သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်တို့မှာ တိုက်ပွဲတွေပြင်းထန်


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားသည့်ဓါတ်ပုံ
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားသည့်ဓါတ်ပုံ

မန္တလေးတိုင်း၊ မတ္တရာမြို့အနီးက ကျေးရွာတွေမှာ စစ်တပ်နဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူဘဲ မိုးကုတ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ မန္တလေးတိုင်းကအတွင်းက တိုက်ပွဲ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နဲ့ ၄ မိုင်အကွာ မန္တလေး-မတ္တရာလမ်းဘေးက ကျောက်တံတား ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အကြားက တိုက်ပွဲတွေဟာ ဇူလိုင် ၁၄ ရက်၊ မနေ့ကစပြီး ဒီကနေ့အထိ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိပြီး တိုက်ပွဲပြင်းထန်တယ်လို့ မတ္တရာ ဒေသခံတဦးက အခုလို ပြောပါတယ်။

"မနေ့က တနေကုန် မတ္တရာအရှေ့ဘက် ကျောက်တံတားဆိုတာရှိတယ်။ အဲ့ကျောက်တံတားမှာ တနေကုန်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ ညနေပိုင်းလောက်ကျတော့ လေယာဉ်တွေကော ရဟတ်ယာဉ်တွေကော လာပစ်တာပဲ။ မနေ့ညက ၁၂ ကျော်ကျော်လောက်မှာ ၇ ခါလား ၈ ခါလားမသိဘူး အဲ့ကျောက်တံတား တရွာလုံး ဗုံးလာကြဲသွားတာပဲ။အဲ့ကျောက်တံတားမှာက တပ်ရှိတယ်လေ။ ဒီနေ့က မနက်အစောကတော့ ဖြစ်နေတာပဲ။ အခုနည်းနည်းငြိမ်သွားပြီ အဲ့ကျောက်တံတားမှာ။"

ကျောက်တံတား ကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ထိခိုက် ဒဏ်ရာရတဲ့အခြေအနေကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၁၁ ရက်ကလည်း မတ္တရာမြို့မြောက်ဖက် ၃ မိုင်အကွာက တံငါသည်ရွာမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ဘက်က ထုတ်ပြန်ထားပါတယ်။

မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ထုတ်ပြန်ထားတဲ့ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည့်ပုံ
မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ထုတ်ပြန်ထားတဲ့ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည့်ပုံ

မန္တလေးတိုင်းထဲကပဲ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ မိုးကုတ်အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ မဟာမိတ်တပ်တွေဟာ မိုးကုတ်မြို့အရှေ့ပိုင်းကိုလည်း ထိုးစစ်ဆင်နေတယ်လို့ မိုးကုတ်ဗျူဟာ စစ်ဦးစီးချုပ်အဖွဲ့ဝင် ကိုဝေမိုးကျော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"မိုးကုတ်ဗျူဟာတပ်ရဲ့ နောက်ဆုံး တိုက်ပွဲအခြေအနေကတော့ စဉ့်ကူးဘက်မှာတော့ ၁-၂-၃ တပ်ရင်းတော့ ရှိတယ်။ တချို့ ဖြတ်တောက်ရေးအပိုင်းမှာ ပါဝင်ပေးထားတာပေါ့။ အပေါ်မှာတော့ တပ်ရင်း ၄ရင်းကတော့ မိုးကုတ်အနောက်ပိုင်းမှာတော့ ရရှိပြီးသွားပြီ။ မိုးကုတ်အရှေ့ပိုင်းဆက်လက်ကြိုးပမ်းနေတယ်။ ဒါကတော့ မိုးကုတ်ဗျူဟာရဲ့ နောက်ဆုံးအခြေအနေပါ။"

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ အကောင်အထည်ဖေါ်နေတဲ့ ရှမ်း-မန်း စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်က စဉ့်ကူး-မတ္တရာ-မိုးကုတ် မြို့နယ်တွေကို TNLA တအာင်းမျိုးသားလွတ်မြောက်ရေးတပ်၊ PDF (မန္တလေး) နဲ့ မိုးကုတ်ဗျူဟာအပြင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့အပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရအောက်မှာရှိတဲ့ အခြားကာကွယ်ရေးတပ်ရင်းတွေက ပူးပေါင်းပါ၀င်ပြီး စစ်ကောင်စီတပ်တွေ တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား သေဆုံးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ နှစ်ဖက် အကျအဆုံးတွေရှိပေမဲ့ အရေအတွက်ကိုတော့ ဗွီအိုအေအနေနဲ့ သီးခြားစုံစမ်းလို့ မရသေးပါဘူး။ တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်ဖမ်းဆီးရမိတာ၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတွေရှိကြောင်း တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်တာတွေ ရှိပေမယ့် စစ်ကောင်စီက ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG