သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေပြင်းထန်


PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော TNLA တပ်သားများ
PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော TNLA တပ်သားများ

ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေမှာ စစ်ကောင်စီနဲ့ TNLA-PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်မှုတွေ ဆက်ရှိနေပါတယ်။ ၃ရက်တာ တိုက်ပွဲအတွင်းမှာတော့ TNLA က နောင်ချိုနဲ့ ကျောက်မဲမြို့က အစိုးရဌာနအချို့ကို သိမ်းယူခဲ့သလို စစ်ကောင်စီတပ်စခန်း ၂ ဒါဇင်ခန့်သိမ်းယူခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး လက်နက်ချကြောင်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်ရဲ့ တိုက်ပွဲနောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေရဲ့ ၃ရက်မြောက်နေ့ တိုက်ပွဲမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့မှာ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ TNLA ပူးပေါင်းတပ်တွေသိမ်းလိုက်တဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိခဲ့ကြောင်းနဲ့ Crown ဘိလပ်မြေစက်ရုံမှာ လက်နက်ကြီး ကျည်ကျတာတွေရှိခဲ့ကြောင်း PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူ တဦးက VOA ကို အခုလို ပြောပါတယ်။

“ မြို့ပြင်က ၆၀၆ ဒုံးတပ်ကို သိမ်းတာ။ သိမ်းတော့ စကစက လေယာဉ်နဲ့ လာကြဲသွားတယ်။ ဂျက်ဖိုက်တာနဲ့။ ဒီနေ့မနက်ပဲ ၅လုံးကြဲသွားတာပေါ့။ နောက် Crown ဘိလပ်မြေစက်ရုံ အကြီးကြီး အဲဒီအထဲ မစ်ဇိုင်းလှမ်းထုတာ အဲဒီထဲကျတာ ၄လုံး။ တာဝေးပစ်လက်နက်ကြီး ၄လုံးကျတာ။ ဘွိုင်လာပေါ်သွားကျတယ်ပြောတယ်။ ဘွိုင်လာ စက်ပေါ်။ အပျက်အစီးကတော့ မသိသေးဘူး။ လူအသေအပျောက်လည်း မသိသေးဘူး။ ”

TNLA ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို ထိန်းချုပ်ထားတာကြောင့် မြို့အတွင်းကိုလည်း လေကြောင်းက ဗုံးကြဲတာတွေ ရှိနေကြောင်း ဆက်ပြောပါတယ်။

“ မိုးဇလရုံးနဲ့ နောင်ချို ပြည်သူ့ဆေးရုံ ဗုံးကြဲတယ်။ တော်လှန်ရေးအဖွဲ့တွေ ဆုတ်ပြီးတဲ့အချိန်မှ ကြဲတာဆိုတော့ အထိအခိုက်မရှိဘူး။ လွတ်သွားတာ။”

ပြည်သူတွေ ထိခိုက်တဲ့ သတင်းလည်း မကြားရကြောင်းနဲ့ ပြည်သူအများစု နောင်ချိုမြို့ကို စွန့်ခွာ တိမ်းရှောင်နေကြကြောင်းလည်း ပြောပါတယ်။ ကျောက်မဲဒေသခံတဦးကလည်း ကျောက်မဲမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို မနေ့ကလည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပြောပါတယ်။

“ ကျောက်မဲကတော့ ဒီမနက် ၆နာရီက စပြီးတော့ တိုက်ပွဲတော်တော်လေး ပြင်းထန်ပါတယ်။ အခုဖြစ်နေတာက ၅၀၁။ ၅၀၂ ဘက်မှာ တိုက်ပွဲတွေ တအားဖြစ်နေတာ။ ၅၀၁၊ ၅၀၂ တပ်ပေါ့။ မနေ့ကတော့ ရဲစခန်းမှာတော့ တိုက်ပွဲ တော်တော်လေး ပြင်းထန်တာပေါ့။ ၂နာရီ ဝန်းကျင်လောက် တိုက်ပွဲဖြစ်ပြီးမှ စခန်းကို သိမ်းသွားတာပေါ့။ မနေ့တုန်းက။ ”

PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော လက်နက်ချ စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၇)ဦး
PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော လက်နက်ချ စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၇)ဦး

ဒီကနေ့တော့ မြို့အတွင်းမှာ လက်နက်ကြီးကျည်ကျတာကြောင့် လူ ၂ယောက် ထိခိုက်တယ်လို့ သိရကြောင်း လည်း ပြောပါတယ်။

“ မြို့ထဲလို့ပဲ ပြောရမှာပေါ့။ သူက ရပ်ကွက်ထဲ ကျတာကို၊ မြို့ဧရိယာထဲ ကျတာကိုး။ ကျတာ အခု လောလောဆည်တော့ လူ၂ယောက် ထိခိုက်ဒဏ်ရာ ရထားတယ်။ ဒဏ်ရာတော့ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့လည်း ပြင်းထန်တယ်ပေါ့ တယောက်က။ တယောက်ကတော့ သိပ်မပြင်းထန်ဘူး။ ထိခိုက်ဒဏ်ရာရမှုတော့ ရှိတယ် အဲလိုမျိုးတော့ ရှိတယ်။”

မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ဘက်မှာတော့ ဒီကနေ့ မနက်ကတည်းက ပစ်ခတ်သံတွေကြားနေရပြီး လေကြောင်းကလည်း ဗုံးကြဲတာတွေရှိနေပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးတယ်လို့ ကြားသိရကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ဒီနေ့ အခြေအနေ မနက်ကတည်းက ပစ်နေတာ။ မိုးကုတ်အနောက်ပိုင်းကျပ်ပြင်။ လေယာဉ်နဲ့လည်း ပစ်သွားတယ်ဗျ။ လေယာဉ်က ၃ကြိမ်လောက် လာတယ်ဗျ။ အရပ်ထဲလည်း ကျတယ်ဗျ။ ကျပ်ပြင်ဈေးရပ်ကွက် ကျတယ်။ ကျပ်ပြင်မြို့မထဲလည်း ကျတယ်။ ဟို ကမ္ဘာအေးမှာလည်း ကျတယ်။ လူးထမှာလည်း ကျတယ်။ လူးထ ရပ်ကွက်ခေါ်တယ်။ ၄ရပ်ကွက်လောက် ကျတယ်ဗျ။ ကျပ်ပြင်ရဲစခန်းလည်း မီးလောင်သွားပြီတဲ့။ ကသည်း လူးထရပ်မှာ မိန်းကလေး တယောက် သေဆုံးတယ်တဲ့။ လေယာဉ်သံကြားရင်တော့ ကိုယ့်အိမ်ထဲကိုယ် ဝင်နေရတာလေ။ ကျနော်ပြောနေတုံးကို လက်နက်ကြီးက ပစ်နေတာဗျ။ မကြာ မကြာ ပစ်နေတာ ၅မိနစ်တခါလောက်။ ၁၀မိနစ်တခါလောက်ကို ပစ်နေတာလေ။ ”

ဒီကနေတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLA ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ TNLA ပြန်ကြားရေးဌာနရဲ့ တယ်လီဂရမ်စာမျက်နှာမှာတော့ ဒီနေ့မနက် ၈နာရီလောက်မှာ မိုးကုတ်မြို့ အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၈ စခန်း၊ မနက် ၅နာရီမှာ ကျောက်မဲမြို့ ခမရ ၅၀၁နဲ့ ၅၀၂ ၊ မနက် ၆နာရီလောက်မှာ နောင်ချိုမြို့ ခမရ ၁၁၄ နဲ့ ၆၀၆ ဒုံးတပ်ရင်း စခန်း စတာတွေကို TNLA က တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီလ ၂၅ရက်နေ့က စတင်လိုက်တဲ့ "၁၀၂၇စစ်ဆင်ရေး အပိုင်း-၂" တိုက်ပွဲတွေ အတွင်းမှာ TNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်း ၂၄ခု၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးနဲ့ အတူ လက်နက်ခဲယမ်း အများအပြား သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲသတင်းကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG