သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ကိုးကန့် ဂယက်


ဓါတ်ပုံ - Eleven Media Group
ဓါတ်ပုံ - Eleven Media Group

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့တပ်မတော်က ကိုးကန့် ဦးဖုန်ကျားရှင်တို့ တပ်ဖွဲ့တွေကို တရုတ်နဲ့ ချိတ်ဆက်ဖို့ လုပ်နေတာဟာ အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇော က ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလှကျော်ဇော နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နားလည်တာက စစ်ဆိုတာ ပြဿနာတခုကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့အခါမှာ နောက်ဆုံး အသုံးချတဲ့ နည်းလမ်းလို့ ကြားဖူးပါတယ်။ နားလည်ပါတယ်။ ဆိုတော့ အခု ကိုးကန့်ပြဿနာဟာ ဘယ်လောက်များ ခက်ခဲနေလို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမရလို့ တိုက်ကြတယ်လို့ ထင်ပါလဲ။ ဒေါ်လှကျော်ဇောရဲ့ အမြင်ကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဒေါက်တာလှကျော်ဇော ။ ။ အမှန်ပါပဲ။ စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ ဖြစ်လာတဲ့ကိစ္စ။ ကိုးကန့်ကိစ္စကတော့ ရှောင်နှိမ်အဖွဲ့လို့ခေါ်တဲ့ ဦးဖုန်းကျားရှင်တို့အဖွဲ့က ၂၀၀၉ ခုနှစ်က နအဖ စစ်အစိုးရက မောင်းထုတ်လိုက်လို့ ထွက်ပြေးသွားရတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့အနေနဲ့ နိုင်ငံရေး အနေအထားတခုကို ပြန်လိုချင်လာတယ်။ အထူးသဖြင့် အခုလို တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့အခါမှာ သူတို့လည်း နေရာတနေရာ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ ဝင်ပါလာချင်နေတယ်။ အဲဒါကို နည်းပေါင်းစုံနဲ့ သူတို့လည်း တင်ပြတယ်။ သူတို့နဲ့ အရင်တုန်းကတည်းက တိုက်ဖော်တိုက်ဖက်တွေဖြစ်တဲ့ တခြားငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေကလည်း တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အစိုးရက လုံးဝငြင်းဆန်ခဲ့တယ်။ အဲဒါကြောင့်မို့ သူတို့က တဆင့်အနေနဲ့ တိုက်ခိုက်ပြီးတော့ သူတို့ ရှိသေးတယ်ဆိုတာကို ပြသဖို့အတွက် ဒါကို ပြန်ဖော်လာတယ်လို့ ကျမတို့က အဲဒီလို မြင်တယ်။

ဦးကျော်ဇံသာ ။ ။ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးတဲ့အထဲမှာ သူတို့ကိုယ်တိုင် ပါဝင်ချင်တဲ့သဘောဆိုရင်တော့ ရည်ရွယ်ချက်က သိပ်မဆိုးလှဘူးလို့ထင်တယ်။ ဘာဖြစ်လို့ မြန်မာနိုင်ငံအစိုးရက ဒီကိစ္စကို လက်မခံဘူးလို့ စဉ်းစားမိပါလဲ။

ဒေါက်တာလှကျော်ဇော ။ ။ ကျမ က ဒီလိုစဉ်းစားတယ်။ အခု ဦးသိန်းစိန် စစ်တပိုင်းအစိုးရအနေက ပြည်တွင်းစစ်ကို ရပ်ချင်တဲ့စိတ် မရှိဘူး။ ဒါကြောင့်မို့ မီးစမီးနတွေကို ချန်နေတာ ဖြစ်တယ်။ ဦးဖုန်းကျားရှင်တို့က ပထမဦးဆုံး အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့။ ပြီးတော့ အဲဒီဟာအောက်မှာ သူတို့အနေနဲ့ထင်တာ ဦးဖုန်းကျားရှင်တို့ ထင်ခဲ့တာက နအဖ စစ်အစိုးရအနေနဲ့ သူတို့ကို ဘာကိစ္စဖြစ်ဖြစ် ထောက်ထားလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ့်တကယ်ကြတော့ မဟုတ်ဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လုပ်တဲ့ကိစ္စမှာ ဘယ်သူမှ လက်မခံဘူး။ ကိုးကန့်လည်း လက်မခံဘူး။ “ဝ” တွေလည်း လက်မခံဘူး။ မုန်လားလည်း လက်မခံဘူး။ ဒါပေမဲ့ ဒီအထဲမှာ အင်အားအပျော့ဆုံးဖြစ်တဲ့ ကိုးကန့်ကို တိုက်ပြလိုက်တာ ဖြစ်တယ်။ ကျန်တဲ့လူတွေကို ကြောက်သွားအောင် တိုက်ပြလိုက်တာ။ အဲဒါကြောင့်မို့ သူတို့ ထွက်ပြေးသွားရတာ။ ဒါကို ဦးဖုန်းကျားရှင်တို့က နည်းနည်းမျှ မခံမရပ်နိုင် ဖြစ်ပြီးတော့ ပြန်ဝင်လာဖို့ လုပ်တာ။ ဇာတ်လမ်းက အဲဒီလို။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဟိုဖက်မှာ ဗုံးကျကွဲပြီးတော့ အရပ်သား (၄) ဦး သေတာကို မြန်မာပြည်မှာရှိတဲ့ ကိုးကန့်တွေက သူတို့ကို တရုတ် အထင်လွဲအောင် တမင်လုပ်တယ်လို့လဲ ပြောကြတယ်။ ဒီကိစ္စကို သံတမန်ချင်းတော့ ခေါ်ပြီး ပြောကြတာ ရှိပါတယ်။ လက်ရှိ အခြေအနေ၊ ဖြစ်ခဲ့တာကို ဘယ်လောက် သိရပါလဲ။ ဒေါ်လှကျော်ဇောတို့ အဲဒီနားဘက်မှာ နေတဲ့ပုဂ္ဂိုလ်တွေ။

ဒေါက်တာလှကျော်ဇော ။ ။ အခု နောက်ဆုံးအခြေအနေအရ သိရတာက လေတပ်က ကြဲတဲ့ဗုံးလို့ ပြောပါတယ်။ အဲဒါက တရုတ်ဘက်က ပညာရှင်တွေက စစ်ဆေးတာ။ ဒါကို မြန်မာ့တပ်မတော်ဘက်က လက်မခံဘူး။ အဲဒါကြောင့် သူတို့ဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်ပါရစေဆိုလို့ တရုတ်က လက်ခံထားပြီးတော့ တရုတ်အဖွဲ့ရယ်၊ ဗမာအဖွဲ့ရယ် ပူးပေါင်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ တရုတ်ဘက်ကတော့ ခိုင်ခိုင်မာမာ ရပ်နေတဲ့ အချက်တချက် ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တရုတ်-ဗမာ နယ်စပ်တလျှောက်မှာ တည်ငြိမ်ဖို့၊ အေးချမ်းဖို့ သူတို့ အစွမ်းကုန် ကြိုးစားမယ့် စကားတော့ ရပ်တည်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ အစိုးရရဲ့ မူဝါဒပေါ့။ ဒါပေမဲ့ ဦးဖုန်းကျားရှင်တို့ကလည်း တရုတ်လူမျိုးတွေ ဖြစ်နေတော့ တရုတ်ပြည်သူတွေကြားမှာ သနားကရုဏာသက်မှု ရအောင်ဆိုပြီးတော့ လူမှုမီဒီယာတွေကတဆင့် ဖြန့်ချီကြတယ်။ တချို့ကလဲ မြန်မာကို မုန်းမုန်းတီးတီး ဖြစ်နေကြတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေလေးကို နည်းနည်းပြောပါ။

ဒေါက်တာလှကျော်ဇော ။ ။ ဟုတ်ပါတယ်။ ဗမာလူမျိုးတွေကို အခုမှ မဟုတ်ပါဘူး တော်တော်ကြာကြာကတည်းက တရုတ်လူမျိုးတွေဖက်က တော်တော်ခံစားချက်မကောင်း ရှိခဲ့ပါတယ်။ ဒါက တရုတ်ရဲ့ မီဒီယာတွေမှာ၊ လူမှုရေးကွန်ရက်တွေမှာ အများကြီး တက်နေပါတယ်။ ဒါပေမဲ့ လူမှုရေးကိစ္စပဲဖြစ်ဖြစ်၊ အမျိုးသားရေးကိစ္စပဲဖြစ်ဖြစ် အစိုးရပါမှ ဒီကိစ္စတွေက ဖြစ်တာပါ။ တရုတ်အစိုးရရဲ့ တောက်လျှောက်လူမျိုးရေးကိစ္စတွေ၊ အမျိုးသားရေးကိစ္စတွေကို ဖြေရှင်းတဲ့နည်းလမ်းတွေကို ကြည့်တဲ့အခါမှာ သူတို့က အမျိုးသားရေးကိစ္စတို့၊ ဘာတို့တွေ ပေါ်လာရင် သူတို့က လက်ဦးမှုရှိရှိနဲ့ အရင်ရှင်းလင်းပေးတာ ရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နဲ့ ကိစ္စလိုဟာမျိုး။ ဂျပန်ကို လူမျိုးရေးအရ အင်မတန်ကိုမှာ နာကျည်းမှုတွေ တော်တော်ပြင်းပြင်းထန်ထန် ရှိတယ်။ အဲဒီတော့ တခါတလေကျရင် အဲဒီမှာ လူမှုရေးကွန်ရက်တွေမှာ ဂျပန်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ ပြောတတ်တာတွေ ဘာတွေရှိတယ်။ အဲဒါမျိုးမှာ တရုတ်အစိုးရက လက်ဦးမှုရှိရှိနဲ့ ဒီလို သပိတ်မှောက်တာဟာ နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာတယ်။ ဒါမျိုး မလုပ်သင့်ဘူး။ ပြည်သူအချင်းချင်းကြားမှာ ပဋိပက္ခ မရှိစေရဘူးနဲ့ သူတို့က လက်ဦးမှုရှိရှိ ဖြေရှင်းတတ်တယ်။ အခုလဲ ကျမကြည့်တယ်။ ဒီမှာ ခင်များ ပြောသလိုပဲ ကိုးကန့်လူမျိုးတွေ၊ ဦးဖုန်းကျားရှင်တို့ ကိုးကန့်လူမျိုးဟာ ယူနန်မျိုးဆက်တွေ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀) လောက်ကမှ ဒီဘက်ကနေ ဟိုဘက်ကို ပြေးသွားကြတာ။ အဲဒါကြောင့်မို့ ဒီဘက်ဟိုဘက် ဆွေမျိုးတွေ ရှိကြတယ်ဆိုတာ အမှန်ပဲ။ ခင်များ မှတ်မိလိမ့်မယ်။ ကေအိုင်အေနဲ့ ဖြစ်တဲ့ မနှစ်က ပွဲတုန်းက ကေအိုင်အေ ကချင်တွေ အများကြီး ပြေးလာတယ်။ ပြေးလာတာကို တရုတ်က သူ့နယ်မြေထဲမှာ လုံးဝ အဝင်မခံဘူး။ တရုတ်ဘက်ကမ်းမှာရှိတဲ့ ကချင်လူမျိုးတွေက သူတို့ဘာသာ သူတို့စုပြီး သူတို့အစိုးရကို မရမကပြောပြီး အဖွဲ့အသီးသီးနဲ့ ကူညီခဲ့ကြတာ ဖြစ်တယ်။ အဲဒီတော့မှာ တရုတ်က ဖွင့်ပေးပြီး၊ ကချင်ဒုက္ခသည်တွေကို လက်ခံတယ်။ ဒီတခါကျတော့ အဲဒါကို သင်ခန်းစာယူပြီး စောစောစီးစီး အရင် လက်ခံခဲ့တယ်။ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးခဲ့တယ်။ သို့သော် ဒီထက်ပိုတဲ့ ကိစ္စတွေ ဖြစ်လာအောင်လို့တော့ သူတို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခုတိုက်ပွဲမှာကြည့်ရင် ဗမာစစ်တပ်ဖက်က အထိအခိုက် အကျအဆုံး တော်တော်များတယ်လို့ တွေ့ရပါတယ်။ ကိုးကန့်မှာ လူတွေ အရင်က ထင်ခဲ့သလို တရုတ် မရှိဘူး။ ဗမာပြည် ကွန်မြူနစ်ပါတီလည်း သူတို့နဲ့ မဟုတ်တော့ဘူး။ သူတို့က အဲဒီက ခွဲထွက်ပြီး လာခဲ့တာဆိုတော့ ဘယ်လို အင်အားတွေရပြီးတော့ မြန်မာ့တပ်မတော်ကို ခုခံနိုင်နေသလဲဆိုတာကို စဉ်းစားမိပါတယ်။

ဒေါက်တာလှကျော်ဇော ။ ။ ကျမ စဉ်းစားတာက ဒီလို ဗမာတပ်မတော်က ငြိမ်းချမ်းရေး ယူထားတာ (၁၇) နှစ်ရှိပြီ။ အဲဒီ (၁၇) နှစ်၊ (၁၈) နှစ်အတွင်းမှာ ငြိမ်းချမ်းရေး ယူထားတဲ့တပ်ဟာ စစ်တိုက်ရမှာကို တော်တော်ကို ခက်ခဲသွားပြီ။ နောက်တခုက ဗမာတပ်မတော်မှာ ဖြစ်ပျက်နေတာက အောက်ခြေရဲဘော်လေးတွေရဲ့ နေထိုင်စားသောက်ရေး အတော်ကို ခက်ခဲစဉ်းစားကြတာ ဖြစ်တယ်။ ရှေ့တန်းမှာပဲ ဖိထားတော့ သူတို့ပြောတဲ့စကား ရှိတယ်။ ဖိအားတွေ အင်မတန်ကြီးတယ်။ ဒါကြောင့်မို့ အရပ်သူ အရပ်သားတွေကို နှိပ်စက်တာ၊ ရက်စက်တာ၊ ခိုးဆိုးလုယှက်တာတွေ တပုံကြီးဖြစ်တာ။ ထို့အတူပဲ ကေအိုင်အေဖြစ်ဖြစ်၊ ကိုးကန့်တပ်ဖြစ်ဖြစ် ဒီဘက်က လူတွေက ကိုးကန့်တပ်ကို ၂၀၀၉ ခုနှစ် နအဖ တပ်က ဝင်တိုက်လိုက်ပြီးတဲ့နောက် ရက်ရက်စက်စက် နှိပ်စက်တာဖြစ်တယ်။ ရက်ရက်စက်စက် ပစ္စည်းပစ္စယတွေ လုယှက်တာ ဖြစ်တယ်။ အဲဒီဟာက ငြိမ်းချမ်းရေး ရယူထားတယ်ဆိုတဲ့ အဖွဲ့တွေအားလုံးကို မျက်စိပွင့်သွားစေတယ်။ ဒီ စစ်အစိုးရက ဘာမှ ယုံကြည်ရမှုမရှိဘူး။ ငါတို့ကိုယ် ငါတို့ ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတဲ့ အသိကို ပေးလိုက်သလို ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက ကိုယ့်လက်နက်ကိုယ် စုတယ်။ ကိုယ့်လက်နက်ကိုယ် ကိုင်ထားတယ်။ ဒါတွေကို ဘယ်တော့မှ မစွန့်တောဘူးဆိုတဲ့ စိတ်မျိုးတွေ ဝင်သွားတာ ဖြစ်တယ်။ အဲဒီတော့ လက်နက်ဆိုတာကလဲ နယ်စပ်ဒေသတွေမှာ ဝယ်ချင်သလို၊ ဝယ်လို့ရတယ်။ ခင်များ ကြားမယ်ထင်တယ် … တရုတ်ပြည်မှာ လာဘ်ယူလာဘ်စား ကိစ္စတွေနဲ့ ဗိုလ်ချုပ်တွေ အယောက် (၃၀) ရှိပြီ ဖမ်းရတာ။ အဲဒီ ယိုးပေါက်တွေက အများကြီးရှိတယ်။ ပိုက်ဆံရှိလို့ကတော့ အကုန် ဝယ်လို့ရတယ်။ သူတို့တွေက အဲဒီ အသိနဲ့ နိုင်ငံရေးအသိနဲ့ စုဆောင်းထားတဲ့ လက်နက်တွေ။ အခု ကိုးကန့်နဲ့ ဖြစ်ကြမှ ဘာဖြစ်လို့ စစ်သည်တော်တွေ သေကြေတာတွေ ပြောသလဲ။ တကယ်တော့ ကြာလှပြီ။ အစောကြီးကတည်းက ကျမတို့နဲ့ တိုက်ခိုက်တုန်းကလဲ ရာနဲ့ချီ ကျသေခဲ့တာပဲ။ ကေအိုင်အေနဲ့ တိုက်တုန်းကလဲ ရာနဲ့ချီ ကျခဲ့တယ်။ အဲဒီတုန်းက မပြောဘဲနဲ့ ကိုးကန့်နဲ့ကြမှ ပြောသလဲဆိုတာ သိပ်ထူးဆန်းတယ်။ ကျမ ထင်တာကတော့ ဗမာစစ်တပ်အနေနဲ့ အမေရိကနဲ့ သိပ်ဆက်ဆံရေး ကောင်းချင်တယ်။ အဲဒီလို ဆက်ဆံရေး ကောင်းချင်တဲ့အတွက်ကို တရုတ်ကို demonize လုပ်ပြစ်တာ။ တရုတ်ကို ကြောက်စရာသတ္တဝါကြီး လုပ်ပြီးတော့ တမင်သက်သက် လုပ်နေတယ်လို့ ကျမ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီအခုပွဲက စစ်ရေးနဲ့ပဲ သွားပြီးတော့ အဖြေတော့ မပေါ်ဘူးပေါ့။ ညှိနှိုင်းရပ်စဲကောင်း ဖြစ်မယ်။ နိုင်ငံရေးအဖြေကတော ပေါ်မှာမဟုတ်ဘူးဆိုတော့ အဖြေရအောင်၊ ပြေလည်မှုရအောင် ဘယ်လို ဖြစ်နိုင်မယ်ထင်လဲ။ တရုတ်က ဝင်စေ့စပ်ပြီးတော့ ခင်များတို့ နှစ်ဖက်ဆွေးနွေးကြပါဆိုတာမျိုး ဖြစ်လာနိုင်မယ် ထင်ပါလား။ တရုတ် သဘောထား အဲဒီလို ဖြစ်လာနိုင်လား။

ဒေါက်တာလှကျော်ဇော ။ ။ တရုတ်ကတော့ ဒီနယ်စပ်မှာရှိတဲ့ လူတွေအားလုံးကို စေ့စပ်ဆွေးနွေးပါလို့ ပြောနေတာပဲ။ သူက ကျမ အခုနပြောသလိုပဲ တရုတ်-ဗမာ နယ်စပ်မှာ ငြိမ်းချမ်းစေချင်တယ်။ တည်ငြိမ်စေချင်တယ်။ ဒီအတွက် အစွမ်းကုန် ကြိုးစားမယ်လို့ တနေ့ကပဲ ဝန်ကြီးချုပ် ပြောသွားတယ်။ နယ်စပ်တလျှောက် တည်ငြိမ်ဖို့ဆိုတာက လက်နက်ကိုင် အင်အားစုတွေ လူမျိုးစု အဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှဖြစ်မယ်။ အဲဒီဟာ ဖြစ်မြောက်ရေးအတွက် ဝိုင်းပြီးတော့ တွန်းမှာပဲ။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလဲ တရုတ်ကိုယ်စားလှယ် လွှတ်ပြီးတော့ ဆွေးနွေးနေတာပဲ။ လေ့လာသူအဖြစ် ဝင်ရောက်တက်ရောက်နေတယ်။

XS
SM
MD
LG