သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြား အရပ်သား သေဆုံးမှုတွေတိုး 


၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး နောင်ချိုမြို့ အပျက်အစီးများကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး နောင်ချိုမြို့ အပျက်အစီးများကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၄)

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA တအန်းတပ်ဖွဲ့ကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး တပတ်တာကာလအတွင်း အရပ်သား သေဆုံးသူ
အနည်းဆုံး ၁ ဒါဇင်ကျော်ကနေ ၂ ဒါဇင်ကျော် ရှိကြောင်း သတင်းထုတ်ပြန်ထားတာပါ။ ရှမ်းပြည်မြောက်ပိုင်းက နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေအကြား ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း မြို့နယ် ၄ ခုမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့ဆို ရက်သတ္တ တပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ဗုံးနဲ့လက်နက်ကြီး၊လက်နက်ငယ် ထိမှန်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ရတာတွေ ရှိနေသလို တနင်္လာနေ့ကဆိုရင် ကျောက်မဲမြို့မှာ အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ ညနေပိုင်းက ၃ယောက်သေတယ်။ မနေ့က ၃ယောက်သေတယ်။ ယောက်ျားလေး ၂ယောက်၊ မိန်းကလေး ၁ယောက်။ တချို့ကလည်း ကျည်ဆံထိတာပေါ့။ တချို့ကလည်း လက်နက်ကြီး ထိတယ်လို့ ပြောတာ။ ဒါပေမဲ့ လက်နက်ကြီး အရာတော့ မတွေ့ဘူး။”

ကျောက်မဲမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေရာမှာ မကြာခဏ လက်နက်ကြီးသံတွေ ကြားနေရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေက သီပေါမြို့ စံဖိတ်ရပ်ကွက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၅ယောက်ထိခိုက်ရာမှာ ၂ယောက်က ဒဏ်ရာ ပြင်းထန်တာကြောင့် ဒီကနေ့ မနက်မှာ လားရှိုးဆေးရုံကို ပို့ဆောင်ထားကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။ ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ကောက်ယူစုဆောင်းနေတဲ့ တအန်းအမျိုးသမီးအဖွဲ့ TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လက်ရှိ တိုက်ပွဲ တပတ်တာကာလအတွင်း အနည်းဆုံး အရပ်သား ၁၄ယောက် သေဆုံးခဲ့ကြောင်း အခုလို ပြောပါတယ်။

“ ကျွန်မတို့ စာရင်းအရပေါ့နော်။ မနေ့ တနေ့အထိပေါ့။ မနေ့ရယ်၊ ဒီနေ့ရယ်တော့ ပြန်ပြီးတော့ Update ထားတာတော့ မရှိသေးဘူးပေါ့နော်။ ဆိုတော့ ဟိုးတနေ့တုန်းက ရထားတဲ့ စာရင်းအရ ဆိုရင်တော့ အရပ်သား သေဆုံးတဲ့ဟာက စုစုပေါင်း ၁၄ဦး ရှိတယ်။ ဒဏ်ရာရတဲ့သူကတော့ ၁၆ယောက် အထက်တော့ ရှိတယ် ပေါ့နော်။ ဒီသေဆုံးတဲ့စာရင်းရော၊ ဒဏ်ရာရတဲ့စာရင်းရော အဲဒီထက်တော့ ပိုတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်မတို့ စာရင်းအတိအကျ မရသေးတဲ့ အပိုင်းတွေတော့ ရှိနေတယ်။”

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး ဒေသခံတချို့သေဆုံးထိခိုက် ခဲ့ကြောင်း TNLA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၁၊ ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး ဒေသခံတချို့သေဆုံးထိခိုက် ခဲ့ကြောင်း TNLA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၁၊ ၂၀၂၄)

ဒီ စာရင်းမှာ တနင်္လာနေ့ ကျောက်မဲမြို့မှာ သေဆုံးတဲ့ ၃ယောက် မပါဝင်သေးပါဘူး။ သောကြာနေ့က သေဆုံးသူ ၆ဦးနဲ့ ဒဏ်ရာရသူ ၁၀ဦးကျော် စာရင်းရရှိထားကြောင်း နဲ့ အခြားဒေသထက် ကျောက်မဲမြို့မှာ အထိအခိုက်အသေအဆုံးပိုများနေကြောင်း TWO က ပြောဆိုထားတာပါ။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကတော့ တပတ်တာ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ ၂၅ကျော်၊ ဒဏ်ရာရသူ ၃၀ကျော်နဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀၀ (တသောင်း)ကျော် ရှိကြောင်း ပြောပါတယ်။

“ ကျွန်မတို့ မှတ်ထားတဲ့ ဒီ စုဆောင်းထားတဲ့ စာရင်းအရဆိုရင် ဒီတပတ်တာအတွင်းမှာ အရပ်သားက ၂၅ ယောက် ကျော်ကျော် သေဆုံးပြီးတော့မှ ၃၀ကျော်က ထိခိုက် ဒဏ်ရာရတယ်။ ပြီးရင် ဒုက္ခသည် တသောင်း ကျော်ကျော်တော့ နေရပ်စွန့်ခွာပြီးတော့မှ ဒုက္ခသည်အဖြစ် တည်ရှိနေတာကို တွေ့ရတယ်။”

ဒီကနေ့မှာလည်း ရှမ်းမြောက်ဒေသက နောင်ချိုရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ ကျောက်မဲက ခမရ ၅၀၁၊ ၅၀၂၊ နဲ့ မိုးမိတ် ရဲစခန်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်းနဲ့ မိုးကုတ်ဘက်ကတော့ သတင်းမရသေးကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ၅ လကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲတွေ အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် အရပ်သားတွေ လုံခြုံရေး စိုးရိမ်ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (OCHA) ကလည်း ဒီသီတင်းပတ်ထဲမှာပဲ သတိပေးထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြား အရပ်သား သေဆုံးမှုတွေတိုး 
please wait

No media source currently available

0:00 0:02:50 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG