သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမှာ စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်


လားရှိုးမြို့ပေါ်တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပြီး ဒေသခံတချို့သေဆုံး (ဇူလိုင် ၃၊ ၂၀၂၄)
လားရှိုးမြို့ပေါ်တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပြီး ဒေသခံတချို့သေဆုံး (ဇူလိုင် ၃၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အချာကျတဲ့ လားရှိုးမြို့ သိမ်းပိုက်နိုင်ရေး MNDAA ကိုးကန့်တပ်က ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အင်္ဂါနေ့ည သန်းခေါင်အချိန်ကစတင် မြို့အနီးတဝိုက် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်က မြေပြင်က လက်နက်ကြီးနဲ့ရော လေကြောင်းအကူတွေနဲ့ပါ ပြန်လည် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လားရှိုးနဲ့ လားရှိုး-တန့်ယန်းသွားလမ်းက နမ့်ပေါင်မှာ အရပ်သားတချို့ သေဆုံးတာတွေ ရှိခဲ့ပြီး လားရှိုးလေဆိပ်လည်း ပိတ်ထားရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ဇွန်လ ၂၉ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒီလ ၂ ရက်နေ့ ညသန်းခေါင်အချိန်က စတင်ပြီး MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။ လားရှိုးမြို့ ဝန်ကျင်မှာ ဖြစ်ပွားနေတဲ့ လက်ရှိ တိုက်ပွဲအခြေအနေကို လားရှိုးဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့ညက ၁၀နာရီလောက်အချိန်မှာ စစချင်းတိုက်တာက မန်ဆန်ရေကျနားမှာ စတိုက်တယ်။ တိုက်ပြီး ဒီ ရှန်ခိုက်နားမှာရှိတဲ့ လေ့ကျင့်ရေးတပ်စခန်းပေါ့။ အဲဒီမှာ တိုက်တယ်။ ဒီနေ့မနက်ကျ နမ္မတူ ထွက်တဲ့ဘက် အီနိုင်းဘက်မှာ တိုက်တယ်။ လားရှိုးရဲ့ အနောက်မြောက်ပေါ့ဗျာ။ ပြီးတော့ လားရှိုးမြို့ အရှေ့ဘက် မိုင်းယော်တက်တဲ့လမ်းမှာလည်းဖြစ်တယ်။ ပြီးတော့ လားရှိုးနဲ့ သိန္နီလမ်းမကြီး ကျိုးသွားတဲ့ နယ်စပ်တံတားမှာရှိတဲ့ တပ်မကိုလည်း ဝင်တိုက်တယ်။ နောင်မွန်ရဲစခန်းရော၊ နောင်မွန်စာသင်ကျောင်းမှာ စောင့်တဲ့ တပ်စခန်းရော ဒါလည်း တိုက်တယ်။ ပြီးတော့ နမ့်ပေါင်မှာလည်း တိုက်တယ်။ နမ့်ပေါင်မှာတော့ ဒီနေ့ မနက် လေယာဉ်နဲ့ကို ကြဲရတယ်ပေါ့နော်။ ပြီးတော့ လားရှိုးမြို့ရဲ့ အရှေ့တောင်အရပ်မှာရှိတဲ့ မန်အိုင် ရပ်ကွက် ၅ အထက် အဲဒီဘက်မှာလည်း တိုက်တယ်။ ပြောမယ်ဆိုရင်တော့ မြို့ ပတ်ပတ်လည်ဖြစ်သွားတာပေါ့။ ”

MNDAA နဲ့ ပူးပေါင်းတပ်တွေက မြို့ပတ်လည်ကို စီးနင်းတိုက်ခိုက်ချိန်မှာ လားရှိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လှန် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ စောစောက ဒေသခံက ဆက်ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း၈နာရီ ဝန်းကျင်မှာတော့ လားရှိုးမြို့ ရပ်ကွက် ၁ ဗျူဟာလမ်းမှာ လက်နက်ကြီး ကျည်ကျတာကြောင့် ကလေးငယ်တွေအပါအဝင် လူ ၆ယောက်သေဆုံးခဲ့သလို နမ့်ပေါင်မှာလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့ကြောင်း လားရှိုးဒေသခံက ပြောပါတယ်။

“၁၀၇ ရှော့တိုက်ဒုံးကျည်လို့တော့ ပြောတယ်။ ၆ ယောက်သေပါတယ်။ ကလေး ၃ ယောက်၊ လူကြီး ၃ ယောက်။ ထိုင်ပြီးတော့ ထမင်းစားနေတဲ့အချိန်မှာ အဲဒီ ဗျူဟာလမ်းထဲမှာပေါ့လေ။ ရပ်ကွက် ၁ ဗျူဟာလမ်းထဲပေါ့။ ရှော့တိုက်ဒုံး ဟုတ်လား။ မဟုတ်ဘူးလားဆိုတာတော့ အတည်တော့ မပြုဘူးပေါ့နော်။ သေချာတာကတော့ လက်နက်ကြီးကျလို့ သေတာကတော့ သေချာတယ်။ နမ့်ပေါင်မှာကတော့ ပြည်သူကတော့ တယောက်သေတယ်။ ၂ယောက်ဒဏ်ရာရတယ် အဲဒီမှာ။ လေယာဉ်နဲ့ ဗုံးကြဲတယ်ထင်တယ်။ သူတို့ တမနက်လုံးကြဲနေတာကို အဲဒီဘက်။ ”

နမ့်ပေါင်ရွာဟာ မိုင်းရယ်နဲ့ တာယန်းသွားတဲ့လမ်းမှာ တည်ရှိပြီး လားရှိုးမြို့နဲ့ မိုင် ၂၀ခန့် ကွာဝေးတာဖြစ်ပါတယ်။"

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကတော့ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လားရှိုးမြို့မှာ မိသားစုဝင် ၆ဦး သေဆုံခဲ့ကြောင်း နဲ့ နမ့်ပေါင်မှာလည်း လက်နက်ကြီး ထိမှန်တာကြောင့် အမျိုးသမီး တဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသား၂ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အကြမ်းဖက် သောင်းကျန်းသူတွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာကြောင့် လားရှိုးမြို့ ရပ်ကွက်၁၊ နယ်မြေ၃ သာယာလမ်းပေါ်က အိမ်တအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကလေး ၃ဦး အပါအဝင် ၆ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ပါတယ်။

လောလောဆယ်မှာတော့ လားရှိုးမြို့ လေဆိပ်ကို ပိတ်ထားပြီး လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းထားသလို လားရှိုး- မန္တလေး ယာဉ်အသွားအလာတွေလည်း ပိတ်ထားကြောင်း နဲ့ စစ်ကောင်စီတပ်စခန်းဝန်းကျင်က ပြည်သူတွေကတော့ အခြား ဝေးရာကို ပြောင်းရွှေ့နေကြောင်းဒေသခံတွေက ပြောပါတယ်။

လားရှိုးအဝင်အထွက်လမ်းတွေ အကုန်ပိတ်နေတာကြောင့် အခြားဒေသတွေကို တိမ်းရှောင်တာတော့ မရှိကြောင်းနဲ့ ညနေ ၃နာရီကျော်အချိန်ထိ လားရှိုးမြို့ဝန်းကျင်မှာ လေယာဉ်တွေ ပျံဝဲနေတာ ရှိသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေတာရှိကြောင်း လည်း ပြောပြခဲ့ကြပါတယ်။

ဒီနေ့ လားရှိုးတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ MNDAA ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လားရှိုးတိုက်ပွဲဖြစ်စဉ်ကို MNDAA ကိုသာ မေးမြန်းဖို့ပြောဆိုပြီး နောင်ချိုနဲ့ မိုးမိတ်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း အခုလို ပြောပါတယ်။

“ လားရှိုးမြို့ တိုက်ပွဲအခြေအနေကိုတော့ MNDAA ကိုပဲ ဆက်သွယ်မေးမြန်းပါလေ နော။ လက်ရှိ ကျမ ပြောနိုင်တာက လက်ရှိ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေသည် ၁၀၂၇ရဲ့ အပိုင်း (၂) ဖြစ်ပါတယ်။ ဒီနေ့ တိုက်ပွဲသတင်းမှာဆိုရင်တော့ နောင်ချိုမှာ ရှိတဲ့ စကစရဲ့ဒုံးတပ်ရင်း ၆၀၆မှာတော့ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးရင် မိုးမိတ်ဘက်မှာဆိုရင် ညောင်နီကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျောက်မဲကတော့ တိုက်ပွဲသတင်း တက်လာတာ မတွေ့ရသေးဘူး။”

မိုးကုတ်မြို့မှာတော့ ဒီလ ၂၅ရက်နေ့ကစတင်တိုက်ပွဲပြင်းထန်ပြီး မိုးကုတ်အနောက်ပိုင်းကို TNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီရက်ပိုင်းမှာတော့ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF တွေအကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သပိတ်ကျဉ်းမြို့နယ် လိပ်ကျရွာမှာ မော်တော်ယာဉ်ကြီး ငယ် ၈၀၀ ကျော်နဲ့ မိုးကုတ်က မန္တလေးကို တိမ်းရှောင်သူတွေ အပါအဝင် ခရီးသည် ထောင်နဲ့ချီ ပိတ်မိနေပါတယ်။

MNDAA၊ TNLA နဲ့ AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဟာ ၂၀၂၃ခုနှစ်အောက်တိုဘာလမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရှမ်းမြောက်ဒေသက မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေ ရာနဲ့ချီ သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ ဒီလ ၂၅ရက်နေ့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအပိုင်း အဖြစ် ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG