သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေသေဆုံးနေတဲ့ ကျောက်မဲ၊ နောက်ချို၊ မိုးကုတ်တိုက်ပွဲများ


PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦတခု
PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦတခု

ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်စနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှုတွေလည်း ရှိနေပါတယ်။ လက်ရှိအချိန်အထိ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ရှမ်းမြောက် တိုက်ပွဲသတင်း နောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။

တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက TNLA တအာင်းအဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ ကို ဇွန်လ ၂၅ ရက်နေ့ထဲက ပြန်စနေတာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ၄ ရက် ရှိသွားပြီဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံတွေသေဆုံးနေတာမှာ ကျောက်မဲမြို့မှာ သေဆုံးသူ ၂၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေက ကြာသပတေးနေ့နံနက်ပိုင်းက စုပေါင်းသင်္ဂြိုလ်ပေးခဲ့ ရပါတယ်။ သေဆုံးသူအများစုဟာ အရပ်ဝတ်တွေနဲ့ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ကျောက်မဲဒေသခံ တဦးကတော့ အရပ်သားတွေအပြင်၊ ရဲနဲ့ စစ်သားတွေ ပါဝင်တယ်လို့ သိရကြောင်း VOA ကို အခုလို ပြောပါတယ်။

“မနေ့က လူမှုရေးအသင်းက သင်္ဂြိုလ်တာ ၂၁ လောင်းက ခပ်များများကတော့ ရဲတွေ ပါမယ်။ ပြီးတော့ စစ်သားလည်း ပါမှာပေါ့။ အရပ်သားကတော့ ထိခိုက်သေဆုံးမှုလည်း ရှိတယ်။ ဒါပေမဲ့ ဟို သာမန်သေဆုံးမှုလည်း ပါတာပေါ့။ ဘာဖြစ်လဲဆိုတော့ တမြန်မနေ့က မသင်္ဂြိုလ်လိုက်ရတော့ မနေ့ကမှ စုပေါင်း သင်္ဂြိုလ်ရတာပေါ့။"

ဒေသတွင်းက လူအခွင့်အရေးဆိုင်ရာ သတင်းတွေကို အချက်အလက် ကောက်ယူစုဆောင်းနေတဲ့ တအန်းအမျိုးသမီးအဖွဲ့ TWO ရဲ့ ပြောခွင့်ရသူကတော့ မနေ့က သင်္ဂြိုလ်လိုက်သူတွေထဲမှာ အရပ်သားနဲ့ စစ်သား ရောထွေးမှုရှိတယ်လို့ သိရကြောင်း ပြောပါတယ်။

“ ဒီအယောက် ၂၀ကျော်ထဲမှာ နည်းနည်း ရောထွေးနေတဲ့ဟာတွေရှိတယ်။ တချို့ကျတော့လည်း တိတိကျကျ အတည်မပြုနိုင်တဲ့ဟာတွေ ရှိတယ်။ တချို့က ပြောတာက သူတို့ကတော့ စစ်သားတွေပေါ့နော်။ စကစ ဘက်က လူတွေဖြစ်တယ်။ ဒါပေမဲ့ အရပ်ဝတ် ဝတ်တယ်။ တချို့ကျတော့လည်း အရပ်သားတွေ ဖြစ်တယ်။ အရပ်သားနဲ့ စစ်သားတွေက နည်းနည်း ရောထွေးနေတဲ့ အပိုင်း ဖြစ်သွားတဲ့အခါကျတော့ တိတိကျကျ အတည်မပြုနိုင်သေးတဲ့ အပိုင်းမှာပဲ ရှိတယ်။ ”

PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦတခု
PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦတခု

လောလောဆည်ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာ ကျောက်မဲမှာ အရပ်သားထိခိုက်မှုအများဆုံးဖြစ်ပြီး အတည်ပြုထားတဲ့ စာရင်းအရ ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆက်ပြောပါတယ်။

“ဒေသခံ သေဆုံးတာတွေ ဒဏ်ရာရတဲ့ဟာတွေက ကျောက်မဲမှာ တခြားနယ်တွေထက် ပိုများနေတာတော့ တွေ့ ရတာပေါ့နော်။ ဟုတ် ကျမတို့ ရထားသလောက်ဆိုရင်တော့ သေဆုံးတဲ့ ဒေသခံကတော့ ၆ ဦးရှိတယ်။ ဒီဒဏ်ရာရတဲ့သူတွေက ၁၀ဦးထက် မကတော့ဘူးပေါ့။ တချို့ကျတော့လည်း ဒီအလောင်းတော့ ကောက်ရတယ်။ တွေ့ရတယ်။ ဒါပေမဲ့ သိပ်မသဲကွဲတဲ့ အပိုင်းတွေရှိနေတယ်။ တချို့က ဒေသခံလိုလို၊ စစ်သားဘက်ကလိုလို ဖြစ်နေတဲ့အခါကျတော့ တိတိကျကျတော့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ဒေသခံ ဘက်မှာဆိုရင်တော့ သေဆုံးတာတော့ ၆ ဦးရှိတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း ၁၀ယောက် အထက်တော့ ရှိနေတယ်ပေါ့နော်။ ”

မိုးကုတ်တိုက်ပွဲအတွင်းမှာတော့ အရပ်သားသေဆုံးတာ အနည်းဆုံး ၄ ဦးရှိကြောင်း မိုးကုတ်ဒေသခံတွေက ပြောပါတယ်။ နောင်ချိုမြို့မှာတော့ အရပ်သား ၂ ဦး သေဆုံးပြီး တဦး ထိခိုက်ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ အရပ်သားတွေ အကူအညီပေးရေးနဲ့ပတ်သက်ပြီး သူတို့ ဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ ဒီကိစ္စတွေကတော့ လက်ရှိ တိုက်ပွဲကာလအတွင်းမှာတော့ အများကြီးတော့ မလုပ်ပေးနိုင်သေးပေမဲ့လည်း ဒီ နီးစပ်ရာ ပရဟိတအသင်းတွေ ကူညီပေးတာမျိုးပေါ့နော်။ နောက်တခု ဒီ ကျမတို့ဘက် ရောက်လာပြီဆို သူတို့ရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးတာမျိုး အဲလိုမျိုး ကျမတို့ လုပ်ဆောင်တဲ့အပိုင်းတွေ ရှိပါတယ်။ တကယ်လို့ နောက်ပိုင်းတိုက်ပွဲပြီးသွားရင်တော့ သူတို့ကို ပြန်လည်ထူထောင်ရေးတော့ ကျမတို့ လုပ်ပေးတာလည်း ရှိပါတယ်။”

ဒီကနေ့မှာလည်း နောင်ချိုမြို့နယ်အခြေစိုက် အမှတ် ၆၀၆ ဒုံးတပ်ရင်းမှာ တိုက်ပွဲပြင်းထန်နေသလို ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂တပ်ရင်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်းလည်း TNLA ပြောခွင့်ရက ဆက်ပြောပါတယ်။

“ နောင်ချိုဘက်မှာတော့ စစ်ကောင်စီရဲ့ ၆၀၆မှာတော့တိုက်ပွဲပြင်းထန်နေတယ်။ မနေ့ည ၇နာရီ ဝန်းကျင်မှာတော့ စစ်ကောင်စီရဲ့ ခမရ ၁၁၄ စခန်းကိုတော့ ကျမတို့ သိမ်းပိုက်နိုင်တာမျိုးတွေ ရှိတယ်။ ကျောက်မဲမှာတော့ အစောပိုင်းမှာဆိုရင် ဒီ စစ်ကောင်စီရဲ့ ၅၀၁၊ ၅၀၂ စခန်းဘက်မှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။ မိုးကုတ်ဘက်မှာတော့ တိုက်ပွဲသတင်းတက်လာတာ မတွေ့ရသေးဘူး ဒီနေ့။”

မိုးကုတ်မြို့ ကျပ်ပြင်ဘက်မှာ စစ်ကောင်စီ တပ်စခန်းချထားတဲ့ ရွှေမြင်ဝင်းတောင်ကို TNLA ပူးပေါင်းတပ်တွေက ဝိုင်းရံတိုက်ခိုက်နေတယ်လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။ ဒီနေ့နေ့လည်ပိုင်းအထိတော့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ မရှိဘူးလို့လည်း ပြောပြပါတယ်။

TNLA က သတ်မှတ်ထားတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲအတွင်း ဒီကနေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း ၂၇ ခုကို သိမ်းယူထားကြောင်းနဲ့ နောင်ချိုအခြေစိုက် ခမရ ၁၁၅ တပ်စခန်းကနေ ၂၇ ရက်နေ့က လက်နက်မျိုးစုံ ၄၀၀ နီးပါးသိမ်းဆည်းရခဲ့ကြောင်းနဲ့ နောင်ချိုရဲစခန်းကနေလည်း မူးယစ်ဆေးနဲ့ စိတ်ကြွဆေးပြား အများအပြား သိမ်းဆည်းရမိကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG