သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စဉ့်ကူးမြို့နယ် တိုက်ပွဲတွေအတွင်း ဒေသခံအချို့ ထိခိုက်သေဆုံး


မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ နေအိမ်တချို့
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ နေအိမ်တချို့

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတချို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေကို စစ်ကောင်စီက တုံ့ပြန်ရာမှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ မန္တလေးတိုင်းက စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မန္တလေး မိုးကုတ် လမ်းပေါ်က ပင်လယ်ကြီး စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ လက်ပန်လှရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဇူလိုင် ၁ ရက်ကစ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇူလိုင်လ ၄ ရက်မှာတော့ တိုက်ပွဲတွေပိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

"ပင်လယ်ကြီး စစ်တပ်ဂိတ်ရယ်။ လက်ပန်လှစခန်းရယ် မန္တလေး မိုးကုတ်လမ်းမှာ အဲ့နေရာတွေက အဓိက နေရာတွေပေါ့။ ၇ နာရီလောက်ကစပြီး လေယာဉ်တွေ စလာကြဲတယ်။ ဂျက်ဖိုက်တာ ၁ စီး ဟယ်လီကော်ပတာ ၁ စီးရယ် လာကြဲတယ်။ အခုလောလောဆယ် အပေါ်မှာ လေယာဉ် ၂ စီးလာနေတယ်။ အခုကို ပစ်နေတာ ကြားလားမသိဘူး။ အဲ့မှာ စက်သေနတ်တွေနဲ့ ပစ်နေတာ။ အရင်နေ့ကလည်း တနေကုန် နီးနီးပစ်နေတာ။ ၁ နာရီ ၂ နာရီဝန်းကျင်လောက်မှာ သတင်းရလို့ခင်ဗျ။ ပင်လယ်ကြီးက သိမ်းသွားပြီလို့ အတည်ပြုလို့ရတဲ့ သတင်းရတယ်။ ပင်လယ်ကြီးစခန်းက သိမ်းလိုက်ပြီ ရဲတွေက မီးရှို့ပြီးတော့ ထွက်ပြေးသွားတယ်လို့ သတင်းရတယ်။ အရပ်သား(သေ) က ၆ ယောက် ၇ ယောက်လို့ကြားတယ်။ လက်နက်ကြီး မှန်တာပေါ့ဗျာ။ "

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ နေအိမ်တချို့
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ နေအိမ်တချို့


ဒီကနေ့ လက်ပန်လှ ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကို စစ်ကောင်စီက လေကြောင်းကနေ တုံ့ပြန်ခဲ့တာကြောင့် အနီးအနားက လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စဉ့်ကူးမြို့နယ်က စစ်ကောင်စီစစ်စခန်း အနည်းဆုံး ၆ ခုကို ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေဟာ နောက်ထပ် ပစ်မှတ်တွေကိုလည်း ဆက်လက် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီက လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံ မန္တလေး ကာကွယ်ရေးတပ်ဖွဲ့က ကိုအော်စမန်က ပြောပါတယ်။

"စဉ့်ကူးမြို့က လက်ရှိမှာ စခန်း ၆ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စခန်းတွေကိုလည်း ထိုးစစ်ဆင်နေပါတယ်။ ရန်သူ့ဘက်ကတော့ လေကြောင်းကိုပဲ အဓိက အားထားပြီး ပြုလုပ်နေတာတွေ့ရတယ်။ မြေပြင်စစ်ကူတော့ လာရောက်တာမျိုး မတွေ့ရတော့ဘူး။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရှိထားပါတယ်။ အချက်အလက် တိတိကျကျ ရဖို့ ကောက်ယူနေပါတယ်။"

မိုးကုတ် မန္တလေး လမ်းပေါ်က အချက်အခြာကျတဲ့ ပင်လယ်ကြီး စစ်ဆေးရေးဂိတ် အပါအဝင် စဉ့်ကူးမြို့နယ်က စစ်ရေးပဋိပက္ခတွေနဲ့ ထိခိုက်သေဆုံးမှုတွေအတွက် ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသေးပါဘူး။ အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကတော့ အပြန်အလှန် စွပ်စွဲလေ့ ရှိပါတယ်။

၁၀၂၇ ဒုတိယလှိုင်း နောက်ဆက်တွဲအဖြစ် ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မကြာသေးခင်ကစ စစ်ကောင်စီ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ချိန်မှာပဲ မန္တလေးတိုင်းထဲမှာလည်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။ တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတာကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စိုးရိမ်နေကြပါတယ်။

Forum

XS
SM
MD
LG