုင်တာကိုလည်း အမည်မဖော်လိုတဲ့ မြန်မာ့အရေး လေ့လာသူတဦးကလည်း အခုလို ရှင်းပြပါတယ်။

"တရုတ်စီမံကိန်းတွေရယ်၊ နောက် နယ်စပ်ကိစ္စတွေရယ်၊ ညီနောင်သုံးဖွဲ့နဲ့ကိစ္စတွေရယ်လေ တင်းမာနေတာရှိတယ်လေ။ ကျနော်တို့ မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးဧရိယာတွေမှာ လားရှိုးတို့ ဘာတို့မှာ တင်းမာနေတာတွေရှိတယ်။ ရခိုင်မှာတိုက်ပွဲပြင်းထန်လာတယ်။ ကျောက်ဖြူမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်လာတယ်။ ရခိုင်မှာ သူ့စီမံကိန်းတွေရှိတဲ့နေရာမှာ တိုက်ပွဲမပြင်းထန်ဖို့၊ သူ့စီမံကိန်းတွေမထိခိုက်ဖို့များ ကြိုးစားလာသလားပေါ့နော်။ ....ကတော့ အခြေအနေမကောင်းဘူးလေ၊ ပြီးခဲ့တဲ့အစည်းအဝေးတွေ အခြေအနေမကောင်းဘူး။ မန့်ဝိန်းကအစည်းအဝေး....မသိဘူး။ ဆိုတော့ ဒါတွေကြောင့်လည်း ဖြစ်နိုင်တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလလယ်ကလုပ်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ၅ ကြိမ်မြောက် ကူမင်းမြို့က ဆွေးနွေးပွဲအပြီး ဖြစ်လာတဲ့ ဒီခရီးစဉ်ရဲ့နောက်ထပ် ထူးခြားနိုင်တာကိုလည်း မြန်မာ့အရေးလေ့လာသူ စိုင်းကြည်ဇင်စိုးက အခုလို ထောက်ပြပါတယ်။

"တရုတ်ရဲ့ interest (စိတ်ဝင်စားမှု) က မြန်မာနိုင်ငံအတွင်းမှာ သူဆက်လုပ်စရာ ရှိတဲ့ဟာတွေပေါ့နော်၊ နောက် ရခိုင်ဘက်မှာလည်း ဖြစ်ပျက်နေတဲ့ဟာတွေ သူ အကုန် ဆန်းစစ်ပုံရတယ်။ အဲဒီအတွက်ကြောင့်မို့လို့ မတည်ငြိမ်ဘူးလို့လည်းပြောလို့ရတယ်။ အခု လောလောဆယ် EAO အချင်းချင်းကြားထဲမှာ နည်းနည်း tension လေးတွေရှိနေကြတာလည်း ရှိတယ်။ အထူးသဖြင့် ကချင်နဲ့ TNLA ကြားမှာ မြင်နေရတယ်ပေါ့နော်။ နောက်တခုက international pressure ...အကုန်လုံးက အချိန်ကိုက်လိုဖြစ်နေတာပေါ့နော်။ အခု ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ခါတိုင်းနှစ်တွေမှာ ဒီလောက် သံရုံးတွေကနေပြီးတော့ ထူးထူးခြားခြားလုပ်တာမျိုး မတွေ့ရဘဲနဲ့ အခု သံရုံး facebook page တွေကနေပြီးတော့ လှုပ်ရှားနေတာလေးတွေ တွေ့တယ်ဆိုတော့၊ ပြီးတော့ ဒီ ရွေးကောက်ပွဲဆိုတဲ့သတင်းကလည်းထွက်လာနေတယ်လေ။​ ဒါက အကုန်လုံးကတော့ peace and reconciliation ဆိုတဲ့ခေါင်းစဥ်အောက်မှာ တရုတ်ဖြစ်စေချင်တဲ့ဟာပေါ့နော်။ သွားပြီးတော့ aligned ဖြစ်နေတဲ့သဘောလို့ ယူဆလို့ရတယ်။"

အဲ့ဒိတော့ ဒီရွေးကောက်ပွဲပြင်နေကြောင်း ပြောပြီးလို့ရက်ပိုင်းအတွင်း ဒီ ခရီးစဉ် ဖြစ်လာတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဒေါက်တာလှကျော်ဇော်က အခုလို ဆက်ထောက်ပြပါတယ်။

"မင်းအောင်လှိုင်ပြောပြောနေတဲ့ရွေးကောက်ပွဲဟာ ပါးစပ်ကပဲပြောနေတာ။ ဘယ်သူမှလည်းမယုံဘူး။ ကျမကတော့ ဒီရွေးကောက်ပွဲ ဖြစ်မယ်လည်း မထင်ပါဘူး။ သူတို့အတွက်ကတော့ ဒါကြီးက ပြ,စားရမှာပေ့ါနော်။ နိုင်ငံတကာကို။ သူတို့ ဒီမိုကရေစီပြန်ရဖို့ လုပ်နေပါတယ် ဘာတယ်ဆိုပြီးတော့။ ရွေးကောက်ပွဲ ပြောပြီးတာနဲ့ ဒီလူတွေရောက်လာတာ တိုက်ဆိုင်မှုတော့ ဖြစ်မှာပေါ့ဗျာ။ ဒီခရီးစဥ်တွေဆိုတာကတော့ အစောကြီးကတည်းက ကြိုပြီး စီစဥ်ထားကြတာပဲ။"

ဒါပေမဲ့ စိုင်းကြည်ဇင်စိုးကတော့ အခုလို မြင်ပါတယ်။

"အခုအချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စက နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကျနော်တို့ အနောက်နိုင်ငံတွေပေါ့နော်။ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ဒီရွေးကောက်ပွဲအပေါ်မှာ သံသယရှိနေတဲ့အချိန်မျိုးမှာ သူ့အနေနဲ့ Peace, reconciliation, negociation ဆိုတဲ့ ခေါင်းစဥ်အောက်မှာ democratic attractive ဖြစ်တဲ့ ဒီ ရွေးကောက်ပွဲဆိုတဲ့ဥစ္စာကို သူတို့ပြန်သယ်လာပြီးတော့ ဒီ ရွေးကောက်ပွဲကို သူတို့အနေနဲ့ထောက်ခံတယ်၊ ဒါမှမဟုတ်ရင်လည်း ဒီလိုမျိုး endorse လုပ်ပြီးတော့ အပြည်ပြည်ဆိုင်ရာရဲ့ထောက်ခံမှု အားငယ်လာအောင်ပြန်လုပ်တယ်လို့လည်း နားလည်လို့ရတယ်။"

ဒီအပေါ် အမည်မဖော်လိုတဲ့ မြန်မာ့အရေးသုံးသပ်သူကတော့ အခုလို ဆက် ထောက်ပြပါတယ်။

"..သူတို့လိုချင်တဲ့ပုံစံ အပြန်အလှန်ရင်းနှီးမြှုပ်နှံပြီးတော့ အကျိုးစီးပွါးပြန်လည်ရှိမယ့်ပုံစံကိုတော့ - ဒီပုံစံနဲ့သွားနေလို့တော့ မရဘူး။ သူ အပြောင်းအလဲ လုပ်ရမယ်။ စစ်တပ်က အာဏာတည်မြဲနေဖို့ ရွေးကောက်ပွဲ တခုခုလုပ်ပြီးတော့ ဆက်ပြီးတော့ နိုင်ငံကို ထိန်းထားရုံနဲ့ကတော့ ပြေလည်မှာမဟုတ်ဘူး။ ကျနော်တို့လိုချင်တဲ့ တည်ငြိမ်ပြီးတော့ ရင်းနှီးမြှုပ်နှံလို့ရတဲ့၊ စီမံကိန်းတွေလည်ပတ်လို့ရတဲ့အခြေအနေ ရောက်ဖို့ မဖြစ်နိုင်ဘူး။"

တကယ်တော့ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထွက်ပေါက်ရယူခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲတုန်းက မရှိခဲ့တဲ့ စစ်ရေးတင်းမာမှုတွေ အခုရှိပြီး ပြင်းထန်နေတာမို့ အဓိကအတိုက်အခံတွေနဲ့ ဆွေးနွေးတာမရှိဘဲ ရွေးကောက်ပွဲထွက်ပေါက်မရနိုင်တော့ဘူးလို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG