သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာတိုက်ပွဲ အရပ်သားတချို့ထိခိုက်သေဆုံး ဒေသခံ ၇,၀၀၀ ကျော်တိမ်းရှောင်


မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေစဉ် (မတ် ၁၃-၁၆၊ ၂၀၂၃)
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေစဉ် (မတ် ၁၃-၁၆၊ ၂၀၂၃)

မန္တလေးတိုင်း မတ္တရာမြို့နယ်တိုက်ပွဲတွေအတွင်း အရပ်သားကလေးငယ် သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။ မတ္တရာမြို့နယ်ထဲ စစ်ဘေးရှောင် ၇,၀၀၀ လောက်ရှိနေပြီး ကျန်းမာရေး အခက်အခဲတွေလည်း ကြုံနေရပါတယ်။ မတ္တရာမြို့နယ်ထဲက စစ်ဘေးရှောင်အခြေအနေ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဇွန်လ ၂၅ ရက်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ TNLA/PDF ပူးပေါင်းတပ်တွေကြား မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ TNLA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက် နေပြီး စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးအပြင် လေကြောင်းကနေ တိုက်ခိုက်တာတွေပါရှိနေတယ်လို့ သိရပါတယ်။

လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"၂၅ ရက်နေ့မှာပဲ စကစ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ အဲ့ ၄ ဦးထဲမှာ အသက် ၂ နှစ်အရွယ်သာရှိတဲ့ကလေးတဦးက ဦးခေါင်းခွံ ပြတ်ပြီးသေသွားတယ်လို့ သိရှိတယ်ပေါ့။ အသက် ၅ နှစ်ထဲက ကလေးတယောက်ဆိုရင် ပေါင်ပါ ဖြတ်လိုက်ရတယ်လို့ သိရတယ်။ ကျန်တဲ့ကလေး ၂ ယောက်မှာလည်း ထိခိုက်ဒဏ်ရာ ပြင်းပြင်းရခဲ့တယ်လို့ သိရပါတယ်။ ၂၇ ရက်မှာဆိုရင် စကစ က ရှမ်းမြောက် ကျောက်မဲလေးကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ် အုတ်ဖိုရွာသစ်ကျေးရွာက ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ပေါ့။ ၂၅ ရက်ကနေ ဒီကနေ့အထိ စကစ ကဆိုရင် မတ္တရာမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုမျိုးစုံ လုပ်တယ်။ မနေ့ကဆိုရင် မတ္တရာမြို့ ဘောလုံးကွင်းကနေ ၁၂၂ မမ ရော့ကတ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေရှိခဲ့တယ်။"

တိုက်ပွဲကြောင့် ဒေသခံ ၇,၀၀၀ ကျော် ၈,၀၀၀ ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကျေးရွာတွေဘက်ကို ကျရောက်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ကြရတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေထဲ ဖျားနာသူတွေရှိနေပြီး ကျန်းမာရေး အခက်အခဲတွေလည်း ကြုံနေတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

"အရင်ကတော့ စစ်ကြောင်းထိုးတာ။ အခုကျတော့ သူတို့ကဝင်လာပြီး တိုက်ပွဲဖြစ်ကြတာ။ ၇ ရက်လောက်တော့ရှိပြီ။ ဒီမှာ ထိတွေ့ဖြစ်နေတာ။ ထိတွေ့ဖြစ်တာတွေကော၊ မြို့ပေါ်က လက်နက်ကြီး ပစ်တာတွေကောပေါ့။ လက်နက်ကြီးနဲ့လည်းပစ်တယ်။လေယာဉ်နဲ့လည်း ကြဲတယ်လေ။ အဲ့တော့ ပြည်သူတွေအကုန်လုံးက အောက်ပိုင်းနားဆင်းနေရတာပေါ့။ မြို့နား နည်းနည်းကပ်နေရတာပေါ့။ ပြန်ဖို့အစီအစဉ်က ပြန်လို့မရသေးဘူး။ ကျန်းမာရေးက လက်ရှိ ဒီအနေအထားက အဖျားအနာလေးတွေတော့ ရှိတာပေါ့။ ဆရာဆရာမတွေက ပွဲကဖြစ်နေတော့ ဆရာဆရာမတွေက မရှိကြဘူး။ အဲ့ဒါလေးတွေတော့ နည်းနည်း အခက်အခဲလေးတွေတော့ ရှိတာပေါ့။အဲ့တော့ ဖြစ်သလိုပေါ့ နည်းနည်းပါးပါး သိပ်မကျွမ်းကျင်တဲ့ဟာလေးတွေ အပ်လေး နည်းနည်းပါးပါး ထိုးတတ်တဲ့သူလေးတွေပေါ့ တော်တော်ဆိုးဆိုးရွားရွားဖြစ်ရင်တော့ မြို့သွားကြတာပေါ့။ မြို့သွားရင်တော့ရတယ်။ မြို့က တအားကြီး ခက်ခဲနေတယ်။ အဲ့မှာက ဂိတ်တွေက တအားချထားပြီလေ။ အစစ်ဆေးတွေက တအားများတာလေ။ အဲ့လိုလေးတွေ လမ်းကြောတွေက အဆင်မပြေဘူး။ သွားလာရတာ ညရေးညတာဆို ပိုဆိုးပေါ့။"

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာအချို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့လည်းသိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG